အမှန်တကယ် လိုအပ်သည့် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်

အမှန်တကယ် လိုအပ်သည့် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်
Published 16 November 2020

စတိတ်မန်း ခေါ် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်ဟူသည် အာဏာစင်္ကြံလမ်းဆီသို့ လျှောက်လှမ်းလာနိုင်သည့် ရွေးကောက်တင်မြှောက်ခံရသူသက်သက် မဟုတ်။ ၎င်းတို့၏ နှလုံးသားထဲ၌ ပြည်သူများအတွက် စိုးရိမ်ပူပန်မှု မရှိသူကို စတိတ်မန်းဟု ခေါ်ဆိုနိုင်မည်မဟုတ်။ အငြင်းပွားစရာများ၏ ဗဟိုချက်၌ ရှိနေသူကို စတိတ်မန်းဟု ခေါ်ဆိုနိုင်မည်မဟုတ်။ နိုင်ငံရေးသမားများသည် ပုံပြောကောင်းသူများ ဖြစ်ကြရာ လက်ရှိဖြစ်ပေါ်နေသော အဆင်မပြေမှုများ ပြောင်းလဲကာ ပြေလည်သွားလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ပြည်သူများက နိုင်ငံရေးသမားများကို မဲပေးခဲ့ကြသည်။ သို့သော် နိုင်ငံရေးသမားအချို့သည် အာဏာကို ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်သည့် အရာအဖြစ် မှတ်ယူပြီး ကိုယ်ကျိုးအတွက်သာ အသုံးချခဲ့ကြသည်။ ၎င်းတို့သည် အမှန်တကယ် မရှိသော အရာများကို အမှန်တကယ်ရှိသည် သို့မဟုတ် အမှန်တကယ် ဖြစ်လာမည်ဟု အာပေါင်အာရင်းသန်သန် ပြောဆိုနေသော မျက်လှည့်ဆရာများထက် ဘာမျှမပိုပေ။

စတိတ်မန်းဟူသည် ပြည်သူများ၏ ကောင်းကျိုးချမ်းသာအဝဝကို မြှင့်တင်ပေးရန် ကြိုးပမ်းသူများသာ ဖြစ်သည်။ ကမ္ဘာပေါ်တွင် စတိတ်မန်းများ တစ်နေ့တခြား နည်းပါး၍ လာနေသည်ဟုသာ ဆိုနိုင်သည်။ ရိုးသားမှု သို့မဟုတ် ဖြောင့်မတ်တည်ကြည်မှု မရှိသူကို မည်သူမျှ စတိတ်မန်းဟု သတ်မှတ်မည် မဟုတ်ပါ။ စတိတ်မန်းတို့မည်သည် ပြည်သူများ၏ ဘုံအကျိုး စီးပွားကိုသာ ရှေးရှုပြီး အာဏာ၏ အဆောင်အယောင် အဆင်တန်ဆာအားလုံးကို ပြည်သူတို့၏ အကျိုးအတွက် စွန့်လွှတ်ကြသူများ ဖြစ်သည်။ ၎င်းတို့သည် ပြည်သူများ၏ ဘုံအကျိုးစီးပွားအတွက် မိမိတို့၏ ကိုယ်ကျိုးများကို စွန့်လွှတ်ခဲ့ကြသူများသာမက လိုအပ်ပါက အာဏာကိုပင် စွန့်လွှတ်ရန် ဝန်မလေးသူများ ဖြစ်ကြသည်။ ၎င်းတို့၌ အဓိက အရည်အသွေးလေးရပ် ရှိရသည်။

အခြေခံသဘောတရားခိုင်မာမှု - တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်တစ်ဦးသည် သူ၏ ပလက်ဖောင်းကို ခိုင်မာသော၊ အပြောင်းအလဲမရှိသော၊ အခြေခံကျသော အမှန်တရားများပေါ်၌ တည်ဆောက်သည်။ ယင်းအမှန်တရားများသည် သူ၏ အဓိကမဏ္ဍိုင်ဖြစ်သော ဆက်စပ်လွှမ်းခြုံထားသော အတွေးအခေါ်အပေါ်၌ သူယုံကြည်ထားသည့် အရာများဖြစ်သည်။ အတိုက်အခံပြုမှုများနှင့် စိန်ခေါ်မှုများသည် ပေါ်ပေါက်၍ လာမည်ဖြစ်ပြီး အချိန်များသာ ပြောင်းလဲသွားသော်လည်း အခြေခံအုတ်မြစ်သည် မယိမ်းမယိုင်ဘဲ ကျန်ရစ်မြဲဖြစ်ရသည်။ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တစ်ဦးသည် သူ၏မူဝါဒအသေး စိတ်အချက်များနှင့် ယင်းမူဝါဒများကို ရယူရန် နည်းလမ်းများ ပြောင်းလဲနိုင်သော်လည်း အခြေခံသဘောတရားများမှာမူ မပြောင်းမလဲ ကျန်ရစ်မြဲသာဖြစ်သည်။

ကိုယ်ကျင့်တရား - စစ်မှန်သော တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တစ်ဦးသည် သူ၏ကိုယ်ပိုင် ကိုယ်ကျင့်တရားဆိုင်ရာ အတိုင်းအတာဖြင့်သာ ဆုံးဖြတ်ချက်များကို ချမှတ်တတ်သူ ဖြစ်သည်။ သူသည် မီးစင်ကြည့်ကနေသူ တစ်ဦးမဟုတ်ဘဲ လုံးဝမှန်ကန်သည့် အမှန်တရားများကိုသာ ယုံကြည်သူဖြစ်သောကြောင့် သူ၏ ကိုယ်ကျင့်တရားဆိုင်ရာ အတိုင်းအတာသည် ဓမ္မနှင့် အဓမ္မတရားကို သိရှိခြင်းအပေါ်၌သာ အခြေပြုသည်။ တစ်စုံတစ်ရာသည် မှားယွင်းနေပါက သူသည် မှားယွင်းသည်ဟုသာ ရိုးရှင်းစွာဆိုပြီး သူအင်အားရှိသမျှ အရာရာဖြင့် အဓမ္မတရားကို ဆန့်ကျင်မည်ဖြစ်သည်။ တစ်စုံတစ်ရာသည် မှန်ကန်သည်ဟုဆိုပါက ယင်းဓမ္မတရားကို ထိန်းသိမ်းရေးနှင့် ဖြန့်ချိရေးတို့အတွက် အတိုက်အခံ မှန်သမျှကို ကျော်လွှားရန် ဆန္ဒရှိသူ ဖြစ်သည်။ တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တစ်ဦးသည် ရည်မှန်းချက်ကြီးသူဖြစ်ပြီး အာဏာရှိသည့် အနေအထားတစ်ရပ်ကို ရယူရမည်ဖြစ်သည်။ သို့သော် ၎င်းအနေဖြင့် ထိပ်ပိုင်းသို့ ရောက်ရေးအတွက် လုပ်သင့်သည့်အရာများနှင့် မလုပ်သင့်သည့် အရာများကို ကိုယ်ကျင့်တရားအရ ကွဲကွဲပြားပြား နားလည်သူဖြစ်သည်။ သူသည် သမာဓိရှိသူဖြစ်ပြီး အမှန်တရားကိုသာ ပြောဆို၏။ သူသည် ကိုယ်ကျင့်တရားအရ ရရှိသော အာဏာဖြင့်သာ ဦးဆောင်ပြီး သူ၏ နိုင်ငံသားအားလုံးကို ကိုယ်စားပြုသူဖြစ်သည်။

အမြော်အမြင် - တိုင်းပြုပြည်ပြုပုဂ္ဂိုလ်တစ်ဦးသည် သူ၏ နိုင်ငံနှင့် ပြည်သူများ ဖြစ်လာနိုင်သည်များနှင့် ပတ်သက်၍ ရှင်းလင်းသော အမြော်အမြင်ရှိသူဖြစ်သည်။ သူသည် ပြည်သူပြည်သားများကို ခေါ်ဆောင်ပေးလိုသော နေရာနှင့် ယင်းနေရာသို့ ရောက်ရှိရန် လုပ်ဆောင်ရမည့် အရာများကို သိရှိသူဖြစ်သည်။ သူသည် လောက၌ရှိသော ပြဿနာများကို သိမြင်နိုင်စွမ်းရှိပြီး ရေတိုသာမက ရေရှည်အတွက်ပါ ကောင်းမွန်သည့် ဖြေရှင်းမှုများဖြင့် ကျော်လွှားနိုင်စွမ်းရှိသူဖြစ်သည်။ သူသည် ယခုမျက်မှောက်ကာလ တစ်ခုတည်းကိုသာ ကြည့်သူမဟုတ်ဘဲ အနာဂတ်မျိုးဆက်များ ဆက်ခံရမည့် လောကကိုပါ ရှုမြင်သူ ဖြစ်သည်။

အများသဘောတူညီချက်တစ်ရပ်ကို တည်ဆောက်နိုင်စွမ်း - နိုင်ငံရေးသမားတစ်ဦးသည် မူဝါဒခိုင်မာမှု၊ ကိုယ်ကျင့်တရား အတိုင်းအတာတစ်ရပ်နှင့် အမြော်အမြင်တစ်ရပ် ရှိနိုင်သည်။ သို့သော် အမြော်အမြင်အတိုင်း ရယူရန် အများသဘော တူညီချက်တစ်ရပ်ကို တည်ဆောက်နိုင်စွမ်း မရှိပါက မူဝါဒများ၊ ဥပဒေများနှင့် သမိုင်းလမ်းကြောင်းများကို ပြောင်းလဲရန် သူ၏ အားထုတ်မှုများသည် အချည်းနှီးသာဖြစ်လိမ့်မည်။ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်တစ်ဦး၏ အောင်မြင်မှုသည် သူ၏ အတွေးအခေါ်နှင့်ပတ်သက်သည့် ကောင်းမွန်မှုကို သူ၏ နိုင်ငံသားများ ယုံကြည်အောင် ပြုလုပ်နိုင်စွမ်းပေါ်၌ မူတည်နေသည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်နိုင်ငံအား တည်ဆောက်ရာတွင် အမှန်တကယ် လိုအပ်သည်မှာ မရေရာသည့် စကားများကိုသာ ပြောတတ်သည့် နိုင်ငံရေးသမားများ မဟုတ်ဘဲ စစ်မှန်သည့် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်များသာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ နိုဝင်ဘာ ၁၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent