ရခိုင်ပြည်နယ်၌ ပဋိပက္ခအတွင်း ပျောက်ဆုံးနေသူများရှိပါက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲနေချိန်တွင် ဥပဒေနည်းလမ်းအတိုင်း သက်ဆိုင်ရာသို့အကြောင်းကြားခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုလုပ်နိုင်ကြောင်း တပ်မတော် ပြောကြား

ရခိုင်ပြည်နယ်၌ ပဋိပက္ခအတွင်း ပျောက်ဆုံးနေသူများရှိပါက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲနေချိန်တွင် ဥပဒေနည်းလမ်းအတိုင်း သက်ဆိုင်ရာသို့အကြောင်းကြားခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုလုပ်နိုင်ကြောင်း တပ်မတော် ပြောကြား
Published 28 November 2020
အောင်မင်းသိန်း၊ ဇေယျာထွန်း

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွင်း ပျောက်ဆုံးနေသူများရှိပါက  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲနေသည့် အချိန်အတွင်း ဥပဒေနည်းအလမ်းအတိုင်း သက်ဆိုင်ရာသို့ အကြောင်းကြားခြင်းဖြင့် ပူပေါင်းဆောင်ရွက်ခြင်းများ လုပ်နိုင်မည်ဆိုပါက အဆင်ပြေမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နိုဝင်ဘာ ၂၇ ရက်က နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွင်း ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူများရှိသလို၊ တရားစွဲဆိုခံရသူများလည်းရှိပြီး အချို့မှာ ပျောက်ဆုံးနေသဖြင့် မိသားစုများကစိုးရိမ်နေကြောင်း သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့ဖမ်းဆီးထားတဲ့ လူတွေနဲ့ပတ်သက်ပြီးတော့ အများအားဖြင့်ကတော့ ကျွန်တော်တို့ကစစ်ဆေးတာ၊ ကျွန်တော် ခဏခဏပြောသလိုပဲ၊ စစ်ဆေးတာတွေ၊ မေးမြန်းတာတွေရှိမယ်။ ဖမ်းဆီးထိန်းသိမ်းတာ ရှိကောင်းရှိမယ်။ သို့သော်တရားစီရင်ရေးအပိုင်းကိုတော့ ကျွန်တော်တို့က တရားစီရင်ရေးကဏ္ဍအတိုင်းပဲ ကျွန်တော်တို့ဆောင်ရွက်လျက်ရှိတယ်။ ခုနကပြောတဲ့ပျောက်ဆုံးတဲ့သူတွေ ရှိလား မရှိလားနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်အငြင်းမပွားလိုဘူး။ ရှိကောင်းလည်း ရှိနိုင်တယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ အခုလို ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲနေတဲ့အချိန်အတွင်းမှာတော့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာတွေကို အကြောင်းကြားတာတို့ သက်ဆိုင်ရာတွေကို တရားဥပဒေနည်းလမ်းအတိုင်း သက်ဆိုင်ရာ တွေနဲ့ ပူးပေါင်းဆောင်ရွက်တာတို့ လုပ်နိုင်မယ်ဆိုရင်ပိုပြီးအဆင်ပြေပါလိမ့်မယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် အဖမ်းခံရသည့် သက်သေအထောက်အထားရှိပါက သက်ဆိုင်ရာသို့ ပြောဆိုနိုင်ကြောင်း၊ သို့မှသာ ဖမ်းဆီးထားခြင်း ဟုတ် မဟုတ်၊ မည်သို့ဆောင်ရွက်ထားသည်ကို တရားဝင်ပြောနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ ဒီအချိန်ဟာ ယခင်ကတော့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန်တွင်းမှာ၊ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့အချိန်တွင်းမှာတော့ လုပ်ခွင့်မသာဘူး။ ဒီအချိန်မှာတော့ဒါတွေကို လုပ်ဆောင်နိုင်ဖို့အတွက် ပိုပြီးလွယ်ကူလာပါလိမ့်မယ်။ အဲဒီလိုလုပ်တာဟာ ဒါနှစ်ဦးနှစ်ဖက်အတွက်လည်း ပိုအဆင်ပြေပါလိမ့်မယ်။ ပိုပြီး တိကျပါလိမ့်မယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့အတူ ပျောက်ဆုံးနေသူများနှင့်ပတ်သက်၍ တရားဥပဒေလမ်းကြောင်းအရ ရဲစခန်းတွင် လူပျောက်တိုင်ချက်ဖွင့်ခြင်း ဆောင်ရွက်ရန် ၎င်းက ဆက်လက်ပြောကြားသည်။

“ တိုက်ရိုက်အကြောင်းအကြားတာကတော့ တရားဥပဒေအရကတော့ မဟုတ်ဘူး။ အကြောင်းကြားရမှာက လူပျောက်တိုက်ချက်ဖွင့်တယ်ဆိုတာ ရဲစခန်းကဖွင့်တာပဲ။ ရဲစခန်းကို သူ့လုပ်ထုံးလုပ်နည်း ကျွန်တော်နားလည်သလောက်ပြောမယ်။ ရဲစခန်းကို လူပျောက်တိုင်ချက်ဖွင့်တယ်။ လူပျောက်တိုင်ချက်နဲ့  ပတ်သက်ပြီး ဘယ်သူကိုသံသယရှိတယ် ဘာညာ ထည့်ရေးရင် ရဲစခန်းကလည်း တပ်ကို သံသယရှိတယ်ဆိုရင် တပ်ကိုအကြောင်းကြားမှာပဲ။ ဒါမှမဟုတ်လည်း ဘယ်အဖွဲ့ဘယ်ပုဂ္ဂိုလ်ဆို အကြောင်းကြားမှာပဲ။ သူတို့လည်း တရားဝင် စုံစမ်းစစ်ဆေးမှုလုပ်မှာပဲ။ တရားဝင်လုပ်မှာပဲ။ ဒါတွေသည် တရားဝင် လမ်းကြောင်းက ရှိပြီဖြစ်ပါတယ်။ ဒါတွေကို လုပ်ဆောင်နေကြဖြစ်ပါတယ်။ ကျွန်တော်တို့က တရားဥပဒေထက် ကျော်လွန်လုပ်ဆောင်မှု မရှိဘူးလို့ပြောချင်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်၌ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုသည် မရှိသလောက် လျော့နည်းခဲ့ပြီး နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကာလကတည်းက ဖြစ်ကြောင်းနှင့် တပ်မတော်အနေဖြင့်လည်း အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် မြို့ရွာလုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံရေးတို့ကို အဓိကထား ဆောင်ရွက်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent