ကုန်ချောတင်ပို့သည့် နိုင်ငံများ၏ စီးပွားရေး ကျဆင်းမှုကြောင့် မြန်မာ့အထည်ချုပ်အတွက် စိန်ခေါ်မှု ပိုများလာ

ကုန်ချောတင်ပို့သည့် နိုင်ငံများ၏ စီးပွားရေး ကျဆင်းမှုကြောင့် မြန်မာ့အထည်ချုပ်အတွက် စိန်ခေါ်မှု ပိုများလာ
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုရှိ အထည်ချုပ်လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုရှိ အထည်ချုပ်လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်
Published 13 December 2020
 နီလာ

  မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းများ၏ အခြေအနေ

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းများ၏ ပို့ကုန်တန်ဖိုးသည် ၂၀၁၂ ခုနှစ်တွင် ဒေါ်လာ သုည ဒသမ ၉ ဘီလျံရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်  ဒေါ်လာ ၅ ဒသမ ၂ ဘီလျံအထိ တိုးမြင့်လာခဲ့သည်။

မြန်မာနိုင်ငံသည် ကုန်ကြမ်းပိုင်းတွင် သွင်းကုန်ကိုသာ အဓိက အားထားနေရပြီး မြန်မာနိုင်ငံ၏ အထည်တင်ပို့သူများတွင် စက်ရုံကြီးများက နိုင်ငံခြားသားပိုင် သို့မဟုတ် ပြည်တွင်းနှင့် ပြည်ပကုမ္ပဏီများအတွက် ပူးတွဲသဘောတူညီချက်ဖြင့် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

ယခင်က တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် အခြားအာရှနိုင်ငံများသို့ အများစုတင်ပို့ခဲ့ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ မြန်မာနိုင်ငံ စုစုပေါင်းအထည်တင်ပို့မှု၏ ၄၈ ရာခိုင်နှုန်းကို ဥရောပနိုင်ငံများသို့ တင်ပို့ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ဂျပန်နိုင်ငံ၊ အီးယူနိုင်ငံများနှင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့လျက် ရှိသည်။

အထည်ချုပ်စက်ရုံ အများစုသည် ပို့ကုန်အားထားသည့် စက်ရုံများဖြစ်ကြပြီး ညှပ်-ချုပ်-ထုပ် (CMP) စနစ်ဖြင့် လုပ်ကိုင်နေကြသည်။ အမှာစာများအတွက် ကုန်ကြမ်းများကို နိုင်ငံခြားက တင်သွင်း၍ ချုပ်လုပ်လျက် ရှိသည်။

“ကုန်ကြမ်းကို တရုတ်နိုင်ငံကနေ ရာခိုင်နှုန်း ၉၀ တင်သွင်းနေတာပါ”ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ဆိုသည်။

၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း စက်ရုံအရေအတွက် များလာခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် စက်ရုံ ၁၅၄ ရုံသာရှိရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၇၂၀ အထိ တိုးမြင့်လာခဲ့သည်။

သို့သော် COVID-19 ကာလအတွင်း ပိတ်သွားခဲ့သော သို့မဟုတ် ယာယီ ပိတ်ထားသော စက်ရုံပေါင်း ၁၁၄ ရုံရှိပြီး လက်ရှိတွင် အထည်ချုပ်စက်ရုံ ၆၀၆ ရုံသာ လုပ်ငန်း လည်ပတ်လျက်ရှိကာ ရာခိုင်နှုန်း ၉၀ မှာ အဓိကအားဖြင့် ပို့ကုန်ကိုသာ အားထား လုပ်ကိုင်နေကြသည်။ ယခုနောက်ပိုင်းတွင် ပြည်တွင်းစျေးကွက် လိုအပ်ချက် များပြားလာသဖြင့် အထည်ထုတ်လုပ်သူများသည် ပြည်ပ ပို့ကုန်များသာမက ပြည်တွင်းနှင့် ပြည်ပစျေးကွက် နှစ်ခုစလုံးအတွက် ထုတ်လုပ်ရန် အခွင့်အလမ်း ရှိလာခဲ့သည်ဟု သိရသည်။      

မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံ အများစုသည် နိုင်ငံခြားသားပိုင်စက်ရုံများ သို့မဟုတ် တရုတ်၊ ထိုင်ဝမ်၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံများရှိ စက်ရုံများ၏ ရုံးခွဲများဖြစ်သည်။ မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်း ၆၀၆ ခုအနက် ၃၅၅ ခုသည် နိုင်ငံခြားသားပိုင် ဖြစ်သည်။

၂၀၁၉ ခုနှစ် သြဂုတ်လအထိ စာရင်းများအရ လုပ်ငန်း ၆၀၆ ခုအနက် လုပ်ငန်း ၂၈ ခုကသာလျှင် စက်ရုံ တစ်ရုံလျှင် လုပ်သား ၂၀၀၀ ကျော်ကို ခန့်ထားနိုင်ပြီး စက်ရုံအရေအတွက် လျင်မြန်စွာ များလာခဲ့သကဲ့သို့ အလုပ်သမား အရေအတွက် ၅၀၀ အောက်ရှိ စက်ရုံအသေးများကလည်း မြန်မာနိုင်ငံရှိ စက်ရုံအရေအတွက် စုစုပေါင်း၏ ၄၂ ရာခိုင်နှုန်းနီးပါးအထိ တိုးတက်လာသည်။

အဆိုပါစက်ရုံ ၆၀၆ ခုတွင် လုပ်ကိုင်နေသော လုပ်သားပေါင်း ၄၅၀၀၀ ကျော်ရှိပြီး ရာခိုင်နှုန်း ၈၀ မှာ နိုင်ငံခြားသားပိုင် စက်ရုံတွင် လုပ်ကိုင်နေပြီး ၁၅ ရာခိုင်နှုန်းက နိုင်ငံသားပိုင်စက်ရုံတွင် လုပ်ကိုင်ကာ ငါးရာခိုင်နှုန်းက ဖက်စပ်စက်ရုံများတွင် လုပ်ကိုင်နေကြသည်။

မြန်မာနိုင်ငံတွင် လုပ်သား ၂၀၀၀ အထက် စက်ရုံများ ငါးရာခိုင်နှုန်း၊ လုပ်သား ၁၀၀၁ မှ ၂၀၀၀ ကြားရှိ စက်ရုံကြီး ၂၁ ရာခိုင်နှုန်း၊ လုပ်သား ၅၀၁ မှ၁၀၀၀ ကြားရှိ အလတ်စားစက်ရုံ ၃၂ ရာခိုင်နှုန်း၊ လုပ်သား ၅၀၀ အောက် စက်ရုံအသေး ၄၂ ရာခိုင်နှုန်းရှိကြောင်း  မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည့် Position Paper တွင် ဖော်ပြထားသည်။

ယင်း Position Paper သည် COVID-19 ပထမလှိုင်းဖြစ်စဉ်က ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ လုပ်သားအင်အား အများအပြား အသုံးပြုရပြီး အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှုအတွက် အရေးပါသည့် အထည်ချုပ်လုပ်ငန်းများသည် ကိုဗစ်ကြောင့် ထိခိုက်မှုမှာ အပြင်းထန်ဆုံး ဖြစ်သည့်အတွက် အထည်ချုပ်ကဏ္ဍတွင် ကြုံတွေ့နေရသည်များကို သိရှိနိုင်ရန် ပြုစုခဲ့ခြင်း ဖြစ်သည်။ ဒုတိယလှိုင်းတွင် ကြုံတွေ့နေရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကိုလည်း ဆက်လက် ပြုစုသွားမည်ဟု သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုမှ ဒေါ်လာ ၄ ဒသမ ၈ ဘီလျံနီးပါး ရရှိခဲ့သော်လည်း ယခင်နှစ် ကာလတူထက် ဒေါ်လာ ၆၃ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းကို CMP လက်ခစားစနစ်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ EU နိုင်ငံတို့မှ CMP စနစ်ဖြင့် အော်ဒါ အဓိကမှာယူနေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

အစိုးရသစ် စတင်တာဝန်ယူချိန်၌ CMP အထည်ချုပ်လုပ်ငန်းများ၏ ထုတ်လုပ်မှုတန်ဖိုးမှာ ဒေါ်လာသန်း ၅၀၀ နှင့် အလုပ်အကိုင် လေးသိန်းခန့် ဖန်တီးပေးနိုင်ခဲ့သည်။

CMP အထည်ချုပ်လုပ်ငန်းများ၏ ထုတ်လုပ်မှုတန်ဖိုးသည် လေးနှစ်အတွင်း ၁၀ ဆ တိုးတက်လာခဲ့ပြီး အစိုးရသက်တမ်း စတုတ္ထနှစ်တွင် ဒေါ်လာ ငါးဘီလျံခန့်အထိ တိုးတက်လာနိုင်မည့် အခြေအနေရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စတုတ္ထ တစ်နှစ်တာအတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ နိုင်ငံပိုင်သတင်းစာများနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားထားသည်။

လက်ရှိအချိန်တွင် အထည်ချုပ်လုပ်ငန်းများမှ အလုပ်သမား ခြောက်သိန်းခန့်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ယင်းအနက်  ၉၅ ရာခိုင်နှုန်းခန့်သည် အမျိုးသမီးများ၏ အလုပ်အကိုင် အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်ခဲ့သည်။

၂၀၁၈ ခုနှစ်က အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၄ ဒသမ ၆ ဘီလျံနီးပါး ရရှိခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၀ ဘီလျံရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုကို လေ့လာကြည့်ပါက ၂၀၁၀ ပြည့်နှစ်၌ အထည်ချုပ်တင်ပို့မှုတွင် ဒေါ်လာ ၃၃၇ သန်းသာ ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့်တက်လာခဲ့ပြီး ဒေါ်လာ တစ်ဘီလျံနီးပါးခန့်အထိ ရောက်ရှိလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် ၂၀၁၅ ခုနှစ်တွင် ချုပ်ပြီးအထည် တင်ပို့မှုသည် ဒေါ်လာ ၁ ဒသမ ၄၆ ဘီလျံအထိ ရှိလာခဲ့ပြီး မြန်မာနိုင်ငံ၏ စုစုပေါင်းပို့ကုန် တန်ဖိုး၏ ၁၀ ရာခိုင်နှုန်း ရောက်ရှိလာသည်အထိ အထည်ချုပ်လုပ်ငန်းများ တစ်ရှိန်ထိုး တိုးတက်လာခဲ့သည်။ ပို့ကုန်စျေးကွက်တွင်လည်း အီးယူစျေးကွက်သို့ တင်ပို့မှုမှာ ယခင်နှစ်များထက် ၂၀၁၅ ခုနှစ်တွင် ရာခိုင်နှုန်း ၈၀ အထိ မြင့်တက်လာခဲ့သည်။

သို့သော်လည်း COVID-19 ကြောင့်  မြန်မာ့အထည်ချုပ်လုပ်ငန်းများ ဆက်လက် ရှင်သန်ရန်ပင် စိန်ခေါ်မှုများ ရှိနေသည်။

  COVID-19 ကာလအတွင်း အထည်ချုပ်လုပ်ငန်းများ ကြုံတွေ့ရသည့် စိန်ခေါ်မှုများ

ကိုဗစ်ရောဂါပိုးသည် မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် မတ်လမှ စတင်ပျံ့နှံ့ခဲ့ပြီး ထိုအချိန်မှစ၍ အခြေအနေများ ပြောင်းလဲခဲ့သည်။ အထည်ချုပ်လုပ်ငန်းများ ထိခိုက်ခဲ့ပြီး လုပ်ငန်းရှင်ရော အလုပ်သမားများပါ အခက်အခဲများစွာနှင့် ကြုံတွေ့ခဲ့ရသည်။

အထည်ချုပ်လုပ်ငန်းများတွင် ကုန်ကြမ်းရရန် ခက်ခဲခြင်း၊ အော်ဒါများ လျော့နည်းသွားခြင်း (သို့မဟုတ်) ခေတ္တရပ်နားထားခြင်းနှင့် ငွေပေးချေမှု နောက်ကျခြင်း (သို့မဟုတ်) မရရှိခြင်း၊ အချို့ကုမ္ပဏီက ဒေဝါလီခံသွားခြင်း၊ နာမည်ကျော် အမှတ်တံဆိပ်အချို့က အမှာများ ပယ်ဖျက်ခြင်း စသည်တို့ ကြုံတွေ့ရပြီး မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းအနေဖြင့် အသင်းဝင်များကို စစ်တမ်းကောက်ယူခဲ့ရာ အများစုမှာ ဇူလိုင်လအထိသာ အော်ဒါများရှိပြီး စက်တင်ဘာလမှ စတင်ကာ အခက်အခဲများ စတင်ကြုံတွေ့လာနိုင်ပြီး အသင်းဝင် ရာခိုင်နှုန်း ၃၀ သာ အော်ဒါများ ဆက်လက်ရရှိနိုင်သည်ဟု သုံးသပ်ထားကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည့် Position Paper တွင် ဖော်ပြထားသည်။      

“လောလောဆယ် စာရင်းအရဆိုရင် ဒီကာလမှာ ကုန်ကြမ်း ပြတ်လပ်သွားတဲ့ အလုပ်ရုံများ၊ ကုန်ချောတင်ပို့တဲ့ နိုင်ငံတွေရဲ့  စီးပွားရေး အခက်အခဲကြောင့် အော်ဒါအမှာစာ ရပ်သွားတဲ့စက်ရုံများ ဒီအတွက်ပေါ့လေ။ ဒီအပါအဝင်ပေါ့နော်။ အကြောင်းအမျိုးမျိုးကြောင့် ပိတ်သွားတဲ့စက်ရုံ၊ အလုပ်ရုံတွေ ရှိပါတယ်။ ပိတ်သွားတဲ့ စက်ရုံတွေမှာ ကျွန်မတို့ရဲ့ အသင်းဝင်မဟုတ်တဲ့ စက်ရုံတွေရဲ့ စာရင်းကိုတော့ မရနိုင်ပါဘူး”ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

ကိုဗစ်ကာလအတွင်း ပြည်တွင်း အထည်ချုပ်လုပ်ငန်းများတွင် အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရသော်လည်း ပြည်ပ အော်ဒါတင်ပို့မှုအတွက် ပြည်တွင်း ပူးပေါင်းဆောင်ရွက်မှုအား ကောင်းလာကြောင်း၊ အဓိကကျသည့်  အကောက်ခွန်ဦးစီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမို အဆင်ပြေလာခဲ့သည့်အတွက် အခက်အခဲအချို့ကို ကျော်လွှားနိုင်ခဲ့သည်ဟု သိရသည်။

သို့သော်လည်း အော်ဒါအများဆုံး မှာယူသည့်နိုင်ငံများ၏ စီးပွားရေးကျဆင်းမှုကြောင့် အထည်ချုပ်အော်ဒါ အမှာစာရရှိရန်  အကန့်အသတ်များ ရှိလာသည်။

“ပြည်ပအော်ဒါကို တင်ပို့တဲ့နေရာမှာတော့ တခြားနိုင်ငံဘက်က ဝယ်ယူမှုမှာ အခက်အခဲလို့ ပြောတာထက် သူတို့အခက်အခဲက ကိုယ့်အခက်အခဲ ဖြစ်လာတယ်။ အခုချိန်မှာ ကျွန်မတို့ အများဆုံး တင်ပို့တာက  နိုင်ငံအနေနဲ့ဆို ဂျပန်ပါ။ ဂျာမနီက ဒုတိယပါ။ ဘလောက်စ်အနေနဲ့ဆိုရင် ၂၈ နိုင်ငံ အီးယူကတော့ အများဆုံးပေါ့နော်။ US ကတော့ အခုတော့ ဝယ်လာပါပြီ။ ဒါပေမဲ့ ကိုရီးယား၊ ဂျပန်လောက် မများနေသေးဘူးပေါ့နော်။ အဲဒီတော့ ကိုရီးယားနိုင်ငံရဲ့ ပြည်တွင်းအခြေအနေ ကြည့်ရင်လည်း သူစီးပွားရေး ကျနေတယ်။ ဂျပန်နိုင်ငံမှာလည်း တက်မနေဘူး။ ကိုဗစ်ကို ကြောက်တာလည်း ပါတယ်ပေါ့။ အဲဒီတော့ အဲဒီနိုင်ငံတွေမှာလည်း သူတို့ရဲ့ရုံးတွင်းမှာကို အကန့်အသတ်တွေနဲ့ သွားလာတဲ့အပိုင်းတွေ ရှိတဲ့အခါကျတော့   ကျွန်မတို့ကို အော်ဒါရှာပေးဖို့အပိုင်းမှာ သူတို့လည်း အကန့်အသတ်ရှိပါတယ်”ဟု အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ထောက်ပြခဲ့သည်။

အနောက်နိုင်ငံများတွင် လက်ရှိအချိန်တွင် ကိုဗစ်ဒုတိယလှိုင်း ဖြစ်ပွားနေသည်။ အသွားအလာ ကန့်သတ်မှုများ ပြုလုပ်လျက် ရှိသည်။

မြန်မာနိုင်ငံမှ အော်ဒါအများဆုံး မှာယူနေသည့်နိုင်ငံများ ရောဂါဖြစ်ပွားမှုဖြစ်ပွားက အော်ဒါမှာယူမှု ကျဆင်းလာနိုင်သည်ဟု အထည်ချုပ်လုပ်ငန်းရှင်များက ဆိုသည်။

“အနောက်နိုင်ငံတွေမှာတော့ အခုချိန်မှာ Second Wave စနေပြီ။ ဟိုတစ်နေ့ကဆို ဂျာမနီမှာ တစ်ရက်တည်း ၅၉၀။ အီတလီမှာဆိုလည်း ပြည်နယ်အလိုက် Lockdown လုပ်ထားတယ်။ ဘယ်မှထွက်လို့မရဘူး။ ဒီလိုအပိုင်းတွေမှာ ကျွန်မတို့ဆီက အဝယ်များတဲ့ဒေသက ဒီလိုဖြစ်လာရင် ကျွန်မတို့ဆီမှာလည်း ကျလာမှာပဲ။ ကျွန်မတို့ရဲ့ စိန်ခေါ်မှုက ကျွန်မတို့ရဲ့ Destination ဖြစ်တဲ့ နိုင်ငံတွေရဲ့ စိန်ခေါ်မှုက ကျွန်မတို့ရဲ့ စိန်ခေါ်မှုပါပဲ”ဟု ၎င်းက ဆိုသည်။

ထို့ပြင် နောက်ထပ်စိန်ခေါ်မှု တစ်ခုအနေဖြင့် ရှိနေသည့်ကိစ္စရပ်တစ်ခုမှာ မြန်မာနိုင်ငံတွင် ပိတ်ရက်များစွာ ရှိနေပြီး အချိန်ပို လခပေးရခြင်းသည် ပုံမှန်လုပ်ခ၏ နှစ်ဆခန့် ဖြစ်နေ၍ ပြည်ပရင်းနှီးမြှုပ်နှံသူ များလာရန် အခက်အခဲ ဖြစ်လျက်ရှိသည်ဟု Position Paper တွင် ဖော်ပြထားသည်။

လက်ရှိတွင် အထည်ချုပ်စက်ရုံများတွင် စိန်ခေါ်မှုများစွာရှိနေပြီး အနာဂတ် အလားအလာကို ခန့်မှန်းရန် လွန်စွာ ခက်ခဲသော်လည်း အလုပ်ရှင်၊ အလုပ်သမားကြား ပိုမို နားလည်မှုရှိလာပြီး အသင်းအဖွဲ့အဆင့်တွင် အတော်အားကောင်းလာပြီ ဖြစ်ကြောင်း၊ စက်ရုံအဆင့်ဆင့်တွင် အစိုးရ၏ ကူညီပံ့ပိုးမှုဖြင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန် လိုအပ်နေပြီး ယုံကြည်မှု တည်ဆောက်ရေးမှာလည်း စိန်ခေါ်မှုအချို့ ရှိနေသေးသည်။

ဥပဒေများမှာလည်း တိုးတက်သင့်ပြီး လက်တွေ့နှင့်ကိုက်ညီပြီး လိုက်နာရန် လွယ်ကူသင့်သည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

COVID-19 ကာလအတွင်း အမှာပယ်ဖျက်မှုများကြောင့် အလုပ်ရှားပါးလာပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားခြင်းကြောင့် အလုပ်မှ ရပ်ဆိုင်းခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိနေသည်။

အခက်အခဲများစွာ ရှိသော်လည်း အဆိုပါ အခက်အခဲများကို အစိုးရ၏ အကူအညီဖြင့် ဖြေရှင်းနိုင်ရန် အထည်ချုပ်လုပ်ငန်းများ သာမက အလုပ်သမားများပါ များစွာထိခိုက်ခဲ့ရသည့် COVID-19 ကာလအတွင်းနှင့် COVID-19 အလွန်ကာလတို့တွင် ဆုံးရှုံးမှုများကို ပြန်လည်ကုစားနိုင်ရန် အကြံပြုချက်များ ထုတ်ပြန်ထားသည်။

  စိန်ခေါ်မှုများနှင့် နောက်ဆက်တွဲ သက်ရောက်မှုများ ဖြေရှင်းနိုင်ရန် အစိုးရအား အကြံပြုချက်

COVID-19 ကာလအတွင်း စက်ရုံများ ပိတ်သိမ်း (သို့မဟုတ်) ယာယီ ပိတ်သိမ်းခဲ့သည့်အတွက် အလုပ်သမား ၄၅၀၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။ အထည်ချုပ်လုပ်ငန်းများသာမက အလုပ်သမားပါ များစွာထိခိုက်ခဲ့ရသည့် COVID-19 ကာလအတွင်း နှင့် COVID-19 အလွန်ကာလတိုတွင် ဆုံးရှုံးမှုများကို ပြန်လည်ကုစားရန် အကြံပြုချက်များကို Position Paper တွင် ဖော်ပြထားသည်။

လုပ်သားများ၏ လုပ်ခကို တွက်ချက်ရာတွင် အလုပ်မလုပ်ပါက လုပ်ခမရသည့်စနစ်ကို ကျင့်သုံးရန်လည်း လိုအပ်သည်။ ယင်းစနစ် အသက်ဝင်လာမှသာ လုပ်ငန်းရှင်များအနေဖြင့် လုပ်သား၏ ထုတ်လုပ်နိုင်စွမ်းကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ပြီး လုပ်ငန်းကဏ္ဍတစ်ခုလုံး၏ Supply Chain ကို မြှင့်တင်နိုင်မည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းအများစုမှာ ညှပ်-ချုပ်-ထုပ် (CMP) စာချုပ်ဖြင့်သာ လုပ်ကိုင်နေခြင်း ဖြစ်သဖြင့်  Supply Chain ထိခိုက်ပါက အလုပ်အကိုင်များ ရပ်တန့်ရပြီး ဆုံးရှုံးမှုများ ရှိလာနိုင်သည်။

COVID-19 ကြောင့် ကုန်ကြမ်းပစ္စည်း ပြတ်ခြင်း၊ အလုပ်ပိတ်ရက်များခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများက စျေးကွက်အတွင်းမှ ထွက်သွားခဲ့ကြပြီး လုပ်သားများနှင့် နိုင်ငံ့စီးပွားရေး ထိခိုက်ခဲ့ရသည်။ ထိုသို့ဖြစ်ခြင်းမှ ကာကွယ်ရန် လူမွဲအဖြစ်ခံယူခြင်းဥပဒေ အသက်ဝင်လာအောင် ဆောင်ရွက်သင့်သည်။ သို့မှသာ အလားတူကိစ္စရပ်များ ဖြစ်ပါက ဥပဒေအရ ဖြေရှင်းနိုင်မည်ဖြစ်ပြီး ဥပဒေဖြင့်ထိန်းချုပ်မှု အားနည်းပါက ရင်းနှီးမြှုပ်နှံသူများ ထွက်သွားနိုင်ခြေများသဖြင့် ပြည်တွင်းစီးပွားရေးအတွက် ဆုံးရှုံးမှုများ ရှိနိုင်သည်။

COVID-19 ကြောင့် စက်ရုံများ မလည်ပတ်နိုင်သဖြင့် လုပ်ငန်းရှင်သာမက အလုပ်သမားများတွင်လည်း လုပ်ခမရခြင်း၊ အလုပ်ဖြုတ်ခံရခြင်း တို့ကဲ့သို့ ထိခိုက်မှုများစွာ ရှိခဲ့သည်။ လုပ်ငန်းရှင်များနှင့် အလုပ်သမားများ အနေဖြင့် အထည်ချုပ်လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်စေရန် ပိုမိုတွေ့ဆုံ ဆွေးနွေးပြီး နှစ်ဖက် အဖွဲ့အစည်းများဖြင့် နားလည်မှု ပိုရှိစွာဖြင့် လုပ်ကိုင်ရန်လိုကြောင်း အထည်ချုပ်လုပ်ငန်းရှင်များက သုံးသပ်ခဲ့ကြသည်။

ထို့ပြင် အစိုးရထုတ်ပြန်ချက်များ နှောင့်နှေးခြင်းကြောင့် လုပ်ငန်း လည်ပတ်ရာတွင် ထိခိုက်မှုရှိခဲ့သည့်အပြင် ရုတ်တရက် ညွှန်ကြားချက်များကြောင့် လုပ်ငန်းရှင်များအနေဖြင့် ပြင်ဆင်ချိန်နည်းပါးပြီး လုပ်ငန်းဆက်လက် လုပ်ကိုင်ရန် ခက်ခဲခဲ့သည်ဟု သိရသည်။

COVID-19 ကာလအတွင်း အထည်ချုပ်လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရန် အနည်းဆုံး လုပ်ခလစာ သတ်မှတ်ချက်ကို ဆိုင်းငံ့ထားစေလိုကြောင်းနှင့် အကျပ်အတည်း ကာလအတွင်း လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရန် အခွန်ကင်းလွတ်ခွင့်ကာလ သတ်မှတ်ထားရှိသင့်ပြီး အခွန်ကင်းလွတ်ရသဖြင့် လက်ရှိ ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းရာတွင် တစ်ဖက်တစ်လမ်းမှ အကူအညီ ဖြစ်စေနိုင်ကြောင်း အစိုးရထံ တိုက်တွန်းထားသည်။