မြန်မာ-တရုတ် နယ်စပ်တွင် Banking System ဖြင့် တရားဝင်ကုန်သွယ်မှု ပြုလုပ်နိုင်ရေးနှင့် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်-ကျိန်စန်းကျော့ အသွားအပြန်လမ်းဖောက်လုပ်ရေး တရုတ်နှင့် ညှိနှိုင်းလျက်ရှိ

မြန်မာ-တရုတ် နယ်စပ်တွင် Banking System ဖြင့် တရားဝင်ကုန်သွယ်မှု ပြုလုပ်နိုင်ရေးနှင့် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်-ကျိန်စန်းကျော့ အသွားအပြန်လမ်းဖောက်လုပ်ရေး တရုတ်နှင့် ညှိနှိုင်းလျက်ရှိ
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်သို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်များကိုတွေ့ရစဉ် (ဓာတ်ပုံ-ပြည့်စုံ)
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်သို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်များကိုတွေ့ရစဉ် (ဓာတ်ပုံ-ပြည့်စုံ)
Published 25 December 2020

မြန်မာ-တရုတ်နယ်စပ်တွင် Banking System ဖြင့် တရားဝင်ကုန်သွယ်မှုပြုလုပ်နိုင်ရေးနှင့် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်-ကျိန်စန်းကျော့ အသွားအပြန်လမ်း ဖောက်လုပ်ရေး တရုတ်နိုင်ငံနှင့် ညှိနှိုင်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြောင်းသီးနှံအပါအဝင် မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းများ ပိုမိုတင်ပို့နိုင်ရေး ပိုးမွှားကင်းရှင်းမှုဆိုင်ရာ သဘောတူညီချက် (SPS Protocol) ကို ၂၀၂၁ ခုနှစ် ပထမခြောက်လအတွင်း လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး cဝန်ကြီးဌာနမှ သိရသည်။

 (၁၅) ကြိမ်မြောက် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ (JBTCCC) အစည်းအဝေးတွင် အဆိုပါ သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးခဲ့ကြသည်။

ကုန်သွယ်မှုကဏ္ဍအနေဖြင့် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်များ၊ သစ်သီးဝလံ၊ ဥယျာဉ်ခြံထွက်ပစ္စည်းများကို  တရုတ်စျေးကွက်သို့ ပိုမိုအဆင်ပြေစွာ တင်ပို့နိုင်ရေး၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု ကဏ္ဍအနေဖြင့် ကုန်တင်ယာဉ်နှင့် လူဝင်/လူထွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ကုန်ပစ္စည်းစစ်ဆေးမှု ဆိုင်ရာကိစ္စရပ်များကို မြန်မာဘက်မှ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Mr.Zhoa Ruigin တို့က ဆွေးနွေးခဲ့ကြသည်။     

ထို့ပြင် Banking System ဖြင့် တရားဝင်ကုန်သွယ်မှု ပြုလုပ်နိုင်ရေး၊ မူဝါဒအပြောင်းအလဲများအတွက် ကြိုတင်အသိပေးရေး၊ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်-ကျိန်စန်းကျော့ အသွားအပြန်လမ်း ဖောက်လုပ်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည့် ပြောင်းသီးနှံအပါအဝင် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများ ပိုမိုမြန်ဆန်စွာ တင်ပို့နိုင်ရေးအတွက် ပိုးမွှားကင်းရှင်းမှုဆိုင်ရာ သဘောတူညီချက်များ အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရေး၊ မပြီးပြတ်သေးသည့် လုပ်ငန်းစဉ်များကို ၂၀၂၁ ခုနှစ် ပထမခြောက်လအတွင်း ပြီးပြတ်အောင် ဆောင်ရွက်သွားကြရေး၊ ကုန်စည်စီးဆင်းမှု လွယ်ကူစေရေးနှင့် ဆောင်းရာသီ သစ်သီးဝလံကား  ပိုများလာမည်ဖြစ်သည့်အတွက် ယာဉ်ကြောကျပ်တည်းမှုများ မရှိစေရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ မြန်မာ့ပို့ကုန်ပစ္စည်းများ ခိုင်မာသောစျေးကွက်ရရှိရေးအတွက် အရည်အသွေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံဘက်မှ MITS နှင့် တရုတ်နိုင်ငံမှ CCIC တို့ လုပ်ငန်းအကျိုးတူ ပူးပေါင်းနိုင်မည့် နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးရေး စသည်တို့ကိုပါ ဆွေးနွေးလျက်ရှိသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ  မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂ သမ ၁၂၆ ဘီလျံကျော်ရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆ ဒသမ ၇၂၄ ဘီလျံကျော် တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာအထိ မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂၁၂၆ ဒသမ ၂၇၈ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု တန်ဖိုး ဒေါ်လာ ၅၄၀၁ ဒသမ ၉၄၃ သန်းရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆၇၂၄ ဒသမ ၃၃၅ သန်း တင်သွင်းထားသည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် Business Center များ အပြန်အလှန် တည်ထောင်ဖွင့်လှစ်၍ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာ-တရုတ်နယ်စပ် ပူးပေါင်းဆောင်ရွက်ရေးဇုန်သုံးခုအနက် ကနဦးစီမံကိန်း (Pilot Project) အဖြစ် မူဆယ်-ရွှေလီဇုန်အပိုင်းကို စတင်ဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်း အောင်မြင်ဖြစ်ထွန်းမှုအပေါ် မူတည်၍ ကျန်ဇုန်နှစ်ခုကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောကြားသည်။

Most Read

Most Recent