COVID-19 ကြောင့် လက်ရှိတွင် ပြည်ပသို့ ဆန်တင်ပို့ရောင်းချမှု လျော့ကျလာသဖြင့် ဝယ်လိုအားမြင့်မားသည့် နိုင်ငံများသို့ တန်ဖိုးမြင့်ဆန်များ တင်ပို့နိုင်ရေး အဓိက ဆောင်ရွက်ရန် UMFCCI ဥက္ကဋ္ဌ တိုက်တွန်း

COVID-19 ကြောင့် လက်ရှိတွင် ပြည်ပသို့ ဆန်တင်ပို့ရောင်းချမှု လျော့ကျလာသဖြင့် ဝယ်လိုအားမြင့်မားသည့် နိုင်ငံများသို့ တန်ဖိုးမြင့်ဆန်များ တင်ပို့နိုင်ရေး အဓိက ဆောင်ရွက်ရန် UMFCCI ဥက္ကဋ္ဌ တိုက်တွန်း
ရန်ကုန်မြို့ရှိ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချ ပြုလုပ်နေမှုကိုတွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်မြို့ရှိ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချ ပြုလုပ်နေမှုကိုတွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 26 December 2020
 ဇေယျာငြိမ်း

COVID-19 ကြောင့် လက်ရှိတွင် ပြည်ပသို့ ဆန်တင်ပို့ရောင်းချမှု လျော့ကျလာသဖြင့် နိုင်ငံခြားဝင်ငွေ ရရှိရေးအတွက် ဝယ်လိုအားမြင့်မားသည့် နိုင်ငံများသို့ တန်ဖိုးမြင့်ဆန်များ တင်ပို့နိုင်ရေးကို အဓိက ဆောင်ရွက်ရန် ဆန်စပါးအသင်းချုပ်ကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက တိုက်တွန်းပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၆ ရက်က Online Virtual Meeting ဖြင့် ကျင်ပပြုလုပ်သည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေ ညီလာခံနှင့် နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ယခုနှစ်အတွင်း ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် သယ်ယူပို့ဆောင်မှု အခက်အခဲတွေ၊ ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုတွေ၊ ဆန်စပါးစျေးနှုန်းတွေ တည်ငြိမ်မှု မရှိခြင်းတို့ကြောင့်လည်း ဆန်တင်ပို့မှု ရောင်းချမှုမှာ အားနည်း၊ လျော့နည်း၊ လျော့ကျလာတာကိုလည်း တွေ့ရှိနေရပါတယ်။ ရှေ့ဆက်လက်ပြီးလည်း ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံခြားဝင်ငွေများ ရရှိရေးအတွက် ဆန်စပါးအသင်းချုပ်အနေဖြင့် ပြည်ပမှ ဝယ်လိုအားရှိတဲ့ နိုင်ငံတွေနဲ့ ဆက်သွယ်ပြီး ဆက်လက်ပြီး တန်ဖိုးမြင့်ဆန်များ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းပြောကြားလိုပါတယ်” ဟု UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

လက်ရှိဘဏ္ဍာနှစ် တစ်လခွဲခန့်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုသည် ယ ခင်နှစ်ကာလတူထက် တင်ပို့မှု တန်ချိန် ၁၇၀၀၀၀ ကျော်လျော့ကျခဲ့သဖြင့် ဝင်ငွေ ဒေါ်လာသန်း ၃၀ ကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ တစ်လခွဲခန့်တွင် ပြည်ပသို့ ဆန်နှင့် ဆန်တန်ချိန် စုစုပေါင်း ၂၂၆၅၃၇ တန် တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၈၇ ဒသမ ၁၈၄ သန်းရရှိထားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် တစ်လခွဲခန့်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ စုစုပေါင်း တင်ပို့မှုသည် ယခင်နှစ် ကာလတူထက် တနချိန် ၁၇၁၈၉၁ တန် တင်ပို့မှု လျော့ကျခဲ့သဖြင့် ဝင်ငွေဒေါ်လာ ၃၁ ဒသမ ၂၅၃ သန်းအထိ လျော့ကျခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅၈၅ သန်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၇၉၄ ဒသမ ၃၈၈ သန်းရရှိထားသည်။ ယခင်နှစ် ကာလတူတွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၃၅၅  သန်းတင်ပို့မှုမှ ဒေါ်လာ ၇၀၉ ဒသမ  ၆၉၄ သန်းရရှိခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှု စသည့်ကုန်သွယ်ရေး လမ်းကြောင်း နှစ်ခုလုံးဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။ တရုတ်၊ ဥရောပသမဂ္ဂနိုင်ငံများ (အီးယူ) နှင့် အာဖရိကနိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ ဆန်များရောင်းချပေးရန် တချို့နိုင်ငံများက ကမ်းလှမ်းမှုများရှှိကြောင်းနှင့် အခက်အခဲကြုံတွေ့ရသည့် နိုင်ငံအပေါ် သင့်တင့်သည့်စျေးနှုန်းနှင့် အရည်အသွေးရှိသည့် ဆန်များ ရောင်းချပေးစေလိုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားထားသည်။

 

Most Read

Most Recent