ရခိုင်တွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သော နေရာများ၌ ရွေးကောက်ပွဲကျင်းပနိုင် ရန်တပ်မတော်နှင့် AA ၏ တောင်းဆိုမှုသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးနှင့် အသွင်ကူးပြောင်းရေး အဓိကတွန်းအားဖြစ်ဟု ANP ပါတီထုတ်ပြန်

ရခိုင်တွင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သော နေရာများ၌ ရွေးကောက်ပွဲကျင်းပနိုင် ရန်တပ်မတော်နှင့် AA ၏ တောင်းဆိုမှုသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးနှင့် အသွင်ကူးပြောင်းရေး အဓိကတွန်းအားဖြစ်ဟု ANP ပါတီထုတ်ပြန်
နိုဝင်ဘာ ၈ ရက်က ပြုလုပ်သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် စစ်တွေမြို့ရှိ မဲရုံတစ်ခုတွင် မဲပေးရန် စောင့်ဆိုင်းနေသည့် ဒေသခံများကို တွေ့ရစဉ် (ဓာတ်ပုံ-သန်းလှိုင်)
နိုဝင်ဘာ ၈ ရက်က ပြုလုပ်သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် စစ်တွေမြို့ရှိ မဲရုံတစ်ခုတွင် မဲပေးရန် စောင့်ဆိုင်းနေသည့် ဒေသခံများကို တွေ့ရစဉ် (ဓာတ်ပုံ-သန်းလှိုင်)
Published 13 November 2020

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲအမြန်ဆုံး ကျင်းပနိုင်ရန် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့တို့ နှစ်ဖက်စလုံးမှ တောင်းဆိုမှုသည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အသွင်ကူးပြောင်းရေးအတွက် အဓိကတွန်းအားဖြစ်သည်ဟု ယုံကြည်ကြောင်း ရခိုင်အမျိုးသားပါတီ ANP က နိုဝင်ဘာ ၁၃ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များ၌ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပေးရန် အစိုးရနှင့် တပ်မတော်ကို AA အဖွဲ့က မေတ္တာရပ်ခံခဲ့ပြီး AA အဖွဲ့၏ အဆိုပါထုတ်ပြန်ချက်အပေါ် ကြိုဆိုကြောင်းနှင့် ကျန်ရှိသည့် နေရာများတွင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်များအပေါ် ရခိုင်အမျိုးသားပါတီ ANP က အထက်ပါအတိုင်း ၎င်းတို့သဘောထားကို ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မြို့နယ်များနှင့် မဲဆန္ဒနယ်မြေများရှိ နိုင်ငံသားအခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရန် နှစ်ဖက်စလုံးမှ တောင်းဆိုမှုသည် မြန်မာနိုင်ငံကို ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် အသွင်ကူးပြောင်းရေးအတွက် အဓိကတွန်းအားတစ်ခုဖြစ်သည်ဟု ယုံကြည်ကြောင်း ANP ပါတီက ထုတ်ပြန်သည်။

“ကျွန်မတို့ကတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ ရွေးကောက်ပွဲ မကျင်းပဘဲ ပယ်ဖျက်ခံရတဲ့ ပြည်နယ်က ပါတီဖြစ်ပါတယ်။ အဲဒီတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတဲ့အခါမှာ ကျန်တဲ့ပါတီတွေက မဲဆန္ဒနယ် အပြည့်အဝနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ယှဉ်ပြိုင်ခွင့်ရတယ်။ မဲဆန္ဒရှင် ပြည်သူတွေကလည်း ကိုယ်စားပြု မဲပေးခွင့်ရခဲ့တယ်။ နိုင်ငံသားအခွင့်အရေးတွေကို ရခဲ့တယ်။ လူ့အခွင့်အရေးတွေကို ရခဲ့တယ်။ ကျွန်မတို့ ရခိုင်ပြည်နယ်ရဲ့ မဲဆန္ဒရှင် ပြည်သူတွေကတော့ နိုင်ငံသားအခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေ ဆုံးရှုံးခဲ့ကြတယ်။ သူတို့ရဲ့ ဆန္ဒပြုခွင့်ရယ်ပေါ့။ အဲဒီတော့ လုံခြုံရေးအကြောင်းပြပြီးတော့ ပယ်ဖျက်လိုက်တဲ့ နေရာတွေကို ပြန်လည်ပြီးတော့ ရွေးကောက်ပွဲ ဆောင်ရွက်လို့ရအောင် AA/ ULA အဖွဲ့က သဘောထားကြေညာချက်ထုတ်ပြန်တယ်။ နာရီပိုင်းအတွင်းမှာပဲ မြန်မာ့တပ်မတော်ကလည်းပဲ အဲဒီထုတ်ပြန်ချက်ကို ထောက်ခံကြိုဆိုပြီးတော့ အပစ်အခတ်ရပ်စဲရေးအတွက် ဆောင်ရွက်ပြီးတော့ ဒီရွေးကောက်ပွဲတွေ ဖြစ်မြောက်ဖို့ ပါဝင်ကူညီကြမယ်ဆိုတာမျိုး ထုတ်လိုက်တော့ ဒါတကယ်ကြိုဆိုရမယ့် မင်္ဂလာရှိတဲ့ သဘောထား ကြေညာချက်တွေ ဖြစ်တယ်ဆိုတာကို ကျွန်မတို့ ထင်မြင်ယူဆတဲ့အတွက် ဒီသဘောထားကြေညာချက်ကို ထုတ်ပြန်ရတာဖြစ်ပါတယ်” ဟု ANP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောကြားသည်။

တပ်မတော်နှင့် AA တို့က နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်များသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်း၌ ထာဝရငြိမ်းချမ်းရေးလမ်းကြောင်း အစပျိုးသည့် အပြုသဘောဆောင်သော ချဉ်းကပ်မှုဖြစ်သည်ဟု ယုံကြည်၍ လှိုက်လှဲစွာ ကြိုဆိုကြောင်း ANP ပါတီ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

“ကျွန်မတို့ဟာ တစ်ချိန်လုံးပဲ တိုက်ပွဲတွေနဲ့ ထိခိုက်နာကျင်မှုတွေနဲ့ တစ်ဖက်နဲ့ တစ်ဖက်နဲ့ စွပ်စွဲတာတွေနဲ့ ဒီလိုဖြစ်နေကြတဲ့ အနေအထားတွေ။ စစ်ဘေးရှောင်တွေလည်း အများကြီးရှိတယ်။ သတင်းစာရှင်းလင်းပွဲတွေလည်း ထုတ်လိုက်။ တစ်ဖက်နဲ့ တစ်ဖက်နဲ့ ဖမ်းဆီးလိုက်။ ကျေးရွာတွေ မီးရှို့ခံရလိုက် စသည်ဖြင့် ဒီလောက်ဖြစ်နေတဲ့ အနေအထားမှာ ဒီအကွက်အကွင်း ကလေးဟာ ပယ်ဖျက်ထားတဲ့ ရွေးကောက်ပွဲတွေကို လုံခြုံစွာ ဆောင်ရွက်ပေးမယ်ဆိုတဲ့ အဆင့်ကနေ နောက်ထပ်ငြိမ်းချမ်းရေး အဆင့်ဆင့်ကို ကျွန်မတို့သွားနိုင်မယ့် ရောင်နီကလေးတစ်ခုအဖြစ် ကျွန်မတို့ ရှုမြင်ပါတယ်။ ဒီအနေအထားကို ရောက်လာဖို့ဆိုတာ တကယ့်ကို လူတိုင်းက အံ့သြကြတယ်။ ပျော်ရွှင်ကြတယ်။ ကြိုဆိုကြတယ်ဆိုတာကလည်း အားလုံး မြင်နေ၊ တွေ့နေ၊ ကြားနေရပါတယ်” ဟု ANP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောကြားသည်။

ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မြို့နယ်များနှင့် မဲဆန္ဒနယ်မြေများတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ လျှင်မြန်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်သူများအားလုံးမှ ပူးပေါင်းပါဝင်ကြရန် ANP ပါတီက တိုက်တွန်းသည်။

ယခုကဲ့သို့ နှစ်ဖက်စလုံးမှ အပြုသဘောဆောင်သော ချဉ်းကပ်မှုမှတစ်ဆင့် အပြန်အလှန်လေးစား ယုံကြည်မှု တည်ဆောက်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာ၍ ပြည်ထောင်စုတစ်ဝန်းလုံး ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်နိုင်ကြရန်လည်း အဆိုပါ ထုတ်ပြန်ချက်တွင် ANP ပါတီက တိုက်တွန်းသည်။ 

မင်းနိုင်စိုး

Most Read

Most Recent