COVID-19 ကြောင့် Sule Shangri-La ဟိုတယ်မှ ဝန်ထမ်းအင်အားလျှော့ချခဲ့ရပြီး ၄င်းတို့အတွက် အလုပ်အကိုင်အသစ် ရှာဖွေရေးများအား ကူညီပေးသွားမည်

COVID-19 ကြောင့် Sule Shangri-La ဟိုတယ်မှ ဝန်ထမ်းအင်အားလျှော့ချခဲ့ရပြီး ၄င်းတို့အတွက် အလုပ်အကိုင်အသစ် ရှာဖွေရေးများအား ကူညီပေးသွားမည်
Published 22 December 2020
သီဟအောင်၊ မျိုးထက်ပိုင်

COVID-19 ကြောင့် Sule Shangri-La ဟိုတယ်မှ ဝန်ထမ်းအင်အား လျှော့ချခဲ့ပြီး ၄င်းတို့အတွက် အလုပ်အကိုင်အသစ် ရှာဖွေရေးများအား ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၂ ရက်နေ့တွင် Sule Shangri-La ဟိုတယ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဝန်ထမ်းအင်အား မည်မျှလျှော့ချခဲ့သည်နှင့် ပတ်သက်ပြီး The Daily Eleven သတင်းစာက ဟိုတယ်မှ တာဝန်ရှိသူ တစ်ဦးကို ဆက်သွယ်မေးမြန်းရာ “အတိအကျကတော့ ဝန်ထမ်းတွေရဲ့ Privacy ဖြစ်လို့ ပြောလို့မရပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

COVID-19 ကြောင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းမှာ ထိခိုက်လျက်ရှိကြောင်း၊ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစပြီး ဟိုတယ်အနေဖြင့် အတတ်နိုင်ဆုံး ဝန်ထမ်းများကို ဆက်လက် ခန့်ထားရေးအတွက် Cost Management ဆုံးဖြတ်ချက်များအား တောက်လျှောက် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ဖြစ်ပေါ်လာသော စီးပွားရေး အကျိုးသက်ရောက်မှုများ လျော့ပါးသွားစေရန် လစာလျှော့ချခြင်း၊ အလုပ်လုပ်ရက် လျှော့ချခြင်း၊ အလုပ်ခေါ်ယူမှုများ ရပ်ဆိုင်းထားခြင်း၊ မလိုအပ်သော အသုံးစရိတ်များအား လျှော့ချခြင်းစသည့် Cost Management အစီအစဉ်များအား ဦးစွာကျင့်သုံးခဲ့ကြောင်း သိရသည်။

ထို့အတူ ဝန်ထမ်းများအား ရာထူးအလိုက် လစာဖြည့်ပေးခြင်းများအား ပြီးခဲ့သော ရှစ်လအတွင်း ကူညီပံ့ပိုးပေးခဲ့ကြောင်း၊ ဟိုတယ်အနေဖြင့် အကောင်းဆုံး ဆောင်ရွက်လျက် ရှိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဟိုတယ်၏ စီးပွားရေးအပေါ် ဖိအားတစ်ခု ဖြစ်လာကြောင်း သိရသည်။

ထို့ကြောင့် လာမည့် ဘဏ္ဍာရေးနှစ်အတွက် အစီအစဉ်များ ရေးဆွဲရာတွင် ခန့်မှန်းရခက်သော စီးပွားရေး အခြေအနေတွင် ဆက်လက်ရပ်တည်ရန်အတွက် အလုပ်သမားအင်အား ပြန်လည်စမ်းစစ်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း သိရသည်။

လျှော့ချခံရသော ဝန်ထမ်းများအတွက် အစိုးရမှ သတ်မှတ်ထားသော စည်းမျဉ်းများနှင့်အညီ ထောက်ပံ့ လျော်ကြေးငွေများ ပေးအပ်ခြင်း၊ အလုပ်အကိုင်နှင့် ပတ်သတ်သော အကြံဉာဏ်များ ပေးခြင်းနှင့် အလုပ်အကိုင်အသစ် ရှာဖွေရေးများအား ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent