ရွေးကောက်ပွဲနှင့်ပတ်သက်၍ တပ်မတော်၏ ထုတ်ပြန်ချက်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောဆိုချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီသာဖြစ်ပြီး အမှန်တရားကို မပြောဘဲနေခြင်းသည် တည်ငြိမ်အေးချမ်းမှုကို အထောက်အကူ ပြုမည် မဟုတ်ကြောင်း တပ်မတော်ဘက်က တုံ့ပြန်

ရွေးကောက်ပွဲနှင့်ပတ်သက်၍ တပ်မတော်၏ ထုတ်ပြန်ချက်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောဆိုချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီသာဖြစ်ပြီး အမှန်တရားကို မပြောဘဲနေခြင်းသည် တည်ငြိမ်အေးချမ်းမှုကို အထောက်အကူ ပြုမည် မဟုတ်ကြောင်း တပ်မတော်ဘက်က တုံ့ပြန်
Published 4 November 2020

ရွေးကောက်ပွဲနှင့်ပတ်သက်၍ တပ်မတော်၏ ထုတြ်ပန်ချက်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောဆိုချက်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီသာဖြစ်ကြောင်းနှင့် အမှန်တရားကို မပြောဘဲ နေခြင်းသည် တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုလိမ့်မည် မမြင်ဘဲ ပြဿနာ ပိုဆိုးလာရန်သာ ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပြောကြားသည်။

နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် နိုဝင်ဘာ ၄ ရက် ညနေပိုင်းက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ တပ်မတော်၏ ထုတ်ပြန်ချက်သည် ရွေးကောက်ပွဲကို မတည်မငြိမ်ဖြစ်စေရန် အားပေးရာရောက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပေါ်ပြူလာ သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောဆိုမှုများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ နိုင်ငံ့ဥပဒေများ၏  အနှစ်သာရနှင့် ကိုက်ညီမှု မရှိကြောင်း စသည့်အချက်အပါအဝင် သမ္မတရုံး၏ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ရှင်းလင်းချက်ကို သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဖတ်ကြားရှင်းလင်းခဲ့သည်။  

ထိုသို့ သမ္မတရုံး၏ ရှင်းလင်းမှုအပေါ် တပ်မတော်ဘက်မှ တု့ံပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

အဓိကကတော့ သူတို့ပြောတာကတော့ အခြေခံဥပဒေရဲ့ အနှစ်သာရနဲ့ မညီဘူးဆိုတာ ပြောတာ တွေ့ရတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို သေချာလေ့လာကြည့်ဖို့ လိုတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုလုံးရဲ့ အခြေခံအုတ်မြစ်နဲ့ အနှစ်သာရက အခန်း (၁) မှာရှိတဲ့ နိုင်ငံတော်၏ အခြေခံမူများပဲ။ အဲဒီမှာ ပုဒ်မ ၄၈ ခုပါတယ်။ အဲဒီ ပုဒ်မ ၄၈ ထဲမှာ ပုဒ်မ ၆ ထဲမှာ ပါတယ်။ ပုဒ်မ ၆ (စ) လုံးပေါ့နော်။ တပ်မတော်သည် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ အစဉ်တစိုက်ရှိနေရေး ဦးတည်သည်လို့ ပါတယ်။ နောက် အခန်း (၁) ပုဒ်မ ၂၀ မှာလည်း ပါတယ်။ ပုဒ်မ ၂၀ (င) နဲ့ (စ) မှာ ပါတယ်။ တပ်မတော်သည် ဒို့တာဝန် အရေးသုံးပါး ကာကွယ်စောင့်ရှောက်ဖို့၊ အခြေခံဥပဒေကို ကာကွယ်ဖို့ဆိုတာ ပါတယ်။ တပ်မတော်ရဲ့ ထုတ်ပြန်ချက်သည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောကြားချက်တွေသည် ဒါ နိုင်ငံမှာ လက်တွေ့ဖြစ်နေတဲ့ အခြေအနေပဲ။ နိုင်ငံမှာ လက်တွေ့ဖြစ်နေတဲ့ အမျိုးသားရေးပဲ။ နိုင်ငံမှာ လက်တွေ့ဖြစ်နေတဲ့ အမျိုးသားနိုင်ငံရေးပဲ။ ဘာမှ ပါတီနိုင်ငံရေး မပါဘူး။ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်သည် အစဉ်တစိုက် ပါဝင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ နိုင်ငံမှာဖြစ်နေတဲ့ အရေးတွေကို ထောက်ပြပြောဆိုခြင်းဖြစ်တယ်။ လုပ်ကြံဖန်တီးထားတာ တစ်ခုမှမရှိဘူး။ ကျွန်တော်တို့ တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေတွေကိုပဲ ပြောခြင်းဖြစ်တယ်။ နံပါတ်နှစ်အချက်ကတော့ ဒါတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ထောက်ပြဝေဖန်တဲ့အခါမှာ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ့် အဖွဲ့အစည်းဖြစ်တဲ့အတွက် အခြေခံဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေမှန်သမျှ လုပ်နေတဲ့သူတွေကိုတော့ ကျွန်တော်တို့က ပြောရမှာပဲဖြစ်တယ်။ ဒါ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ခြင်းပဲ။ ကျွန်တော်တို့ကို ပေးထားတဲ့ အခြေခံဥပဒေနဲ့ ညီညွတ်တယ်လို့ပဲ ပြောချင်တယ်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် တပ်မတော်၏ ထုတ်ပြန်ချက်သည် နိုင်ငံရေးပါတီနှင့် လူပုဂ္ဂိုလ် အချို့၏ တိကျရေရာ သေချာမှုမရှိသည့် ပြောကြားချက်များအပေါ် အခြေခံထားသည်ဟု  သမ္မတရုံး၏ ရှင်းလင်းချက်သည် မိမိလူပြောသည့် ကိစ္စမှသာ ခိုင်မာမှုရှိသည်ဟု ပြောဆိုသည့်ပုံစံဖြစ်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

နိုင်ငံရေးပါတီတွေမှာ ရွေးကောက်ပွဲမှာ တရားဝင်စောင့်ကြည့်ခွင့်ရတဲ့ မြေပြင်အထိ တရားဝင်စောင့်ကြည့်ခွင့်ရတဲ့ နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်တွေ၊ မီဒီယာတွေ၊ ပြီးရင် ကျွန်တော်တို့ လွတ်လပ်တဲ့ စောင့်ကြည့်ရေးအဖွဲ့တွေပဲ။ သူတို့က သူတို့တွေ့ရှိချက်ကို ပြောကြားတာပဲ ဖြစ်တယ်။ အဲဒီ သူတို့တွေ့ရှိချက်တွေကို ပြောကြားတာကိုတော့ ကျွန်တော်တို့က ဒါတွေကတော့ အလေးထားရမှာပဲ ဖြစ်တယ်။ ပြောချင်တာကတော့ ခိုင်မာမှု ရှိ၊ မရှိဆိုတာက ခိုင်မာမှု ရှိ၊ မရှိဆိုတဲ့ဟာက ငါ့လူပြောတဲ့ဟာမှ ခိုင်မာမှုရှိတယ်ဆိုတဲ့ဟာမျိုးကတော့ ဒါ ဖြစ်နိုင်တဲ့ဟာ မဟုတ်ဘူးလို့ပဲ ပြောချင်တယ်ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ထို့အတူ မြေပြင်တွင် အမှန်တကယ် ဖြစ်ပျက်နေမှုများကိုသာ ပြောခြင်းဖြစ်ပြီး သွေးထိုးလှုံ့ဆော်မှု တစ်ခုမျှ မပါကြောင်း၊ တိုက်ရိုက်သက်ဆိုင်သည့် အဖွဲ့အစည်းများကိုသာ ပြောခြင်းဖြစ်ကြောင်း၊ ဖြစ်ရပ်တစ်ခုတွင် အဖြစ်မှန်ကို ဖုံးကွယ်ထားပြီး မတရားမှုအား ထုတ်ဖော်မပြောဘဲ နှုတ်ဆိတ်နေခြင်းသည် တည်ငြိမ်မှုကို အထောက်အကူဖြစ်နိုင်ခြေ ရှိ၊ မရှိအပေါ် ဗိုလ်ချုပ် ဇော်မင်းထွန်းက မေးခွန်းထုတ်သည်။

အဖြစ်မှန်ကို ဖုံးကွယ်ပြီးတော့ကျတော့ ဘာမှမပြောဘဲနဲ့ မတရားမှုတစ်ခုကို ဖုံးကွယ်ပြီးတော့ကျ ဘာမှမပြောဘဲ နှုတ်ဆိတ်နေတာက ဒါ တည်ငြိမ်မှုကို အထောက်အကူဖြစ်စေနိုင်သလား မတည်ငြိမ်မှုကို ဖြစ်စေနိုင်သလားဆိုတာ ပိုပြီး သိပါလိမ့်မယ်။ ကျွန်တော်တို့ သွားနေတာသည် ပါတီစုံ ဒီမိုကရေစီစနစ်ဖြစ်တယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့အညီ ဒါ မတရားတာကို တကယ်ဖြစ်ပျက်နေတာကို မတရားဘူးလို့ ပြောရမှာပေါ့။ အဲဒီလိုမှ မပြောဘဲ နှုတ်ဆိတ်နေတာသည် အမှန်တရားကိုမှ မပြောဘဲ နှုတ်ဆိတ်နေတယ်။ အမှန်တရားကိုမှ မပြောဘဲ နေတာသည် တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုလိမ့်မယ်လို့ ကျွန်တော် မမြင်ပါဘူး။ ပြဿနာ ပိုဆိုးလာဖို့ပဲ ရှိမှာပါဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ယင်းအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံ့ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေတွင် ဝန်ထမ်းဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်း တစ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတစ်ခုခုတွင် ခန့်အပ်ထားခြင်း ခံရသည့် နိုင်ငံ့ဝန်ထမ်းကို ဆိုလိုကြောင်း၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သော်လည်း ယင်းတို့၏ လုပ်ငန်းသဘာဝနှင့် တာဝန်တို့အရ နိုင်ငံ့ဝန်ထမ်းဥပဒေပါ ကိစ္စရပ်များနှင့် အကျုံးဝင်ခြင်း မရှိစေရဟု ပြဋ္ဌာန်းထားကြောင်း သမ္မတရုံး၏ ရှင်းလင်းချက်တွင် ပါဝင်ခဲ့သည့်အပေါ် ဗိုလ်ချုပ် ဇော်မင်းထွန်းက အမျိုးသားရေး လုပ်ဆောင်ခြင်းသည် တစ်နိုင်ငံလုံးတွင် ဖြစ်နေသည့်အရေးကို မည်သူဖြစ်စေ ပြောရမည်ဖြစ်ကြောင်း တုံ့ပြန်ပြောကြားသည်။

Most Read

Most Recent