၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းပြီး အသစ်ရေးဆွဲရေး Chanllenge ဆိုသည့် Post ကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ၎င်း၏ Facebook စာမျက်နှာတွင် အောက်တိုဘာ ၃၁ ရက်က ဖော်ပြခဲ့သည်။
NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင်လည်းဖြစ်သည့် ဒေါက်တာအောင်မိုးညိုက အဆိုပါ Chanllenge ကို ၎င်း၏ Blue Mark ရ လူမှုကွန်ယက်စာမျက်နှာတွင် မတင်မီ Nyeinchan Seinelann ဆိုသည့် အကောင့်က တင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းပြီး အသစ်ရေးဆွဲရေး Chanllenge ဆိုသည့် Post ကို မျှဝေထားသည်။
ထိုသို့ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ပက်သက်သော သဘောထားကို လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ဖော်ပြသမှုနှင့် ပက်သက်၍ ဒေါက်တာအောင်မိုးညိုကို ယနေ့ (နိုဝင်ဘာ ၁ ရက်) နေ့လည်ပိုင်းက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဖုန်းပိတ်ထား၍ ဆက်သွယ်မရခဲ့ပေ။
ဒေါက်တာ အောင်မိုးညို Facebook စာမျက်နှာတွင် ဖော်ပြသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပက်သက်၍ သဘောထားသည် ၎င်း၏ ပုဂ္ဂိုလ်ရေး သဘောထားသာဖြစ်ပြီး NLD ပါတီအနေဖြင့် လတ်တလောတွင် ယင်းမူဝါဒကို ကိုင်စွဲထားခြင်း မရှိကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
“ ကျွန်တော်တို့ ရွေးကောက်ပွဲ ကြေညာစာတမ်းအတိုင်းပါပဲ။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနှင့် လျော်ညီသော ဖွဲ့စည်းပုံ အခြေခံဥပေဒ ပေါ်ပေါက်ရေးကို ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
တိုင်းရင်းသားရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲမည့် လုံခြုံဖွံ့ဖြိုးတိုးတက်ရေးနှင့်အတူ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းစေမည့် အခြေခံဥပဒေ ပေါ်ပေါက်ရေးကို ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် NLD က ထည့်သွင်းဖော်ပြသည်။
NLD ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ အချက်သုံးချက်ကို ယခင် ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းနှင့် နှိုင်းယှဉ်လျှင် အခြေခံဥပဒေနှင့်ပက်သက်သည့် အချက်တွင် စကားရပ်အချို့ အပြောင်းအလဲ ပြုလုပ်ထားသည်ကို တွေ့ရပြီး တိုင်းရင်သားပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်နိုင်ရေး အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးမှာ NLD ပါတီ၏ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်းပါ အချက်ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြင်ဆင်ရန် အင်မတန် ခက်ခဲသောကြောင့် ဖွဲ့စည်းပုံအသစ် ပြန်လည်ရေးဆွဲရေး သဘောထား ထုတ်ဖော်ခြင်းက ဒေါက်တာအောင်မိုးညိုအနေဖြင့် လက်တွေ့ကျသည့် လုပ်ငန်းစဉ်တစ်ခုကို လက်ခံလာသည့် သဘောလားဟု မေးခွန်းထုတ်စရာဖြစ်ကြောင်း ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေး လှုပ်ရှားမှုအချို့ ပြုလုပ်ခဲ့သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP) ဥက္ကဌ ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။
“အခု NLD သွားနေတဲ့ လမ်းကြောင်းက ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်ထဲမှာ ပြင်မယ်ဆိုတဲ့ လမ်းကြောင်းနဲ့ သွားနေတာ။ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံပြင်တဲ့ Process နဲ့ ဖွဲ့စည်းပုံ အခြေခံဥပေဒ ဖျက်သိမ်းပြီးတော့ အသစ်ပြန်ရေးတယ်ဆိုတဲ့ Process က လုံးဝကွာခြားတယ်။ လုံးဝကွာခြားတဲ့အတွက် အခု ဒေါက်တာအောင်မိုးညို ပြောလာတဲ့ အသစ်ပြန်လည်ရေးဆွဲမယ်ဆိုတဲ့ လုပ်ငန်းစဉ်က သူတစ်ဦးတည်းရဲ့ သဘောထားလား။ ဒါမှမဟုတ် NLD ရဲ့ ပေါ်လစီလား။ ဘာဖြစ်လို့ဆို သူက CEC တစ်ယောက်လည်းဖြစ်တယ်။ မကွေးတိုင်းရဲ့ ဝန်ကြီးချုပ်တစ်ယောက်လည်း ဖြစ်တဲ့အတွက် ဒီလိုမျိုးပြောလာတဲ့ဟာက အင်မတန်မှ လေးနက်တယ်။ အရေးကြီးတယ်။ မူလ NLD သွားနေတဲ့ လမ်းကြောင်းနဲ့လည်း မတူဘူးပေါ့နော်။ မတူတဲ့ အနေအထားမှာ ရှိတာဖြစ်တဲ့အတွက် တစ်ကယ်လို့များ ဒေါက်တာအောင်မိုးညိုရဲ့ ပြောစကားတွေက NLD ရဲ့ ပေါ်လစီလားဆိုတာကို မေးခွန်းစရာ အနေအထားမှာ ရှိတယ်ပေါ့နော်” ဟု UNDP ပါတီဥက္ကဌ ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။