ဆိုက်ဘာဟက်ကာများတောင်းဆိုသည့်အတိုင်း ပြန်ပေးငွေကို ပေးခဲ့ပါက ဥပဒေအရ မန်ယူအသင်းဒဏ်ငွေပေါင်(၁၅)သန်းအထိ ပေးဆောင်ရဖွယ်ရှိ

ဆိုက်ဘာဟက်ကာများတောင်းဆိုသည့်အတိုင်း ပြန်ပေးငွေကို ပေးခဲ့ပါက ဥပဒေအရ မန်ယူအသင်းဒဏ်ငွေပေါင်(၁၅)သန်းအထိ ပေးဆောင်ရဖွယ်ရှိ
Photo: Daily Mail
Photo: Daily Mail
Published 30 November 2020

မန်ယူအသင်းအနေဖြင့် ၎င်းတို့၏ကလပ်အသင်းကွန်ပျူတာစနစ်အတွင်းသို့ ဝင်ရောက်ခြိမ်းခြောက်ခဲ့သော ဆိုက်ဘာဟက်ကာများတောင်းဆိုသည့်အတိုင်း ပြန်ပေးငွေကို ပေးခဲ့ပါက အမေရိကန်ဥပဒေများအရ ဒဏ်ငွေအမေရိကန်ဒေါ်လာ သန်း(၂၀) (ပေါင်၁၅သန်း)ကို ပေးဆောင်ရဖွယ်ရှိကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်းက ဆိုက်ဘာဟက်ကာအဖွဲ့တစ်ဖွဲ့သည် မန်ယူအသင်း၏ ကွန်ပျူတာစနစ်အတွင်းသို့ ဝင်ရောက်ကာ ကလပ်အသင်း၏ အချက်အလက်များနှင့် ပရိသတ်တစ်ဦးချင်းစီ၏ အသေးစိတ်အချက်အလက်များကို ဖြန့်ဝေမည်ဟု ခြိမ်းခြောက်ခဲ့သည်။

မန်ယူအသင်းက ၎င်းတို့အနေဖြင့် ဆိုက်ဘာဟက်ကာများ၏ ဝင်ရောက်တိုက်ခိုက်မှုကိုခံရကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ပရိသတ်များ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ပြင်ပသို့ မရောက်ရှိစေရန် ကာကွယ်ထားကြောင်း ပရိသတ်များအား အသိပေးခဲ့သည်။

ဟက်ကာများအနေဖြင့် မန်ယူအသင်းကို ပြန်ပေးငွေတောင်းဆိုခဲ့ဖွယ်ရှိပြီး မန်ယူအသင်းအနေဖြင့် ၎င်းတို့နှင့် အပေးအယူပြုလုပ်ခဲ့ပါက အမေရိကန်ဥပဒေများအရ မူခင်းကျူးလွန်မှုအဖြစ် ငြိစွန်းနိုင်မည်ဖြစ်သည်။

အမေရိကန်နိုင်ငံတွင် အသစ်ပြဋ္ဌာန်းထားသော ဆက်သွယ်ရေးဥပဒေများအရ မန်ယူအသင်းအနေဖြင့် ပြန်ပေးသမားများနှင့် အပေးအယူလုပ်ခွင့်မရှိကြောင်း သိရသည်။

မန်ယူအသင်းမှာ ဗြိတိန်တွင် မှတ်ပုံတင်ထားသော အင်္ဂလန်ကလပ်အသင်းဖြစ်သော်လည်း အသင်းကိုပိုင်ဆိုင်ထားသူများမှာ အမေရိကန်နိုင်ငံသား ဂလေဇာမိသားစုဖြစ်သည့်အပြင် အသင်း၏ ရှယ်ယာများကိုလည်း အမေရိကန်စတော့အိတ်ချိန်းတွင် စျေးကစားနေ၍ အမေရိကန်နိုင်ငံက သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေများအရ အရေးယူခွင့်ရှိသည်ဟု အမေရိကန်နိုင်ငံ US Treasury Department မှ တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

မန်ယူအသင်းအနေဖြင့် ဟက်ကာများ၏တောင်းဆိုမှုကို လိုက်နာခြင်းမရှိဘဲ  အချက်အလက်များ ပေါက်ကြားခဲ့ပါကလည်း ဗြိတိန်တွင် ဒဏ်ငွေချမှတ်ခံရမည့် အန္တရာယ်ရှိနေကြောင်း သိရှိရသည်။

မန်ယူအသင်းသည် ၎င်းတို့၏ပရိသတ်များနှင့် စားသုံးသူများ၏ အချက်အလက်များကို ကာကွယ်ပေးရမည့် တာဝန်ရှိပြီး အကယ်၍ ကာကွယ်မပေးနိုင်ဘဲ အချက်အလက်များ ပေါက်ကြားခဲ့ပါက ဗြိတိန်သတင်းအချက်အလက်ကော်မရှင်နာရုံး၏ ပြစ်ဒဏ်ချမှတ်မှုကို ခံရမည်ဖြစ်သည်။

ယခင်က ဗြိတိသျှလေကြောင်းလိုင်းနှင့် Marriott International ကုမ္ပဏီတို့သည် ၎င်းတို့စားသုံးသူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ကာကွယ်မှုမပေးနိုင်ဘဲ ပြင်ပသို့အချက်အလက်များ ပေါက်ကြားခဲ့သဖြင့် ဗြိတိသျှလေကြောင်းလိုင်းမှာ ပေါင်သန်း (၂၀)၊ Marriott International ကုမ္ပဏီမှာ ပေါင်(၁၈.၄)သန်း ဒဏ်ငွေချမှတ်ခံခဲ့ရဖူးကြောင်း သိရှိရသည်။   

Most Read

Most Recent