ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးစာချုပ် RCEP အကောင်အထည် ဖော်နိုင်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ညှိနှိုင်းလျက်ရှိ

ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးစာချုပ် RCEP အကောင်အထည် ဖော်နိုင်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ညှိနှိုင်းလျက်ရှိ
RCEP သဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်များကို ပုဂ္ဂလိကကဏ္ဍသို့ ရှင်းလင်းဆွေးနွေးစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှု အသင်းချုပ်)
RCEP သဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်များကို ပုဂ္ဂလိကကဏ္ဍသို့ ရှင်းလင်းဆွေးနွေးစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှု အသင်းချုပ်)
Published 25 December 2020

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၅ ရက်တွင် အဖွဲ့ဝင် ၁၅ နိုင်ငံမှ RCEP စီးပွားရေးဝန်ကြီးများမှ နိုင်ငံခေါင်းဆောင်များရှေ့တွင် သဘောတူလက်မှတ် ရေးထိုးခဲ့ကြသော ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး စာချုပ်ဖြစ်သည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) သဘောတူစာချုပ်အား အကောင်အထည် ဖော်နိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ ညှိနှိုင်းလျက်ရှိကြောင်း ကုန်သည်စက်မှု အသင်းချုပ်မှ သိရသည်။

ဒီဇင်ဘာ ၂၃ ရက်က ကျင်းပသည့် RCEP သဘောတူစာချုပ်အား ပဏာမတင်ပြ ဆွေးနွေးခြင်းနှင့် ယင်းသဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်များကို ပုဂ္ဂလိကကဏ္ဍသို့ ရှင်းလင်းဆွေးနွေးခြင်း အစီအစဉ်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်မှ ရှင်းလင်းဆွေးနွေးခဲ့ကာ ကုန်သည်စက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌများနှင့် တွဲဖက်အထွေထွေ အတွင်းရေးမှူးမှ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

RCEP သည် အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံနှင့် ဆွေးနွေးဖက် ခြောက်နိုင်ငံဖြစ်သော သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန်နိုင်ငံတို့အကြား ဆွေးနွေးညှိနှိုင်းလျက်ရှိသော ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) သဘောတူစာချုပ် တစ်ခုဖြစ်ပြီး ဆွေးနွေးညှိနှိုင်းမှုများကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

RCEP သည် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီးပါးရှိပြီး ကမ္ဘာ့စီးပွားရေး၏ ၄၂ ဒသမ ၂ ရာခိုင်နှုန်း၊ ကမ္ဘာ့ကုန်သွယ်မှု၏ ၂၉ ဒသမ ၁ ရာခိုင်နှုန်းနှင့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ ၃၂ ဒသမ ၅ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့်အတွက် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး အုပ်စုကြီးများတွင် တစ်ခုအပါအဝင် ဖြစ်လာရန် မျှော်မှန်းထားသည်။

မြန်မာနိုင်ငံက အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျနှင့် နယူးဇီလန်တို့ ပါဝင်သည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) တွင် ပါဝင်ခြင်းဖြင့် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်ရှိသော စျေးကွက်သို့ မြန်မာ့ပို့ကုန်များကို အကောက်ခွန် ကင်းလွတ်သက်သာခွင့်ဖြင့် တိုးမြှင့်တင်ပို့နိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

RCEP ကို လက်ရှိအာဆီယံက ပါဝင်ဆောင်ရွက်လျက်ရှိသည့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူ စာချုပ်များထက် ပိုမိုခေတ်မီပြီး ပြည့်စုံ၍ အရည်အသွေးမြင့်မားကာ အပြန်အလှန် အကျိုးရှိစေမည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ်တစ်ခုဖြစ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံက ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) တွင် ပါဝင်ခြင်းဖြင့် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်ရှိသော စျေးကွက်သို့ မြန်မာ့ပို့ကုန်များ အကောက်ခွန် ကင်းလွတ်သက်သာခွင့်ဖြင့် တိုးမြှင့်တင်ပို့နိုင်မည့် အခွင့်အလမ်းများ ရရှိမည့်အပြင် အဆိုပါ စာချုပ်တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခန်းကဏ္ဍလည်း ပါဝင်သဖြင့် မြန်မာနိုင်ငံအတွင်းသို့ စာချုပ်ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent