ရှမ်းပြည်နယ်တွင် ပါတီကြီးများအကြား အနိုင်ရမဲဆန္ဒနယ်ကွာဟမှု ကျဉ်းမြောင်းခြင်းကြောင့် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးချယ်ရေးတွင် ဆွေးနွေးရဖွယ်ရှိဟု SNLD ပါတီ ပြောကြား

ရှမ်းပြည်နယ်တွင် ပါတီကြီးများအကြား အနိုင်ရမဲဆန္ဒနယ်ကွာဟမှု ကျဉ်းမြောင်းခြင်းကြောင့် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးချယ်ရေးတွင် ဆွေးနွေးရဖွယ်ရှိဟု SNLD ပါတီ ပြောကြား
Published 14 November 2020
ဉာဏ်လင်းထွန်း

ရှမ်းပြည်နယ် လွှတ်တော် မဲဆန္ဒနယ်အများစုတွင် NLD အနိုင်ရသော်လည်း ဒုတိယအများဆုံးအနိုင်ရ SNLD ပါတီ၊ တတိယ အများဆုံးအနိုင်ရ USDP ပါတီတို့ကြား မဲရလဒ်ကွာဟမှု ကျဉ်းမြောင်းသည်ဟု ပါတီတာဝန်ရှိသူအချို့က ပြောကြားသည်။

၂၀၀၈ အခြေခံဥပဒေအရ ပြည်နယ်အစိုးရကို ပြည်ထောင်စုအစိုးရဖွဲ့စည်းနိုင်သည့်ပါတီက ဖွဲ့စည်းခွင့်ရှိပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ ရွေးချယ်ရာတွင် မဲအများဆုံးရသူက စေ့စပ်ညှိနှိုင်း၍ ရယူမည့် သဘောရှိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) တွဲဖက် အထွေထွေအတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်က ပြောကြားသည်။

“ ဆိုတော့ လွှတ်တော်ဥက္ကဋ္ဌလိုမျိုးကို ဘယ်လိုလုပ်ကြမလဲပေါ့။ အဲဒီအပိုင်းက ကျွန်တော်ထင်တာက။ စေ့စပ်ညှိနှိုင်းမှုတွေ အခုမစသေးဘူးလေ။ စမလို့ မနေ့ကလိုမျိုး NLD က ကြေညာတယ်ဆိုတာ စေ့စပ်ညှိနှိုင်းမှုလုပ်မှာလား။ ဒါမှမဟုတ် လေသံစပစ် ကြည့်တာလား၊ ဘာလားပေ့ါ။ သူတို့ ဘယ်လို ခြေလှမ်းရွေ့မလဲအပေါ် မူတည်ပြီးတော့ ရခိုင်ရော၊ ရှမ်းရော၊ ကယားတို့လိုမျိုးတော့ လွှတ်တော်ဥက္ကဋ္ဌလိုမျိုးနေရာမှာ အပြောင်းအလဲရှိနိုင်တာပေ့ါ” ဟု SNLD တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်က ပြောကြားသည်။

NLD ပါတီက နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စဆိုသည့်ခေါင်းစဉ်ဖြင့် အကြောင်းကြားစာကို တိုင်းရင်းသား နိုင်ငံရေးပါတီ ၄၈ ပါတီထံ နိုဝင်ဘာ ၁၂ ရက်က ပေးပို့ခဲ့သည်။

နောင်အဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ဆန္ဒကို အလေးထားဆောင်ရွက်သွားမည်နှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု အရေးအတွက် တက်ကြွစွာ ပူးပေါင်းပါဝင်ရန် အကြောင်းကြားစာတွင် ဖော်ပြပါရှိပြီး ယင်းသို့အကြောင်းကြားစားပေးပို့ခြင်းမှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုအတွက် တိုင်းရင်းသားများနှင့် လက်တွဲဆောင်ရွက်မည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

လက်ရှိ မဲရလဒ်များအရ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၂၉ နေရာနှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် လေးနေရာတို့ကို NLD ပါတီက အနိုင်ရရှိပြီး ၊ SNLD ပါတီက ၂၇ နေရာနှင့် ပြည်ခိုင်ဖြိုးပါတီက ၂၄ နေရာတို့ အများဆုံး အနိုင်ရကာ အခြားတိုင်းရင်းသားပါတီများလည်း နေရာအနည်းငယ်အနိုင်ရရှိပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အနေဖြင့် ၃၆ ဦးရှိသည်။

၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ရှမ်းပြည်နယ်အတွင်း မဲဆန္ဒနယ်အများစု အနိုင်ရပါတီမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဖြစ်ပြီး ကိုယ်စားလှယ် ၃၁ ဦးအထိ ရရှိကာ ဒုတိယကိုယ်စားလှယ်အများဆုံးပါတီအဖြစ် SNLD ပါတီက ကိုယ်စားလှယ် ၂၈ ဦး၊ NLD ပါတီက ၂၅ ဦးဖြင့် တတိယအနိုင်ရပါတီ ဖြစ်ခဲ့သည်။

သို့သော် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအပြီးတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရမဲဆန္ဒနယ်အချို့ကို NLD ပါတီ အနိုင်ရကာ မဲဆန္ဒနယ် အများဆုံး အနိုင်ရပါတီဖြစ်လာပြီး SNLD ပါတီမှာ ဒုတိယအနိုင်ရပါတီအဖြစ် ဆက်လက်ရပ်တည်သည်။

“ တကယ်တမ်းကျတော့ ဒီပွဲမှာ အရင် ၂၀၁၅ ထက် တော်တော်လေးနိုင်မယ်လို့  တွက်ထားတာပေါ့။ အခု ကျွန်တော်တို့ မှန်းတဲ့ ၁၀ မြို့နီးပါးလောက်က မဲရလဒ်တော့ တက်လာတယ်။ မနိုင်ဘူးဖြစ်တယ်ပေါ့။ ကြိုးစားတဲ့အတွက် မဲရလဒ်တော့ တက်တယ်။ ဒါပေမဲ့ ခုနပြောသလို အပြောင်းအလဲက အစိမ်းပေးတဲ့သူက အနီကို ဝိုင်းပေးလိုက်ကြတော့ Vote တွေက ဟိုဘက်ရွေ့သွားတဲ့အခါကျတော့ ကျွန်တော်တို့က ယှဉ်ရတာ နည်းနည်း ပိုခက်သွားတဲ့သဘောရှိတယ်” ဟု စိုင်းကျော်ညွန့်က ပြောကြားသည်။

ရှမ်းပြည်နယ်အတွင်း ကျားခေါင်းပါတီဟု လူသိများသော SNLD ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၁၃ နေရာ၊ အမျိုးသားလွှတ်တော် နှစ်နေရာနှင့် ပြည်နယ်လွှတ်တော် ၂၇ နေရာ စုစုပေါင်း အနိုင်ရ မဲဆန္ဒနယ် ၄၂ နေရာရှိကြောင်း ပါတီထုတ်ပြန်ချက်အရ သိရသည်။

SNLD ပါတီသည် မူဆယ်၊ သိန္နီ၊ တန့်ယန်း၊ မိုင်းရယ်၊ သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊ လဲချား၊ မိုင်းရှူး၊ ကျေးသီး၊ ကွန်ဟိန်း၊ လင်းခေး၊ မိုးနဲ၊ မောက်မယ်မြို့နယ်များရှိ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များကို အနိုင်ရကာ လွိုင်လင်နှင့် နမ့်စန်မြို့နယ် ကချင်ပြည်နယ် မံစီမြို့နယ်များတွင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အချို့ အနိုင်ရခဲ့သည်။

ထို့ပြင် ရှမ်းပြည်နယ် လားရှိုးခရိုင်ဖြစ်သည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၆) နှင့် လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်တို့ ပါဝင်သည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၇) တို့ကိုလည်း အနိုင်ရကာ ကယားပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် ရှုံးနိမ့်ခဲ့သည်။

Most Read

Most Recent