လက်ရှိရွေးကောက်ပွဲတွင် အနည်းငယ်သော အထစ်အငေါ့များ ရှိကောင်းရှိမည်ဖြစ်သော်လည်း အထစ်အငေ့ါနှင့် မကျေနပ်မှုအချို့ကြောင့် ရွေးကောက်ပွဲ၏တန်ဖိုး ကျမသွားနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
NLD ပါတီဥက္ကဋ္ဌက ၎င်း၏ Chair NLD Facebook စာမျက်နှာမှတစ်ဆင့် နိုဝင်ဘာ ၅ ရက်က ပြည်သူသို့ ပန်ကြားချက်ပြောကြားရာတွင် ယင်းသို့ ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
“ အထစ်အငေ့ါလေးတွေရှိမယ်။ တချို့တွေက မကျေနပ်တာတွေရှိမယ်။ ဒါပေမဲ့ အဲဒါကြောင့်မို့ ဒီရွေးကောက်ပွဲကြီးရဲ့ တန်ဖိုးဟာ ကျမသွားပါဘူး။ အများစုကနေ မှန်မှန်ကန်ကန်နဲ့ လုပ်တယ်။ တတ်နိုင်သမျှ တရားမျှတအောင်လို့ တတ်နိုင်သမျှ အများပြည်သူရဲ့ဆန္ဒကို ရောင်ပြန်ဟပ်အောင်လို့ လုပ်နိုင်တယ်ဆိုရင် ကျွန်မတို့ရွေးကောက်ပွဲကြီးဟာ အောင်မြင်တဲ့ ရွေးကောက်ပွဲကြီးဖြစ်ပြီ။ ကျွန်မတို့ရဲ့ နိုင်ငံဟာ ဒီမိုကရေစီလမ်းကို နောက်တစ်လမ်း ဆက်ပြီးတော့ တိုးလို့ သွားလို့ရပြီလို့ အားလုံးမှတ်ယူနိုင်ပါတယ်” ဟု NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ရွေးကောက်ပွဲများ၏ သဘောသဘာဝအရ အခက်အခဲများရှိတတ်ပြီး အင်မတန်မှ ၀ါရင့်သော ဒီမိုကရေစီနိုင်ငံကြီးများတွင်ပင် ရွေးကောက်ပွဲပြဿနာဖြစ်တတ်ကာ အရေးကြီးသည်မှာ ပြဿနာကို အေးအေးချမ်းချမ်းဖြင့် ဥပဒေဘောင်အတွင်းမှ ဖြေရှင်းရန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ အထစ်အငေ့ါလေးတွေကတော့ ရှိမှာပေါ့။ ဒါကတော့ ရွေးကောက်ပွဲတိုင်းမှာ ရှိမှာပဲ။ လုံးဝအထစ်အငေ့ါ မရှိခဲ့တဲ့ ရွေးကောက်ပွဲဆိုတာ ရှားပါတယ်။ ဒီတော့ နည်းနည်းအထစ်အငေါ့လေးတွေရှိလို့ရင်တောင်မှ ဒီဟာတွေကို ကျွန်မတို့ဟာ ဥပဒေဘောင်အတွင်း ကနေပြီးတော့ တရားမျှမျှတတနဲ့ ဖြေရှင်းတယ်၊ တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းတယ်ဆိုတာကို လုံးဝပေါ်လွင်စေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ပြည်သူများ၏ ထောက်ပြမှုကြောင့် လက်ရှိဆောင်ရွက်နေသည့် ကြိုတင်မဲပေးမှုဖြစ်စဉ်နှင့်စပ်လျဉ်းသည့် အားနည်းချက်များကို စောလျင်စွာသိရှိပြီး ရွေးကောက်ပွဲနေ့တွင် အပြစ်အနာအဆာကင်းစေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတတ်နိုင်ဆုံး ကြိုးပမ်းမည်ဟု ယုံကြည်ပြီး အစိုးရအနေဖြင့်လည်း ဥပဒေဘောင်အတွင်းမှ တာဝန်ရှိသရွေ့ ကူညီပံ့ပိုးပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် COVID-19 ရောဂါ အန္တရာယ်ရှိနေ၍ ပြည်သူများ အန္တရာယ်ကင်းရှင်းစွာ ဆန္ဒမဲပေးနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အကြံပြုချက်များအတိုင်း ဆောင်ရွက်ထားပြီး ပြည်သူများယုံကြည်မှုအပြည့်ဖြင့် မဲပေးနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“ ဒါကြောင့်မို့ ရွေးကောက်ပွဲမှာ မဲပေးကြဖို့ မမေ့ပါနဲ့။ ကျွန်မတို့ဘက်ကနေပြီးတော့ တာဝန်သိသိနဲ့ တတ်နိုင်သမျှ အားလုံးအဆင်ချောအောင်လို့ လုပ်ပေးပါမယ်” ဟု ၎င်းက ဆိုသည်။
ပြည်သူတွေများ ရွေးကောက်ပွဲနေ့အတွက် နိုးကြားတက်ကြွရန်လိုပြီး ရွေးကောက်ပွဲစည်းမျဉ်း၊ စည်းကမ်းဥပဒေနှင့် မကိုက်ညီဘဲ လွတ်လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့်ကို ထိပါးသည့် ကိစ္စများရှိလျှင် မဲရုံတာဝန်ရှိပုဂ္ဂိုလ်များထံ အေးချမ်းတည်ငြိမ်စွာ အသိပေးရန် ၎င်းက တိုက်တွန်းသည်။
“ အဲဒီလိုမဲပေးတဲ့အခါမှာ ကျေကျေနပ်နပ်နဲ့မဲပေးပါ။ ကိုယ့်နိုင်ငံရဲ့ ကံကြမ္မာကို ကိုယ်ဖန်တီးတဲ့နေရာမှာ တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့ပြီဆိုတာကို ကျေနပ်ပါ။ ကိုယ့်နိုင်ငံရဲ့ သမိုင်းကိုယ်ရေးတဲ့နေရာမှာ တစ်ထောင့် တစ်နေရာက ပါခဲ့ပြီဆိုပြီးတော့ ကျေနပ်စေချင်ပါတယ်။ အဲဒီလိုကျေနပ်မှုရှိမှ ကျွန်မတို့ရဲ့ ရွေးကောက်ပွဲကြီး၊ ကျွန်မတို့ရဲ့ ဒီမိုကရေစီ ဖြစ်စဉ်တစ်ခုဟာ အောင်မြင်သွားပြီလို့ သတ်မှတ်နိုင်မှာဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
နိုင်ငံအနေဖြင့် ဒီမိုကရေစီအပြည့်အဝ မရရှိသေးသော်လည်း ဒီမိုကရေစီစိတ်ဓာတ်ပြည့်ဝကြောင်းကို ရွေးကောက်ပွဲနေ့နှင့် ရွေးကောက်ပွဲရလဒ် ကြေညာချိန်တွင် ပြသရန် ၎င်းက ဆိုသည်။
စက်တင်ဘာ ၈ ရက်မှစတင်သည့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလသည် နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီတွင် ကုန်ဆုံးမည်ဖြစ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသည့် သင်္ကေတများ ဝတ်ဆင် သုံးစွဲမှုကို ရပ်တန့်ရန်နှင့် COVID-19 အခက်အခဲကြားမှ ဝန်းရံသူအားလုံးကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။