ဝိုင်းမော်မြို့နယ်တွင် တပ်မတော်က မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေပြီး မိုးမောက်မြို့နယ် အတွင်းရှိ ရွာတစ်ရွာတွင် မိုင်းရှင်းလင်းမှု ပြီးစီး

ဝိုင်းမော်မြို့နယ်တွင် တပ်မတော်က မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေပြီး မိုးမောက်မြို့နယ် အတွင်းရှိ ရွာတစ်ရွာတွင် မိုင်းရှင်းလင်းမှု ပြီးစီး
တပ်မတော်က ကျောက်စခန်းရွာတွင် မိုင်းရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်နေစဉ်(ဓာတ်ပုံ-Hpauyam Hka Li)
တပ်မတော်က ကျောက်စခန်းရွာတွင် မိုင်းရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်နေစဉ်(ဓာတ်ပုံ-Hpauyam Hka Li)
Published 16 November 2020

စစ်ဘေးရှောင်ဒေသခံများ နေရပ်ပြန်နိုင်ရေးအတွက် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် တပ်မတော်က မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေပြီး မိုးမောက်မြို့နယ်အတွင်းရှိ ကျောက်စခန်းကျေးရွာတွင် မိုင်းရှင်းလင်းရေးလုပ်ငန်း ပြီးစီးသွားပြီဖြစ်ကြောင်း ကချင်စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေးကော်မတီ (KHCC) မှ ဦးခါးလီက ပြောသည်။

တပ်မတော်နှင့် KIA တို့ ၂၀၁၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့နယ်၊ ဒဘတ်ယန်ကျေးရွာမှ ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၎င်းတို့ နေရပ်ပြန်လာနိုင်ရေးအတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ မိုင်းရှင်းလင်းရေးအင်ဂျင်နီယာအဖွဲ့သည် နိုဝင်ဘာ ၁၂ ရက်မှစတင်ကာ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ထို့အတူ မိုးမောက်မြို့နယ်၊ ကျောက်စခန်းကျေးရွာတွင်လည်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ မိုင်းရှင်းလင်းရေးအင်ဂျင်နီယာအဖွဲ့က နိုဝင်ဘာ ၁၃ ရက်တွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ နှစ်ရက်အကြာတွင် မိုင်းရှင်းလင်းရေးလုပ်ငန်း ပြီးစီးခဲ့ကြောင်း KHCC မှ ဦးခါးလီက ပြောသည်။

“ မိုင်းရှင်းလင်းရေးက ကျောက်စခန်းမှာတော့ ရှင်းပြီးသွားပါပြီ။ မိုးမောက်မြို့နယ် ကျောက်စခန်းကျေးရွာမှာတော့ ရှင်းပြီးပြီ။ ဒဘတ်ယန်မှာတော့ ဆက်ရှင်းနေတုန်းပဲ ရှိသေးတယ်။ အိမ်ထောင်စုပေါင်း ၂၀ ကျော်ပဲ ပြီးသေးတယ်လို့ သိရတယ်။ ဝိုင်းမော်ဒဘတ်ယန်ပေါ့။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တာဝန်ယူပြီး ရှင်းပေးတာပါ” ဟု KHCC မှ ဦးခါးလီက ပြောသည်။

တပ်မတော်နှင့် KIA တို့ ၂၀၁၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တစ်ကျော့ပြန်တိုက်ပွဲများကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုအခါ ၎င်းတို့ နေရပ်ပြန်နိုင်ရေးအတွက် တပ်မတော်က မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကာ အဆိုပါလုပ်ငန်းစဉ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) လည်းပါဝင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

သို့သော် ယခုမိုင်းရှင်းလင်းရေး ပြုလုပ်သော နေရာနှစ်ခုတွင် ICRC မပါဝင်သေးကြောင်း၊ နိုဝင်ဘာ ၁၆ ရက်တွင်မူ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်တွင် မည်သို့ ပါဝင်ပေးရမည်ကို ICRC က ဆက်သွယ်မေးမြန်းလာကြောင်းလည်း ဦးခါးလီက ပြောသည်။

“ လောလောဆယ်တော့ ကျွန်တော်တို့ အခုလောလောဆယ်နေရပ်ပြန်ရေးကိစ္စ စီစဉ်နေတဲ့ နေရာမှာတော့ အဲဒီဒဘတ်ယန်နဲ့ ကျောက်စခန်းပါပဲ။ ကျန်တဲ့နေရာတွေတော့ မလိုဘူးလို့ ပြောပါတယ်။ မိုင်းရှင်းတာတို့ ဘာတို့ ဆက်လက်ဆောင်ရွက်ဖို့ မရှိဘူးလို့ ပြောပါတယ်။ ICRC က ဒီနေ့တော့ ဘယ်လိုပါဝင်လို့ရမလဲ မေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘာမှမဆွေးနွေးရသေးဘူး” ဟု ဦးခါးလီက ပြောသည်။

ယခု မိုင်းရှင်းလင်းရာနေရာများသည် အစိုးရထိန်းချုပ်မှုအောက်တွင် ရှိနေသည့်အတွက် မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်တွင် KIO/KIA မပါဝင်သေးကြောင်းနှင့် ဒဘတ်ယန်ကျေးရွာတွင် ဆောင်ရွက်နေသော မိုင်းရှင်းလင်းရေးလုပ်ငန်းမှာ အချိန်ကာလအားဖြင့် ၂၅ ရက်ခန့် ကြာမြင့်နိုင်ကြောင်း ဦးခါးလီက ပြောသည်။

ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာမှ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသော ဒေသခံများ၏ တောင်းဆိုချက်အရ ဇူလိုင်လတွင်လည်း တပ်မတော်က နန်ဆန်ယန်ကျေးရွာတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

Most Read

Most Recent