ထရစ်ပီယာသည် ကစားသမားများအနေဖြင့် ဘောလုံးနှင့်ပတ်သက်သည့် လောင်းကစားခွင့် မရှိ (သို့) အချက်အလက်များကို လောင်းကစားပြုလုပ်သူများထံ ထောက်ပံ့ခြင်းမရှိရ ဟူသည့် FA စည်းမျဉ်းကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
အက်သလက်တီကိုအသင်း၏ အင်္ဂလန်နောက်ခံလူ ထရစ်ပီယာသည် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)၏ လောင်းကစားစည်းမျဉ်းကို ချိုးဖောက်ကာ လောင်းကစားမှု ပြုလုပ်ခဲ့သည့်အတွက် ဘောလုံးနှင့်ပတ်သက်ခွင့် (၁၀)ပတ် ပိတ်ပင်ခံခဲ့ရသလို၊ ဒဏ်ငွေ ပေါင် (၇၀၀၀၀) ချမှတ်ခံခဲ့ရကြောင်း သိရှိရသည်။

အသက် (၃၀)နှစ်အရွယ်ရှိ ထရစ်ပီယာသည် ပြီးခဲ့သည့် ယခုနှစ်မေလတွင် လောင်းကစားမှု ကျူးလွန်ကြောင်း FA ၏ စွဲချက်တင်ခြင်းကို ခံခဲ့ရပြီး အောက်တိုဘာလက ကြားနာစစ်ဆေးမှုပြုလုပ်ခဲ့ခြင်းကြောင့် အင်္ဂလန်အသင်း၏ UEFA Nations League ပွဲစဉ်ကို လွဲချော်ခဲ့သည်။
FA ၏ ထုတ် ပြန်ချက်တွင် "အက်သလက်တီကိုနောက်ခံလူ ထရစ်ပီယာသည် ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းက FA စည်းမျဉ်း E(8)(1)(ii) နှင့် E8(1)(b) ပါ အချက်များကို ကျူးလွန်သည်ဆိုသောစွဲချက်(၇)ချက်ကို ငြင်းဆန်ခဲ့ပြီး သီးသန့်စစ်ဆေးပေးရန် တောင်းဆိုခဲ့ကြောင်း၊ ထို့ကြောင့် လွတ်လပ်သောစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ ထရစ်ပီယာ၏ အမှုကိုစစ်ဆေးခဲ့ရာ စွဲချက်(၇)ချက်တွင် (၄)ချက်ကိုကျူးလွန်သည်ဟု သိရှိခဲ့ရကြောင်း၊ ယင်းနောက် စစ်ဆေးရေးအဖွဲ့သည် FA သို့ ၎င်းတို့၏ဆုံးဖြတ်ချက်ကို တင်ပြခဲ့ကြောင်း၊ ယင်းအတွက် ထရစ်ပီယာကို ဘောလုံးနှင့်ပတ်သက်ခွင့် (၁၀) ပတ်ပိတ်ပင်ခဲ့ပြီး ၂၀၂၀ ဒီဇင်ဘာ ၂၃ ရက်မှစတင် အကျုံးဝင်မည်ဖြစ်ကြောင်း"ဖော်ပြပါရှိသည်။

ထရစ်ပီယာသည် ကစားသမားများအနေဖြင့် ဘောလုံးနှင့်ပတ်သက်သည့် လောင်းကစားခွင့် မရှိ (သို့) အချက်အလက်များကို လောင်းကစားပြု လုပ်သူများထံ ထောက်ပံ့ခြင်းမရှိရ ဟူသည့်အချက်ကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ထရစ်ပီယာသည် ဖေဖော်ဝါရီ(၂၈)ရက်နေ့အထိ ပွဲပယ်ခံရမည်ဖြစ်ပြီး လာလီဂါ(၁၁)ပွဲ၊ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်နှင့် စပိန်ဘုရင့်ဖလား၌ အနည်းဆုံး(၁)ပွဲ ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရသည်။















