တိုင်းဒေသကြီးနှစ်ခုရှိ မြို့နယ်အချို့တွင် ပုံမှန်မဟုတ်သည့် မဲစာရင်း တစ်သန်းကျော် စစ်ဆေးတွေ့ရှိထားဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြား

တိုင်းဒေသကြီးနှစ်ခုရှိ မြို့နယ်အချို့တွင် ပုံမှန်မဟုတ်သည့် မဲစာရင်း တစ်သန်းကျော် စစ်ဆေးတွေ့ရှိထားဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြား
Published 24 December 2020
ဉာဏ်လင်းထွန်း

တိုင်းဒေသကြီးနှစ်ခုမှ မြို့နယ်အချို့ကိုသာ စစ်ဆေးနိုင်သေးသော်လည်း ပုံမှန်မဟုတ်သည့် မဲစာရင်း တစ်သန်းကျော် ထွက်ပေါ်လာကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဒီဇင်ဘာ ၂၃ ရက်တွင် ၎င်း၏ Facebook အကောင့်၌ ရေးသားထားသည်။

ယခင်က စစ်ဆေးချိန်မရခဲ့သည့် စာရင်းဇယာများကို ကွန်ပျူတာပညာရှင်များနှင့် ပြန်လည်စစ်ဆေးမှုတွင် ယင်းသို့တွေ့ရှိရခြင်း ဖြစ်သည်ဟု ဦးသန်းဌေးက ဆိုသည်။

“သက်သေခံ မဲစာရင်းပုံစံများ၊ မဲစာရင်းစာအုပ်များ၊ မဲလက်မှတ်များ မပျောက်မပျက် လုံလုံခြုံခြုံရှိနေဖို့တော့ လိုပါလိမ့်မယ်” ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ စစ်မှန်သည့် ပြည်သူအများစု၏ ဆန္ဒဖြစ်ပါက လက်ခံရန်အသင့်ဟု ပြောကြားထားပြီး ပြည်သူ့ဆန္ဒအမှန် မဟုတ်သည့် တရားမဲ့ရယူထားသည့် ရလဒ်ဆိုပါက ဆန့်ကျင်ဘက် အဓိပ္ပာယ် ထွက်မည်ဟု ၎င်း၏ Facebook အကောင့်၌ ရေးသားဖော်ပြသည်။

ဦးသန်းဌေး ယင်းသို့ရေးသားဖော်ပြမှုတွင် နိုင်ငံသားကတ်မှားယွင်းမှု၊ သေဆုံးပြီးသူများ မဲစာရင်းတွင်ပါဝင်မှု၊ မဲစာရင်းတွင် တစ်ကြိမ်မကပါဝင်မှု အပါအဝင် အခြားသော မဲမသမာမှုဟု ယူဆရသော ခေါင်းစဉ်ကွဲများဖြင့် ကိန်းဂဏန်းများ ဖော်ပြသည့် စာရွက်တစ်ခုလည်း ဖော်ပြပါရှိသည်။

သို့သော် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ရေးသားဖော်ပြသည့် ပုံမှန်မဟုတ်သည့် မဲစာရင်း တစ်သန်းကျော်တွင် တိုင်းဒေသကြီးနှင့် မြို့နယ်အမည်များ ဖော်ပြထားခြင်း မရှိပေ။

ပြည်ခိုင်ဖြိုးပါတီသည် ရွေးကောက်ပွဲတွင် မဲမသမာမှု အများအပြား ရှိသည်ဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ရွေးကောက်ပွဲ ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး လက်ရှိအထိ ကန့်ကွက်လွှာအစောင် ၁၀၀ ကျော် တင်သွင်းထားကြောင်း ယင်းပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသောင်းအေးက The Daily Eleven သတင်းစာကို ဒီဇင်ဘာ ၂၄ ရက်က ပြောကြားသည်။

“အဓိကကတော့ တရားမဲ့မှုပေါ့။ မတရားပြုကျင့်မှုတွေကို တိုင်တာပဲ။ အဲဒါတွေနဲ့ ကန့်ကွက်တာပဲ။ အခုမဲလိမ်ထားတာတွေ ရှိတယ်လေ။ မဲလိမ်ထားတာတွေ၊ တရားမဲ့ပြုကျင့်မှုတွေ အဲဒါတွေနဲ့ ကန့်ကွက်တာပေါ့” ဟု ဦးသောင်းအေးက ပြောကြား သည်။

ရွေးကောက်ပွဲ နည်းဥပဒေအရ ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးဦးကိုဖြစ်စေ၊ ယင်းမဲဆန္ဒနယ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိကြောင်း အကြောင်းပြ၍ ကန့်ကွက်လိုလျှင်ဖြစ်စေ ၄၅ ရက်အတွင်း အမှုစရိတ် ကျပ်ငါးသိန်း ပေးသွင်းကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်လွှာ တင်သွင်းနိုင်သည်။

ပြည်ခိုင်ဖြိုးပါတီသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၇၁ ဦး အနိုင်ရခဲ့ပြီး ဒုတိယအများဆုံး အနိုင်ရပါတီ ဖြစ်သော်လည်း ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိသည်ဆိုကာ အဓိကပြိုင်ဘက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ အနိုင်ရ ကိုယ်စားလှယ်များကို ကန့်ကွက်ရန် ပြင်ဆင်လျက်ရှိသည်။

အလားတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီကလည်း ပြည်ခိုင်ဖြိုးပါတီမှ အနိုင်ရ မဲဆန္ဒနယ်အချို့တွင် တရားမဲ့ပြုကျင့်မှုများ ရှိသည်ဆိုကာ ကော်မရှင်ထံ ကန့်ကွက်လွှာ ငါးမှုခန့် တင်သွင်းဖွယ်ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားထားသည်။

“တရားမဲ့ပြုကျင့်မှု မြောက်တယ်ဆိုပြီး သူတို့အထောက်အထားတွေရှိလို့ တင်မှာပေါ့” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ကော်မရှင်ထံ ကန့်ကွက်မည့်အမှုအားလုံးမှာ ပြည်ခိုင်ဖြိုးပါတီမှ အနိုင်ရ ကိုုယ်စားလှယ်များကိုဖြစ်ပြီး မည်သည့် မဲဆန္ဒနယ်များ ဖြစ်သည်ကိုတော့ ၎င်းက ပြောကြားခြင်းမရှိပေ။

 

Most Read

Most Recent