COVID-19 ကာကွယ်ဆေး မျှော်လင့်ချက်

COVID-19 ကာကွယ်ဆေး မျှော်လင့်ချက်
Published 10 November 2020

အမေရိကန်ဆေးကုမ္ပဏီကြီး Pfizer နှင့် ဂျာမန်မိတ်ဖက် BioNTech တို့က ပထမဆုံး သမိုင်းဝင် အောင်မြင်မှုအဖြစ် COVID-19 ကာကွယ်ဆေးသည် ရာခိုင်နှုန်း ၉၀ ကာကွယ်မှုပေးနိုင်ကြောင်း လေ့လာချက်များက ပြသသည်ဟု နိုဝင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိရောက်သည့် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသည် လူပေါင်း ရာခိုင်နှုန်း ၉၀ ကျော်ကို COVID-19 ရောဂါ ကူးစက်ခံရမှုမှ ကာကွယ်ပေးနိုင်ကြောင်း အကြိုလေ့လာ စမ်းသပ်ချက်များက ပြသသည်ဟု ဆိုသည်။ ၎င်းတို့၏ ကာကွယ်ဆေးကို နိုင်ငံပေါင်း ခြောက်နိုင်ငံမှ လူပေါင်း ၄၃,၅၀၀ တွင် စမ်းသပ်ထိုးနှံခဲ့ပြီး ဘေးကင်းလုံခြုံမှုဆိုင်ရာ စိုးရိမ်ဖွယ်ရာများ ပေါ်ထွက်လာခဲ့ခြင်း မရှိကြောင်း သိရသည်။ ယင်းကုမ္ပဏီများသည် ယခုလကုန်တွင် ကာကွယ်ဆေးကို အသုံးပြုနိုင်ရေး အရေးပေါ်အတည်ပြုချက် ရယူရန်အတွက် လျှောက်ထားရန် စီစဉ်နေသည်။ ရှေ့တွင် ကြုံတွေ့ရဦးမည့် ကြီးမားသော စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သော်လည်း ၎င်းတို့၏ ကြေညာချက်ကို သိပ္ပံပညာရှင်များက နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။

ယခုကာကွယ်ဆေးသည် သီတင်းသုံးပတ်ခြားလျက် နှစ်ကြိမ်ထိုးနှံရန် လိုအပ်ပြီး အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ဘရာဇီး၊ အာဂျင်တီးနား၊ တောင်အာဖရိကနှင့် တူရကီတို့တွင် စမ်းသပ်ထိုးနှံမှုများ ပြုလုပ်ခဲ့ရာ ဒုတိယအကြိမ် ထိုးနှံမှုပြီးနောက် ခုနစ်ရက်အကြာတွင် ရာခိုင်နှုန်း ၉၀ ကာကွယ်နိုင်သည်ကို တွေ့ရှိရသည်။ Pfizer ကုမ္ပဏီက ယခုနှစ်ကုန်၌ ကာကွယ်ဆေးပေါင်း အကြိမ်သန်း ၅၀ စာအား ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်အကုန်တွင် အကြိမ်ပေါင်း ၁ ဒသမ ၃ ဘီလျံစာ ထုတ်လုပ်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။ ဗြိတိန်သည် ယခုနှစ်အကုန်၌ ကာကွယ်ဆေးအကြိမ်ပေါင်း ၁၀ သန်းစာ ရရှိလိမ့်မည်ဖြစ်ပြီး နောက်ထပ် သန်း ၃၀ စာကို မှာယူထားပြီးဖြစ်ကြောင်းလည်း သိရသည်။

ရုရှားကျန်းမာရေးဝန်ကြီးဌာနကလည်း ရုရှား၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး Sputnik V သည် ၉၀ ရာခိုင်နှုန်းကျော် ထိရောက်မှုရှိကြောင်း အများပြည်သူကို ကာကွယ်ဆေးထိုးနှံမှုမှ စုဆောင်းရရှိသော အချက်အလက်များကို ကိုးကားပြီး နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။ လူအများကို ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်အရ ကာကွယ်ဆေးထိုးနှံခဲ့ကြသော နိုင်ငံသားများကို စောင့်ကြည့်ပြီး ဆေး၏ထိရောက်မှုကို လေ့လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ သုတေသနဌာနမှ ဒါရိုက်တာ အော့ဆာနာဒရက်ကီနာက ကြေညာချက်တွင် ပြောကြားခဲ့သည်။ ရုရှားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု မြင့်တက်နေပြီး နိုဝင်ဘာ ၉ ရက်က ကူးစက်မှုအသစ် ၂၁,၇၉၈ ထိ စံချိန်တင် တွေ့ရှိခဲ့သည်။ အချို့ဒေသများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ရန်အတွက် တင်းကျပ်သော အရေးယူဆောင်ရွက်မှုများ ချမှတ်ရန် အာဏာပိုင်များက တောင်းဆိုထားသည်။

ချမ်းသာသောနိုင်ငံများက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ဘီလျံနှင့်ချီ၍ ဝယ်ယူမှုများကြောင့် အနာဂတ်တွင် ထွက်ရှိလာမည့် ဗိုင်းရပ်စ်ကာကွယ်ဆေးကို ဖွံ့ဖြိုးဆဲနိုင်ငံများလည်း တန်းတူအသုံးပြုခွင့်ရရှိရန် လိုအပ်သည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၁၄ ရက်တွင် သတိပေးပြောကြားခဲ့သည်။ ချမ်းသာသော နိုင်ငံများနှင့် ဆင်းရဲသောနိုင်ငံများ အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် အရေးကြီးပြီး သို့မှသာ ဘေးကင်း၍ စျေးနှုန်းသက်သာသော ကာကွယ်ဆေးကို တန်းတူအသုံးပြုခွင့် အာမခံချက် ရရှိနိုင်မည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ “ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကာကွယ်ဆေးအများစု ရောက်လာမယ်လို့ ထင်လား။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်လာမလဲ” ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက မေးခွန်းထုတ်ခဲ့သည်။ ကမ္ဘာလူဦးရေ၏ ၁၃ ရာခိုင်နှုန်းရှိသည့် ချမ်းသာကြွယ်ဝသည့် နိုင်ငံများသည် ထွက်ရှိလာမည့် ဗိုင်းရပ်စ်ကာကွယ်ဆေး၏ ထက်ဝက်ကျော်ကို ဝယ်ယူခဲ့ပြီးဖြစ်ကြောင်း Oxfam အဖွဲ့၏ တွေ့ရှိချက်ကို ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့ပြီးနောက် ၎င်းက မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးကလည်း ၎င်း၏ အစိုးရအဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ရယူပေးရန် ငွေကြေးရှိထားသော်လည်း သူ့အနေဖြင့် တစ်နိုင်ငံလုံးကို ကာကွယ်ဆေးထိုးနှံပေးရန် လိုလားသောကြောင့် ငွေကြေးထပ်မံ လိုအပ်ဦးမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ ဒူတာတေး၏ ပြောကြားချက်အရ အစိုးရသည် ဖိလစ်ပိုင်နိုင်ငံသားအားလုံးကို ကာကွယ်ဆေးထိုးပေးရန် ရည်ရွယ်ထားကြောင်း သိရပြီး ဖိလစ်ပိုင်လူဦးရေမှာ ၁၁၃ သန်းခန့်ရှိသည်။ သဘောထားတင်းမာသည့် ဖိလစ်ပိုင်ခေါင်းဆောင်က ၎င်းအနေဖြင့် ရုရှား သို့မဟုတ် တရုတ်တစ်နိုင်ငံငံမှ လာသည့် COVID-19 ကာကွယ်ဆေး ထောက်ပံ့မှုများအား ပို၍လိုလားကြောင်းလည်း ပြောကြားခဲ့သည်။ ယင်းနှစ်နိုင်ငံစလုံးက ဖိလစ်ပိုင်နိုင်ငံတွင် ၎င်းတို့၏ ကာကွယ်ဆေးများ ထိုးနှံခြင်းအတွက် လက်တွေ့စမ်းသပ်ထိုးနှံမှုများ ဆောင်ရွက်ရန် ကမ်းလှမ်းထားကြသည်။ ဖိလစ်ပိုင်သည် အမေရိကန် ဆေးကုမ္ပဏီများ ဖြစ်ကြသော Pfizer နှင့် Moderna တို့အပါအဝင် အခြားဖြစ်နိုင်ခြေရှိသော ကာကွယ်ဆေး ထုတ်လုပ်သူများနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ကာကွယ်ဆေးသည်သာ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ရပ်တန့်နိုင်သည့် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နေသောကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း အများနည်းတူ ကာကွယ်ဆေးများ ရရှိနိုင်ရေးကိစ္စကို မျက်ခြည်မပြတ် အာရုံစိုက်နေသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ နိုဝင်ဘာ ၁၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent