ပြီးခဲ့သည့် စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ဘရိုက်တန် (၁-၁) လီဗာပူးလ်ပွဲတွင် ပွဲချိန် (၉၀+၃)မိနစ်၌ပေးခဲ့ရသော ပယ်နယ်တီအတွက် လီဗာပူးလ်ကစားသမားများမှာ ဒေါသထွက်နေပြီး ပရီးမီးယားလိဂ်တွင် VAR စနစ်ကို ပယ်ဖျက်ရန် တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။
ယင်းပွဲတွင် ပွဲပြီးခါနီးအချိန်၌ လီဗာပူးလ်ဂိုးဧရိယာအတွင်း ဘရိုက်တန်တိုက်စစ်မှူး ဒန်နီဝဲလ်ဘက်၏ ခြေထောက်ထဲမှဘောလုံးကို လီဗာပူးလ်နောက်ခံလူ ရောဘတ်ဆန်က လုယူကာ ရှေ့သို့ကန်ထုတ်ခဲ့သည်။
ဒန်နီဝဲလ်ဘက်ထံမှ ဘောလုံးကိုရယူစဉ် ရောဘတ်ဆန်၏ ခြေထောက်နှင့် ဝဲလ်ဘက်၏ခြေထောက် ထိမိခဲ့ပြီး ဝဲလ်ဘက်မှာ ဧရိယာအတွင်း လဲကျခဲ့သည်။
ယင်းဖြစ်ရပ်၌ ကွင်းလယ်ဒိုင်ဖြစ်သူ စတူးဝပ်အက်ဝဲလ်က မူလတွင် ပယ်နယ်တီအဖြစ်သတ်မှတ်ခြင်းမရှိဘဲ ဘောလုံးကိုဆက်ကစားရန်ခွင့်ပြုခဲ့သည်။
ဘရိုက်တန် ကစားသမားအများစုမှာလည်း ပယ်နယ်တီပေးရန်စောဒကတက်ခဲ့ခြင်းမရှိဘဲ ဘောလုံးနောက်သို့လိုက်ရန်သာ ကြိုးစားခဲ့သည်။
ယင်းအချိန်တွင် ကွင်းလယ်ဒိုင် စတူးဝပ်အက်ဝဲလ်ထံသို့ VAR ဒိုင်ထံမှ အကြောင်းကြားမှုရောက်ရှိလာပြီး ဖြစ်ရပ်ကိုပြန်လည်သုံးသပ်ရန် အကြံပြုခဲ့သည်။
ထို့နောက် အက်ဝဲလ် (၃၈ နှစ်)သည် ကွင်းဘေးစည်း ရှိမော်နီတာကို သွားရောက်ကြည့်ရှုခဲ့ပြီး ဘရိုက်တန်အသင်းဘက်သို့ ပယ်နယ်တီပေးခဲ့သည်။
ယင်းပယ်နယ်တီအား ဘရိုက်တန်ကွင်းလယ်လူ ဂရော့စ်က ချေပဂိုးအဖြစ်ကန်သွင်းယူခဲ့ရာ လီဗာပူးလ်အသင်းမှာ နိုင်ပွဲကို လက်လွှတ်ခဲ့ရပြီး သရေရမှတ်(၁)မှတ်ဖြင့်ကျေနပ်ခဲ့ရသည်။
BT Sports ရုပ်သံတွင် ယင်းပွဲအား သုံးသပ်ဝေဖန်နေသော ဒိုင်လူကြီးဟောင်း ပီတာဝေါ်လ်တန်က ယင်းဖြစ်ရပ်တွင် VAR ဒိုင်လူကြီးကြားဝင်ခဲ့ခြင်းမှာ မှားယွင်းကြောင်းပြောကြားခဲ့ပြီး ဒိုင်လူကြီးအကြီးအကဲ မိုက်ရီလေးဦးဆောင်နေသော ပရီးမီးယားလိဂ်ဒိုင်လူကြီးများအနေဖြင့် အရည်အသွေးကျ ဆင်းနေကြောင်း၊ အမှားအယွင်းများစွာဆုံးဖြတ်နေကြောင်း ဝေဖန်ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်က ပရီးမီးယားလိဂ်အနေဖြင့် VAR မပါဘဲကျင်းပခြင်းမှာ ပိုမိုကောင်းမွန်သည်ဟု ပြောကြားခဲ့သည်။
''ကျွန်တော် ဘောလုံးပွဲတွေကို VAR မပါဘဲ ဒီအတိုင်းကျင်းပတာကိုပိုပြီးသဘောကျပါတယ်။ ဘောလုံးဟာ အလွန်ကိုကောင်းမွန်တဲ့ ကစားနည်းတစ်ခုပါ။ ဒါကို ကျွန်တော်တို့ ဘာလို့ဖျက်ဆီးကြမှာလဲ'' ဟု ဟန်ဒါဆန်က ပြောကြားခဲ့သည်။
ဟန်ဒါဆန်ကဲ့သို့ပင် လီဗာပူးလ်ဝါရင့်ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာကလည်း ဘောလုံးပွဲများတွင် VAAR အသုံးပြုခြင်းကို ပြန်လည်သုံးသပ်သင့်ကြောင်း သူ၏ Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။
''ဒါဟာ သိသာထင်ရှားတဲ့မှားယွင်းမှုတစ်ခုပါ။ ကျွန်တော်တို့အနေနဲ့ VAR နဲ့ပတ်သက်ပြီး အရေးတကြီး ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပါပြီ။ လက်ရှိအချိန်မှာ ဒါကို စိတ်ပျက်လာကြတာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာသေချာပါတယ်''ဟု မီလ်နာက ရေးသားခဲ့သည်။















