ပထမဦးစားပေးအဖြစ် အာရုံစိုက်ရတော့မည့် COVID-19 ရောဂါ တိုက်ဖျက်ရေး

ပထမဦးစားပေးအဖြစ် အာရုံစိုက်ရတော့မည့် COVID-19 ရောဂါ တိုက်ဖျက်ရေး
Published 9 November 2020

နိုဝင်ဘာ ၉ ရက်တွင် တစ်ကမ္ဘာလုံး၌ COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း သန်း ၅၀ ကျော်သွားခဲ့ပြီး အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် ဂျိုးဘိုင်ဒင်က ကပ်ရောဂါအပေါ် အမေရိကန်၏ တုံ့ပြန်မှုကို ဦးဆောင်မည့် သိပ္ပံပညာရှင်များ၏ အမည်ကို ကြေညာရန် တွန်းအားပေးခဲ့သည်။ အမေရိကန်သမ္မတ ဖြစ်လာတော့ မည့် ဘိုင်ဒင်က ရွေးကောက်ပွဲ အနိုင်ရရှိသူအဖြစ် ပေါ်ထွက်လာခဲ့ပြီးနောက် သူ၏ ပထမဆုံး မိန့်ခွန်းတွင် ကပ်ရောဂါတိုက်ဖျက်ရေးကို ပထမဦးစားပေး လုပ်ဆောင်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် ယခုအထိ COVID-19 က လူပေါင်း ၂၃၇,၀၀၀ ကို သေဆုံးစေခဲ့ပြီ ဖြစ်ပြီး နိုင်ငံတစ်ဝန်း ရောဂါကူးစက်မှုများ မြင့် တက်နေသော်လည်း လွန်ခဲ့သည့် သီတင်းပတ်အတွင်းက အကြိတ်အနယ်ဖြစ်ခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် မဲပေးကာ ဒေါ်နယ်ထရန့်ကို ရှုံးနိမ့်စေခဲ့သည်။ ဂျွန်ဟော့ကင်း တက္ကသိုလ်၏ စာရင်းဇယားများအရ အမေရိကန်တွင် COVID-19 ရောဂါ ကူးစက်ခံရ သူပေါင်း ၁၀ သန်း နီးပါး ရှိလာခဲ့ပြီဖြစ်ကြောင်း တွေ့ရှိရပြီး လက်ရှိသမ္မတဒေါ်နယ်ထရန့် က ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး အမေရိကန်အနေဖြင့် မကြာမီ လွန်မြောက်နိုင်တော့မည်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားသည့်တိုင် ကပ်ရောဂါ၏ နှိပ်စက်မှုမှာ လျော့ပါးသွားမည့် လက္ခဏာ လုံးဝပြသခြင်း မရှိသေးပေ။

အလားတူစွာပင် မြန်မာနိုင်ငံတွင်လည်း နိုဝင်ဘာ ၈ ရက်ညအထိ COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း ၆၁,၃၇၇ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၁,၄၂၀ ဦး ရှိလာခဲ့ပြီ ဖြစ်သည်။ သို့သော် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုက ရွေးကောက်ပွဲ မဲပေးသူများ ကို မဟန့်တားနိုင်ခဲ့ဘဲ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့တွင် တက်ကြွနေသည့် လူအုပ်ကြီးများ မဲရုံများ၌ မဲပေးရန် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေသည်ကို တွေ့မြင်ခဲ့ရ သည်။ အပြီးသတ်ရလဒ်များ ထွက်ပေါ်လာခြင်းမရှိသေးသည့် အချိန်၌ပင် ကျန်းမာရေး ဆိုင်ရာ သတိပေးမှုများကို လျစ်လျူရှုကာ ရာနှင့်ချီသော ထောက်ခံသူများက ရန်ကုန်မြို့ရှိ NLD ပါတီဌာနချုပ်ရုံးရှေ့တွင် စုဝေးလျက် သီဆိုကခုန် အောင်ပွဲခံနေကြသည်ကိုလည်း တွေ့မြင်ရသည်။

အစောပိုင်းတွင် မြန်မာနိုင်ငံသည် ကပ်ရောဂါကူးစက်ပျံ့နှံ့မှု၏ အဆိုးဆုံးအနေအ ထားကို ရှောင်ရှားနိုင်ခဲ့ပုံရသည်။ ယင်းနောက် စက်တင်ဘာအစောပိုင်းတွင် ရခိုင်ပြည် နယ်၌ ရောဂါကူးစက်မှုဖြစ်ပွားပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်သို့ အ လျင်အမြန် ပျံ့နှံ့လာခဲ့သည်။ ယင်းတွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ အဆိုးရွားဆုံးနိုင်ငံများထဲတွင် ပါဝင်သည့် မြန်မာနိုင်ငံ၏ ချို့တဲ့ပြီးသား ကျန်းမာရေးစောင့်ရှောက်မှုကို ပြိုလဲသွားစေနိုင်လောက်အောင် ခြိမ်းခြောက်မှုဖြစ်ပေါ်လာစေသည်။ အတိုက်အခံပါတီများ က နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့ကြသည်။ မဲရုံတွင် စောင့်ဆိုင်းနေသည့် လူအုပ်ကြီးက ရောဂါအကြီးအကျယ် ကူးစက်ပျံ့နှံ့စေမည်ကိုလည်း ကောင်း  ရောဂါကူးစက်ခံရမည်ကို ကြောက်လန့်သူများက လာရောက်မဲပေးခြင်းမပြုမည်ကို လည်းကောင်း စိုးရိမ်ခဲ့ကြသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်က ယင်းတောင်းဆိုမှုများကို ငြင်းဆန်ခဲ့ပြီး နိုင်ငံသားများ ဘေးကင်းလုံခြုံစွာ လာရောက် မဲပေးနိုင်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။ သို့သော် ရွေးကောက်ပွဲကျင်းပမှုသည် ပြည်သူ့ကျန်းမာ ရေးနှင့်သက်ဆိုင်သော နောက်ဆက်တွဲဂယက်များကို ပြင်းပြင်းထန်ထန်ဖြစ်ပွားစေနိုင်ဖွယ် ရှိကြောင်း ပဋိပက္ခများ ကာကွယ်ရေးနှင့် ဖြေရှင်းရေးဆိုင်ရာ အဖွဲ့ (International Crisis Group) က သတိပေးခဲ့သည်။

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုအပြင် ယင်းနှင့်ဆက်စပ်နေသော စီးပွားရေး အကျပ်အတည်းသည် ကြီးမားသော စိန်ခေါ်မှုများနှင့် မသိနိုင်မှုများစွာတို့ကို ထွက်ပေါ် လာစေခဲ့ပြီး ကုန်သွယ်ရေးကဏ္ဍကို ထိခိုက်ပျက်စီးစေလျက်ရှိသည်။ ယင်းအကျပ်အတည်း နှစ်ရပ်စလုံးကို တစ်ကမ္ဘာလုံး ကြုံတွေ့နေရသော်လည်း သက်ရောက်မှုများမှာမူ ဒေသ အလိုက် ဖြစ်ပေါ်လျက်ရှိသည်။ ယင်းအကျပ်အတည်းများကို တုံ့ပြန်ရန် မူဝါဒများအနေဖြင့် အလွန်လျင်မြန်ရန်လည်း လိုအပ်နေသည်။ အစိုးရအဖွဲ့များအနေဖြင့် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုမှ ပိုမိုလျင်မြန်စွာ နာလန်ထူနိုင်ရေး အထောက်အကူပြုစေရန် မူဝါဒ များ အလုံးစုံပြောင်းလဲရေးကို ထိထိရောက်ရောက် လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးလှုံ့ဆော်မှုနှင့် လူမှုလုံခြုံရေးကွန်ရက်တို့အတွက် ရင်းနှီးမြှုပ်နှံရ မည်ဖြစ်သည်။ ကုလသမဂ္ဂ၏ စီးပွားရေးအစီရင်ခံစာကလည်း ကြိုတင်ရှိနှင့်ပြီးသား ဖြေ ရှင်းချက်များသည် အလုပ်ဖြစ်လိမ့်မည် မဟုတ်ကြောင်း သတိပေးထားပြီး ဖြစ်သည်။ မြန် မာနိုင်ငံအနေဖြင့် မကြာမီတွင် စီးပွားရေးဆိုးကျိုးသက်ရောက်လာနိုင်မှုကို ခါးစည်းခံရမည့် နိုင်ငံများတွင်  ပါဝင်လိမ့်မည်ဟု  သုံးသပ်မှုများလည်း ရှိနေရာ COVID-19 အကျပ်အတည်း၏ လူမှုစီးပွားအနေအထားအပေါ် သက်ရောက်မှုများအား မှန်မှန်ကန်ကန် လေ့လာသုံးသပ်လျက် တုံ့ပြန်မှုများ လုပ်ဆောင်ရန် လိုအပ်နေသည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကြီးမှာလည်း ယခုအခါ ကျင်းပပြီးစီးသွားခဲ့ပြီဖြစ်သောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် COVID-19 ရောဂါ တိုက်ဖျက်ရေးနှင့် ယင်းနှင့်ဆက်စပ်နေသော စီးပွားရေးအကျပ်အတည်းမှ အ မြန်ဆုံး နာလန်ထနိုင်ရေးကို ပထမဦးစားပေးအဖြစ် အာရုံစိုက်လုပ်ဆောင်ရတော့မည်ဖြစ် ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ  ၁၀  ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent