မွန်ပြည်နယ် အထူးစီးပွားရေးဇုန်အသစ် ထူထောင်ရေးတွင် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ ပါဝင်ဆောင်ရွက်မည်

မွန်ပြည်နယ် အထူးစီးပွားရေးဇုန်အသစ် ထူထောင်ရေးတွင် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ ပါဝင်ဆောင်ရွက်မည်
Myanmar Investment Environment Update Webinar အခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ - MIFER)
Myanmar Investment Environment Update Webinar အခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ - MIFER)
Published 24 December 2020

မြန်မာနိုင်ငံအနေဖြင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် မွန်ပြည်နယ် အထူးစီးပွားရေးဇုန်အသစ် ထူထောင်ရေး ကိစ္စရပ်တွင် ပါဝင်ဆောင်ရွက်မည့် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကို ကြိုဆိုကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန (MIFER)၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ ကူညီပံ့ပိုးမှု၊ အာဆီယံ-ဂျပန် စင်တာနှင့် မြန်မာသံရုံး(တိုကျိုမြို့) တို့ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် Myanmar Investment Environment Update Webinar ကို ဒီဇင်ဘာ ၂၃ ရက်က Virtual စနစ်ဖြင့် ကျင်းပခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“မကြာသေးမီက ဆောင်ရွက်ခဲ့တဲ့ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ ၂၀၂၁ ခုနှစ်တွင် စီးပွားရေး ပြန်လည်ထူထောင်ရေး အလားအလာများ၊ ဖြစ်နိုင်ခြေရှိသော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အလမ်းများ လေ့လာသုံးသပ်ပြီး မြန်မာနိုင်ငံ၏ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) ကို လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် အရေးပါသည့် စက်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနဲ့ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တ့့ံ ခိုင်မြဲစေရေးတို့တွင် ဂျပန်နိုင်ငံ၏ ပူးပေါင်းပါဝင်မှုကဏ္ဍ အရေးကြီးမှုကို နိုင်ငံတော်အစိုးရ အနေဖြင့် အသိအမှတ်ပြုကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်မည့်  ဂျပန်နိုင်ငံ၏ ကတိကဝတ်များနှင့် မြန်မာနိုင်ငံအနေဖြင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် မွန်ပြည်နယ် အထူးစီးပွားရေးဇုန်အသစ် ထူထောင်ရေး ကိစ္စရပ်တွင် ပါဝင်ဆောင်ရွက်မည့် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများကို ကြိုဆိုပါတယ်” ဟု ၎င်းကဆိုသည်။

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်က မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းတို့တွင် အလားအလာကောင်းများ ရှိနေကြောင်း၊ နိုင်ငံလူဦးရေ၏ ရာခိုင်နှုန်း ၇၀ ကျော်မှ ကျေးလက်ဒေသတွင် နေထိုင်ကြသည့်အတွက် စိုက်ပျိုးရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံခြင်းသည် ရင်းနှီးမြှုပ်နှံသူများ အတွက် အခွင့်အလမ်း တစ်ခုဖြစ်ကြောင်း ပြောကြားသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ Chief Representative ဖြစ်သူ Mr.Noriji Sakakura က “JICA’s Current and Future Programs in Myanmar” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ၊ ငွေကြေးထောက်ပံ့ရေးဆိုင်ရာ ကိစ္စရပ်များ၊ ချေးငွေအကူအညီ ပေးရေးဆိုင်ရာ ကိစ္စရပ်များ စသည်တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာ-ထိုင်း-ဂျပန် ပူးပေါင်း အကောင်အထည်ဖော်ရေး ကိစ္စအတွက် ရှေ့လုပ်ငန်းစဉ်များ၊ ကနဦး စီးပွားရေးဇုန် စီမံကိန်းအတွက် ရှေ့ဆက်လက် ဆောင်ရွက်မည့် အခြေအနေများ၊ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီများမှ တင်ပြလာမှုများ၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း တည်ဆောက်ရန် လျာထားသည့် ၂၃၀ ကေဗွီ လျှပ်စစ်ဓာတ်အားခွဲရုံ မြေနေရာအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ မြေနေရာ အတည်ပြု ပြန်ကြားနိုင်ရေး၊ ထိုင်းနိုင်ငံ NEDA ချေးငွေဖြင့် ဆောင်ရွက်မည့် နှစ်လမ်းသွားကားလမ်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ဂျပန်နိုင်ငံမှ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ဆောင်ရွက်လိုသည့် လေ့လာဆန်းစစ်မှု အခြေအနေများကို ဒီဇင်ဘာလဆန်းက ဆွေးနွေးခဲ့ကြသည်။

Most Read

Most Recent