စစ်ကိုင်းတိုင်း‌ဒေသကြီးအတွင်း ၂၀၁၅ ၌ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရခဲ့သည့် နေရာအချို့ကို NLD ပါတီ ပြန်လည်အနိုင်ရ

စစ်ကိုင်းတိုင်း‌ဒေသကြီးအတွင်း ၂၀၁၅ ၌ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရခဲ့သည့် နေရာအချို့ကို NLD ပါတီ ပြန်လည်အနိုင်ရ
Published 9 November 2020
ကောင်းခန့်လင်း (မုံရွာ)

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာနှင့် တိုင်းဒေသကြီး မဲဆန္ဒနယ်မြေအမှတ်(၂) နေရာ၊ ဖောင်းပြင်မြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်နေရာ၊ တမူးခရိုင် တမူးမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်နေရာ၊ မြင်းမူမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် နေရာတို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ပြန်လည်အနိုင်ရရှိခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့စဉ်က မင်းကင်းမြို့နယ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ပြည်သူ့လွှတ်တော်နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် (၂) နေရာ နှစ်ခု ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့စဉ်က ဖောင်းပြင်မြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်နေရာကို ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိသွားခဲ့ပြီး ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ယင်းနေရာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ပြန်လည် ပြန်လည်အနိုင်ရရှိခဲ့သည်။

တမူးခရိုင် တမူးမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်နေရာကို ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့စဉ်က ယင်းနေရာကို ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိသွားခဲ့ပြီး ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ယင်းနေရာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ပြန်လည် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

မြင်းမူမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်နေရာသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့စဉ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေဖြင့် မဲဆန္ဒနယ် နေရာအားလုံးကို အနိုင်ရရှိခဲ့သော်လည်း အနိုင်ရရှိခဲ့သည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းမှာ ရွေးကောက်ပွဲပြီး ဆုံးပါးသွားခဲ့သည့်အတွက် ဒုတိယမဲအများဆုံး ရရှိခဲ့သူ ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်းက ရရှိသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိသည့်အနက် ကလေးဝမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) နေရာကလွဲ၍ ကျန်နေရာအားလုံးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက အနိုင်ရရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent