ကာကွယ်ဆေးအပေါ် ယုံကြည်မှု

ကာကွယ်ဆေးအပေါ် ယုံကြည်မှု
Published 14 November 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တားမြစ်နိုင်သည့် ထိရောက်သော ကာကွယ်ဆေးများ ထွက်ရှိလာခဲ့လျှင်ပင် လူအများက ကာကွယ်ဆေးအပေါ် ယုံကြည်မှုမရှိခြင်းသည် ဘေးအန္တရာယ်ရှိစေနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကာကွယ်ဆေးဌာန ညွှန်ကြားရေးမှူး ကိတ်အိုဘရိုင်ယန်က နိုဝင်ဘာ ၁၄ ရက်၌ အေအက်ဖ်ပီသတင်းဌာနနှင့် အင်တာဗျူးတွင် သတိပေးပြောကြားခဲ့သည်။ “အအေးခန်း ဒါမှမဟုတ် ရေခဲသေတ္တာ ဒါမှမဟုတ် စင်ပေါ်မှာ ရှိနေတဲ့ ကာကွယ်ဆေးတစ်ခုဟာ အသုံးမပြုဘူးဆိုရင် ကပ်ရောဂါ ကူးစက်မှုကို တားမြစ်ရာမှာ ဘယ်လိုမှ အကူအညီ မဖြစ်နိုင်ပါဘူး” ဟု ၎င်းက ဆိုသည်။

အမေရိကန်ဆေးကုမ္ပဏီကြီး Pfizer နှင့် ဂျာမန်မိတ်ဖက် BioNTech တို့က ပထမဆုံး သမိုင်းဝင် အောင်မြင်မှုအဖြစ် COVID-19 ကာကွယ်ဆေးသည် ရာခိုင်နှုန်း ၉၀ ကာကွယ်မှုပေးနိုင်ကြောင်း လေ့လာချက်များက ပြသသည်ဟု နိုဝင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိရောက်သည့် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသည် လူပေါင်း ရာခိုင်နှုန်း ၉၀ ကျော်ကို COVID-19 ရောဂါ ကူးစက်ခံရမှုမှ ကာကွယ်ပေးနိုင်ကြောင်း အကြိုလေ့လာစမ်းသပ်ချက်များက ပြသသည်ဟု ဆိုသည်။ ၎င်းတို့၏ ကာကွယ်ဆေးကို နိုင်ငံပေါင်း ခြောက်နိုင်ငံမှ လူပေါင်း ၄၃,၅၀၀ တွင် စမ်းသပ်ထိုးနှံခဲ့ပြီး ဘေးကင်းလုံခြုံမှုဆိုင်ရာ စိုးရိမ်ဖွယ်ရာများ ပေါ်ထွက်လာခဲ့ခြင်း မရှိကြောင်း သိရသည်။ ယင်းကုမ္ပဏီများသည် ယခုလကုန်တွင် ကာကွယ်ဆေးကို အသုံးပြုနိုင်ရေး အရေးပေါ်အတည်ပြုချက် ရယူရန်အတွက် လျှောက်ထားရန် စီစဉ်နေသည်။ ရှေ့တွင် ကြုံတွေ့ရဦးမည့် ကြီးမားသော စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သော်လည်း ၎င်းတို့၏ ကြေညာချက်ကို သိပ္ပံပညာရှင်များက နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။

ယခုရလဒ်များသည် အလွန်အရေးကြီးပြီး နောက်ဆုံးအဆင့် စမ်းသပ်မှုသို့ ရောက်ရှိနေသည့် အခြားကာကွယ်ဆေးများ၏ ပဏာမအချက်အလက်များကိုလည်း မကြာမီ ထုတ်ပြန်နိုင်ရန် မျှော်လင့်ကြောင်း အိုဘရိုင်ယန်က ပြောကြားခဲ့သည်။ “ဗိုင်းရပ်စ်ကာကွယ်ဆေးရဲ့ ပြီးပြည့်စုံတဲ့ အချက်အလက် ထုတ်ပြန်ချက်တွေအရ တစ်ခု ဒါမှမဟုတ် တစ်ခုထက် ပိုတဲ့ ဗိုင်းရပ်စ်ကာကွယ်ဆေးတွေဟာ အလွန့်အလွန် ထိရောက်မှုရှိတယ်ဆိုရင် ဒါဟာ ဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့လိုအပ်တဲ့ လက်နက်သေတ္တာထဲမှာ နောက်ထပ်လက်နက်တစ်လက် ထည့်သွင်းဖို့ သတင်းကောင်းတစ်ခုပါပဲ” ဟု ၎င်းက ဆိုသည်။ သို့သော် လူပေါင်း ၁ ဒသမ ၃ သန်းကို  သေဆုံးစေခဲ့ပြီးဖြစ်သည့် ဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်မည့် ကာကွယ်ဆေးနှင့်ပတ်သက်သည့် သတင်းအမှားများနှင့် သိပ္ပံပညာရပ်များအပေါ် လူအများ၏ ယုံကြည်လက်ခံနိုင်မှုမရှိဘဲ ကာကွယ်ဆေးထိုးနှံရန် တုံ့ဆိုင်းမှုများသည် စိုးရိမ်ဖွယ်ကောင်းသည့် အခြေအနေဖြစ်သည်” ဟု အိုဘရိုင်ယန်က ပြောကြားခဲ့သည်။

“ လူတွေက ကာကွယ်ဆေးထိုးနှံလိုသည့် စိတ်ဆန္ဒမရှိလျှင် ကျွန်မတို့ ကပ်ရောဂါကို အောင်မြင်စွာ ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ ကာကွယ်ဆေးကို လူအများ ယုံကြည်စွာ ထိုးနှံနိုင်ဖို့ WHO အပါအဝင် ချင့်တွက်စိစစ်မှုတွေ လုပ်ဆောင်ဖို့ အများအပြား လိုအပ်ပါတယ်။ ကျွန်မတို့အနေနဲ့ ကာကွယ်ဆေးရဲ့ဘေးကင်းစွာအသုံးပြုနိုင်မှုအခြေအနေနဲ့ ထိရောက်မှု ရှိ၊ မရှိအပေါ် အပေးအယူနည်းနဲ့ ညှိနှိုင်းလုပ်ဆောင်သွားမှာ မဟုတ်ပါဘူး” ဟု အိုဘရိုင်ယန်က ပြောကြားခဲ့သည်။

Pfizer နှင့် BioNTech တို့၏ ဗိုင်းရပ်စ် ကာကွယ်ဆေးသည် ဗိုင်းရပ်စ်ကူးစက်မှုမရှိအောင် အချိန်မည်မျှကြာ ကာကွယ်ပေးနိုင်သနည်းဆိုသည့် မေးခွန်းအပါအဝင် မေးခွန်းအများအပြား ထွက်ပေါ်နေသည်။ ယခုကဲ့သို့ မေးခွန်းအများအပြား ထွက်ပေါ်နေသော်လည်း WHO သည် မကြာမီ တစ်ခု သို့မဟုတ် တစ်ခုထက် ပိုသည့် ကာကွယ်ဆေးများကို အတည်ပြုရန် သေချာနေပြီး အတည်ပြုပြီးနောက် အများအပြား ထုတ်လုပ်ဖြန့်ချိရန် လုပ်ဆောင်သွားမည်ဖြစ်သည်။ “အဓိကရည်ရွယ်ချက်ကတော့ ၂၀၂၁ ခုနှစ်ကုန်မှာ နိုင်ငံတိုင်းရဲ့လူဦးရေ ရာခိုင်နှုန်း ၂၀ ဟာ ကာကွယ်ဆေးထိုးနှံပြီးဖြစ်ရမယ်ဆိုတဲ့ အချက်ဖြစ်ပြီး၂၀၂၂ ခုနှစ်မှာ ကာကွယ်ဆေးအလုံးရေ အများအပြား ထုတ်လုပ်ပြီး ထိုးနှံပေးသွားနိုင်ဖို့ မျှော်လင့်ထားပါတယ်” ဟု အိုဘရိုင်ယန်က ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ကာကွယ်ဆေးသည်သာ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ရပ်တန့်နိုင်သည့် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နေသောကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း ကာကွယ်ဆေးကို ယုံကြည်လျက် အများနည်းတူ ကာကွယ်ဆေးများ ရရှိနိုင်ရေးကိစ္စကို မျက်ခြည်မပြတ် အာရုံစိုက်နေသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ နိုဝင်ဘာ ၁၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent