ရာသီဥတုပြောင်းလဲခြင်းနှင့် ကျန်းမာရေး

ရာသီဥတုပြောင်းလဲခြင်းနှင့် ကျန်းမာရေး
Published 30 November 2020

ရာသီဥတုပြောင်းလဲခြင်းသည် ရေမှတစ်ဆင့် ကူးစက်ပျံ့နှံ့သော ရောဂါများနှင့် ခြင်မှတစ်ဆင့် ကူးစက်ပျံ့နှံ့သော ရောဂါများကဲ့သို့ လူတို့၏ ကျန်းမာရေးအပေါ် တိုက်ရိုက် သက်ရောက်မှုများ ရှိသကဲ့သို့ အစာရေစာငတ်မွတ်ခြင်းမှတစ်ဆင့်လည်း သွယ်ဝိုက်၍ သက်ရောက်မှုများ ရှိကြောင်း ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြားခဲ့ကြသည်။ ၂၀၃၀ ပြည့်နှစ်နှင့် ၂၀၅၀ ပြည့်နှစ်အကြား ရာသီဥတုပြောင်းလဲမှုကြောင့် သေဆုံးနိုင်ခြေ သည် တစ်နှစ်လျှင် ၂၅၀,၀၀၀ ခန့် ရှိနိုင်ပြီး ပျမ်းမျှအားဖြင့် ၃၈,၀၀၀ သည် အပူချိန် မြင့် မားမှုကြောင့်လည်းကောင်း၊ ၄၈,၀၀၀ သည် ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့်လည်း ကောင်း၊ ၆၀,၀၀၀ သည် ငှက်ဖျားရောဂါကြောင့်လည်းကောင်းနှင့် ၉၅,၀၀၀ သည် အာဟာရချို့တဲ့ခြင်းကြောင့်လည်းကောင်း သေဆုံးနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားခဲ့သည်။

၂၀၃၀ ပြည့်နှစ်သို့အရောက်တွင် ကျန်းမာရေးကြောင့် တိုက်ရိုက်ဆုံးရှုံးရမှုတန်ဖိုးသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ နှစ်ဘီလျံမှ လေးဘီလျံ ရှိမည်ဟုလည်း WHO က ပြောကြားခဲ့သည်။ ပြင်သစ်ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် ပက်ထရစ်ဟာလီမီက “ကမ္ဘာကြီးပူနွေးမှုကိုယ်နှိုက်က ဝမ်းရောဂါ ကူးစက်ပျံ့နှံ့မှုကို ဖြစ်စေတာမျိုးရယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပိုပြီး ပူနွေးလာတဲ့ အပူချိန်တွေက သေ စေနိုင်တဲ့ ရောဂါ ဖြစ်ပွားပျံ့နှံ့မှုကို အားပေးပါတယ်” ဟု ပြောကြားခဲ့သည်။ ပြင်သစ်ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ အမျိုးသားသုတေသနဌာနမှ ရောဘတ်ဘာရူကီကလည်း တကယ့်အခက်အခဲသည် ကျန်းမာရေးဆိုင်ရာ အကြောင်းအရာတွင် ကမ္ဘာကြီးပူနွေးမှု ပါဝင်နေသည့် အစိတ်အပိုင်းကို တိုင်းတာရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြင့်မားသော အပူချိန်များသည် အထူးသဖြင့် သက်ကြီးရွယ်ကြီးများတွင် နှလုံးနှင့် သွေးကြောဆိုင်ရာ ပြဿနာများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ဖြစ်ပွားစေသည်။                  

၎င်းအပြင် နေရောင်များ ပိုမိုကျရောက်ပါက အရေပြားကင်ဆာရောဂါ ကဲ့သို့သော ခရမ်းလွန်ရောင်ခြည်နှင့် ဆက်နွှယ်နေသည့် အန္တရာယ်များ ပိုမိုကျရောက်နိုင်သည်ဟု ဘာရူကီက ပြောကြားခဲ့သည်။ ရာသီဥတုပြောင်းလဲမှုသည် ရေလွှမ်းမိုးမှုများနှင့် ဟာရီ ကိန်းများကဲ့သို့သော သဘာဝဘေးအန္တရာယ်များကြောင့် သေဆုံးရမှုများကိုလည်း ပိုမို များပြားစေသည်ဟု ဆိုသည်။ ၁၉၆၀ ပြည့်လွန်နှစ်များနောက်ပိုင်း မိုးလေဝသ အခြေအနေ ရပ်များနှင့် ဆက်နွှယ်သော သဘာဝဘေးဒုက္ခများကြောင့် သေဆုံးရမှုနှုန်းသည် သုံးဆ တက်လာသည်ဟု WHO က ပြောကြားခဲ့သည်။ WHO က ယင်းဘေးဒုက္ခ ကပ်များကြောင့် နှစ်စဉ် လူပေါင်း ၆၀,၀၀၀ ကျော် သေဆုံးခဲ့ရကြောင်းနှင့် အဓိကအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ တွင် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ကမ္ဘာကြီး ပူနွေးလာမှုသည် ခြင်ကဲ့သို့သော ကြားခံများက သယ်ဆောင်သည့် ကူးစက် ရောဂါများ ပျံ့နှံ့မှုကို အားပေးသည်ဟု ဟာလီမီက ပြောကြားခဲ့သည်။ WHO က ရာသီဥတု ပြောင်းလဲမှုသည် ကြားခံ သို့မဟုတ် သယ်ဆောင်ပေးသူကြောင့် ပျံ့နှံ့သော ကြားခံမှတစ်ဆင့် ဖြစ်ပွားသော ရောဂါ၏ ရာသီချိန်များ အကူးအပြောင်းကို ရှည်လျားစေနိုင်ဖွယ် ရှိကြောင်း နှင့် ပထဝီဝင် အနေအထားအရ ပျံ့နှံ့မှု အတိုင်းအတာကို ပြောင်းလဲစေနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။ WHO ၏ ပြောကြားချက်အရ ငှက်ဖျားရောဂါကြောင့် သေဆုံးရမှုသည် တစ်နှစ်လျှင် ၈၀၀,၀၀၀ ရှိကြောင်း သိရသည်။ ခြင်များသည် သေစေနိုင်သည့် သွေးလွန်တုပ် ကွေးရောဂါကိုလည်း ပျံ့နှံ့စေပြီး အချို့သော လေ့လာချက်များအရ ကမ္ဘာကြီး ပူနွေးမှုသည် ၂၀၈၀ ပြည့်နှစ်သို့အရောက်တွင် နောက်ထပ်လူပေါင်း နှစ်ဘီလျံကို သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ် ကျရောက်စေနိုင်ကြောင်း သိရသည်။ WHO က တရုတ်နိုင်ငံတွင် မဖွံ့ဖြိုးသေး သော ဒေသများစွာ၌ ခရုများမှတစ်ဆင့် ကူးစက်ပျံ့နှံ့သော Schistosomiasis အမည်ရှိ ရောဂါတစ်မျိုး ကူးစက်ပျံ့နှံ့မှု တိုးပွားလာမည်ဟု ပြောကြားခဲ့သည်။ ကမ္ဘာတစ်လွှား၌ လူ ပေါင်း သန်း ၂၄၀ ခန့်သည် ှခ့ငျအသျသာငေျငျ  ရောဂါကို ခံစားခဲ့ရပြီးဖြစ်သည်။

ပြင်သစ် အသက်ရှူလမ်းကြောင်းနှင့် ရင်ခေါင်းပိုင်းဆိုင်ရာ ဆေးပညာအဖွဲ့ အကြီး အကဲ ဘရူနိုဟောက်ဆက်က အထူးသဖြင့် ကမ္ဘာ့မြောက်ပိုင်းတွင် ဖြစ်ပွားသော ကမ္ဘာကြီး ပူနွေးမှုကြောင့် တောမီးလောင်ခြင်း မြင့်တက်လာမှုသည် လေထုအတွင်း၌ သေးငယ်သော ပါတီကယ်အမှုန်အမွှားများ တိုးပွားလာစေနိုင်သည်ဟု ဆိုသည်။ ယင်းပါတီကယ် အမှုန်အ မွှားများသည် အဆုတ်များအတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်ပြီး အဆုတ်ကင် ဆာရောဂါနှင့်  ပန်းနာရင်ကျပ် ရောဂါတို့ကို ဖြစ်ပွားစေနိုင်သည်ဟု ဆိုသည်။ ကမ္ဘာပေါ်တွင် လူပေါင်းသန်း ၃၀၀ ခန့်သည် ပန်းနာရင်ကျပ်ရောဂါကို ခံစားနေရပြီး အပူချိန်များ ဆက် လက် မြင့်တက်နေမှုများသည် ယင်းရောဂါ ဝန်ထုပ်ဝန်ပိုးကို ပိုမိုကြီးမားလာစေနိုင်ကြောင်း ျွှံဥ က ပြောကြားခဲ့သည်။ ပို၍ ပူနွေးသော အပူချိန်များသည် ဓာတ်မတည့်မှုဖြစ်အောင် လှုံ့ဆော်ပေးသည့် အပင်များ ပွားများမှုကို အထောက်အကူ ပြုနိုင်ဖွယ်ရှိပြီး ဥရောပတိုက်ရှိ လေထုအတွင်း ဝတ်မှုန်များ ပါဝင်မှုနှုန်းသည် ၂၀၅၀ ပြည့်နှစ်သို့ အရောက်တွင် လေးဆ အထိ တက်လာဖွယ် ရှိသည်ဟု ဆိုသည်။ အစီရင်ခံစာတစ်ရပ်အရ ကမ္ဘာကြီးပူနွေးမှုသည် ရေရှားပါးမှုကို ပိုမိုဆိုးရွားစေခဲ့ပြီး အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသတွင် လူအသေ အပျောက်များသော ပဋိပက္ခများ ဖြစ်အောင် မီးထိုးပေးခဲ့ကြောင်းလည်း သိရသည်။

ထို့ကြောင့် ရာသီဥတုပြောင်းလဲခြင်းကို ကာကွယ်တားဆီးရန်အတွက် ကမ္ဘာတစ်ဝန်း လုံးမှ ပြည်သူများအားလုံး ပူးပေါင်းပါဝင်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ ၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent