မန်စီးတီးအသင်းတွင် ဆက်ရှိနေရန် မျှော်လင့်ကြောင်း ဂွါဒီယိုလာ ပြောကြား

မန်စီးတီးအသင်းတွင် ဆက်ရှိနေရန် မျှော်လင့်ကြောင်း ဂွါဒီယိုလာ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 31 October 2020

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မိမိအနေဖြင့် အသင်းတွင် ဆက်ရှိနေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ 

စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာသည် ယခုရာသီကုန်တွင် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သက်တမ်းတိုးရေးမှာ ယခုရာသီ စွမ်းဆောင်မှုအပေါ်တွင် မူတည်နေကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းဥက္ကဋ္ဌလောင်းတစ်ဦးဖြစ်သူ ဗစ်တာဖောင့်က ဂွါဒီယိုလာအား အသင်းသို့ ပြန်လည်ခေါ်ယူလိုသည်ဟု ပြောကြားခဲ့သည်။ 

ထို့ကြောင့် ဂွါဒီယိုလာအနေဖြင့် ယခုရာသီကုန်တွင် မန်စီးတီးအသင်းကို စွန့်ခွာပြီး ဘာစီလိုနာအသင်းကို ပြန်လည်ကိုင်တွယ်နိုင်သလားဟု ရှက်ဖီးယူနိုက်တက်နှင့် ကစားမည့်ပွဲအတွက် ပြုလုပ်ခဲ့သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များက မေးမြန်းခဲ့ကြသည်။ 

အဆိုပါမေးခွန်းကို ဂွါဒီယိုလာက "ဒီ(မန်စီးတီး)မှာ ကျွန်တော် အရမ်းပျော်နေပါတယ်။ မန်ချက်စတာမှာ ရှိနေတာကို ကျွန်တော် အရမ်းသဘောကျပါတယ်။ ဒီမှာ အကြာကြီး ဆက်ရှိနိုင်ဖို့အတွက် ဒီရာသီမှာ အကောင်းဆုံးလုပ်နိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

အသက် (၄၉)နှစ်အရွယ်ရှိ ဂွါဒီယိုလာသည် ပရော်ဖက်ရှင်နယ်နည်းပြဘဝကို ဘာစီလိုနာအသင်းတွင် စတင်ခဲ့သူဖြစ်သည်။ ၎င်းသည် ဘာစီလိုနာအသင်းကို ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး ချန်ပီယံလိဂ်ဖလား (၂)လုံး၊ လာလီဂါဖလား (၃)လုံးအပါအဝင် ဆုဖလား (၁၄)လုံးအထိ ရယူပေးနိုင်ခဲ့သည်။ 

ထို့နောက် ဂွါဒီယိုလာသည် ၂၀၁၁-၁၂ ရာသီကုန်တွင် ဘာစီလိုနာအသင်းနှင့်လမ်းခွဲခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ခဲ့သည်။ ဂွါဒီယိုလာသည် ဘိုင်ယန်မြူးနစ်အသင်းကို ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး ဘွန်ဒစ်လီဂါချန်ပီယံဆု (၃)ကြိမ်ဆက်အပါအဝင် ဆုဖလား (၇)လုံး ရယူပေးနိုင်ခဲ့သည်။ 

၂၀၁၅-၁၆ ရာသီကုန်တွင် ဂွါဒီယိုလာသည် ဘိုင်ယန်မြူးနစ်အသင်းနှင့်လမ်းခွဲခဲ့ကာ ၂၀၁၆ ခုနှစ်တွင် မန်စီးတီးအသင်းကို ကိုင်တွယ်ခဲ့သည်။ ဂွါဒီယိုလာသည် မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆု (၂)ကြိမ်အပါအဝင် ဆုဖလား (၈)လုံးအထိ ရယူပေးထားသည်။ 

Most Read

Most Recent