COVID-19 ကာလအတွင်း စားသောက်ဆိုင်လုပ်ငန်း အများစုတွင် ယစ်မျိုးခွန် အပါအဝင် အခွန်အခများအပေါ်  ပေးဆောင်ရန် အခက်အခဲဖြစ်နေပြီး အဆိုပါကာလအတွင်း အခွန်အခများ လျှော့ပေါ့ကောက်ခံခြင်း၊ ဆိုင်းငံ့ပေးခြင်းများ ပြုလုပ်ပေးရန် အသနားခံတင်ပြ

COVID-19 ကာလအတွင်း စားသောက်ဆိုင်လုပ်ငန်း အများစုတွင် ယစ်မျိုးခွန် အပါအဝင် အခွန်အခများအပေါ်  ပေးဆောင်ရန် အခက်အခဲဖြစ်နေပြီး အဆိုပါကာလအတွင်း အခွန်အခများ လျှော့ပေါ့ကောက်ခံခြင်း၊ ဆိုင်းငံ့ပေးခြင်းများ ပြုလုပ်ပေးရန် အသနားခံတင်ပြ
Published 29 October 2020
မင်းသန့်

မန္တလေးတိုင်းဒေသကြီးတွင် COVID-19 ကပ်ရောဂါကာလအတွင်း စားသောက်ဆိုင်အချို့ ရပ်တည်ရန် ခက်ခဲလာမှုအရ အပြီးပိတ်သိမ်းမှုများ ရှိလာပြီး ဆိုင်ထိုင်စားစနစ် ပိတ်သိမ်းကာ ပါဆယ်စနစ်သာ ရောင်းချရသော အခြေအနေတွင် ဆိုင်အများစုမှာ ယစ်မျိုးခွန် အပါအဝင် အခြားသော အခွန်အခများကို ပေးဆောင်ရန် အခက်အခဲ ရှိနေကြောင်း လုပ်ငန်းရှင်များက ဆိုပါသည်။ ထို့ကြောင့် ယခုကဲ့သို့ ကပ်ရောဂါ ကာလအတွင်း ဝန်းထုပ်ဝန်ပိုး ဖြစ်စေသော အခွန်အခများကို လျှော့ပေါ့ကောက်ခံခြင်းနှင့် ဆိုင်းငံ့ထားပေးခြင်းများ ပြုလုပ်ပေးရန် တိုင်းအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများသို့ အသနားခံတင်ပြ တောင်းဆိုထားကြောင်း သိရှိရသည်။

COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစတင်၍ စားသောက်ဆိုင် လုပ်ငန်းများအနေဖြင့် ဆိုင်ထိုင်စားစနစ် ပိတ်သိမ်းထားရသော်လည်း မြေငှားရမ်းခ၊ ဝန်ထမ်းမိသားစုများအပေါ် တာဝန်ယူထားရခြင်း စသည်တို့အပြင် ယခုကဲ့သို့ ကောက်ခံနေသော ယစ်မျိုးခွန် အပါအဝင် အခြားသော အခွန်အခများကြောင့် ဝန်နှင့်အား မမျှသည့် အခြေအနေများ ဖြစ်ပေါ်လျက်ရှိပြီး ဆိုင်အချို့မှာ ရပ်တည်ရန် ခက်ခဲလာမှုအရ အပြီးတိုင် ပိတ်သိမ်းမှုများ ရှိသည်ဟု မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) မှ သိရှိရသည်။

ထိုသို့အခြေအနေတွင် ယခုအခါ စားသောက်ဆိုင်လုပ်ငန်းစုများအပေါ် ကောက်ခံသည့် ယစ်မျိုးခွန်အပါအဝင် အခြားအခွန်အခများ ပေးဆောင်ရန် တောင်းခံလာမှုအရ အခက်အခဲရှိလာပြီး အဆိုပါ အခွန်အခများကို ကပ်ရောဂါကာလ ကင်းလွတ်ခွင့်ပေး၍ သော်လည်းကောင်း၊ လျှော့ပေါ့ကောက်ခံပေး၍ သော်လည်းကောင်း၊ ဆိုင်းငံ့ပေး၍ သော်လည်းကောင်းတို့ကို တိုင်းရင်းသားစား သောက်ဆိုင်လုပ်ငန်းရှင်များ ရေရှည်လုပ်ငန်း တည်တံ့နိုင်ရေးအတွက် သက်ညှာစွာခွင့်ပြု ပေးရန် စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) မှ အသနားခံတင်ပြ တောင်းဆိုထားကြောင်း သိရသည်။ဆိုင်တိုင်းလိုလိုမှာ ရပ်တည်ဖို့ ခက်ခဲလာတယ်။ ရောင်းကြေးက မရှိ။ ဝန်ထမ်းတွေလည်း နယ်ပြန်လွှတ်လို့မရတဲ့ အခြေအနေမှာ ကျားကန်ပေးထားကြရတယ်။ တချို့ဆိုင်တွေဆို အပြီးပိတ်လိုက်တာမျိုးတွေရှိတယ်။ အဲဒီ လိုအခြေအနေအခက်အခဲတွေ ဖြစ်နေတဲ့အ ချိန်မှာ နိုင်ငံတော်ဘတ်ဂျက်အရ ကောက်ခံ တဲ့အခွန်အခတွေ တောင်းခံစာတွေ ရောက်လာပြီ။ ယစ်မျိုးလိုင်စင်ခွန်၊ စည်ပင်ခွန်၊ ဆိုင်းဘုတ်ခွန် စသဖြင့်ပေါ့။ ဒါတွေက ဆိုင်ထိုင်စား ရောင်းချနေတဲ့ ကာလမျိုးဆို ပေးဆောင်နိုင်ပါတယ်။ ဒါပေမဲ့ ဆိုင်ထိုင်စားခွင့်လည်း ပိတ်ထားပြီး ယစ်မျိုးခွန်လည်း ဆောင်ရမယ်ဆိုတော့ အခက်အခဲရှိတာပေါ့။ ၂၀၂၀ ကာလမှာဆို ဆိုင်ထိုင်စား ရောင်းချခဲ့ရတာ နှစ်လလောက်ပဲ ဖွင့်ခဲ့ရတာ။ အခုဆိုရင် ပိတ်လိုက်ရတာ ခြောက်လလောက်ရှိပြီပေါ့။ ယစ်မျိုးလိုင်စင်အနေနဲ့ FL 17 ဆိုရင် သိန်း ၃၀ ဆောင်ရတယ်။ FL 9 ဆိုရင် ၁၅ သိန်းလောက် ဆောင်ရတယ်။ ဒါတွေက ဆိုင်သမားတွေအနေနဲ့ ရောင်းရလို့ ဆောင်ရတာ သိပ်ပြဿနာမရှိဘူး။ မရောင်းရဘဲ ဆိုင်ထိုင်စားလည်း ပိတ်ထားရတယ်။ ဝန်ထမ်းစရိတ်တွေ ဆိုင်းခန်းခတွေအပြင် ဒီအခွန်ကလည်း ပေးဆောင်ကြရတော့မယ်ဆိုတော့ အဆင်မပြေ ဖြစ်ကြရတယ်။ ဆိုင်ခန်းငှားရမ်းခတွေဆိုရင် တစ်နှစ်စာချုပ်ဆို ပေးထားရပြီး ဖွင့်ရတာ နှစ်လလောက်ပဲရှိတာ။ အဲဒါလေးတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေဆီကို သက်ညှာပေးဖို့ ဆိုင်းငံ့ပေးဖို့ အသနားခံ တင်ပြထားပေမယ့် အကြောင်းပြန်ကြားတာမျိုး မရှိသေးဘူး” ဟု မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) ဥက္ကဋ္ဌ ဦးသင်္ကြန်ကျော်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အတွင်း၌ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း အနေဖြင့် မန္တလေးဇုန်၊ ပုဂံဇုန်၊ ပြင်ဦးလွင်ဇုန်ဟူ၍ရှိပြီး စည်ပင်လိုင်စင်ဖြင့် ဖွင့်လှစ်ထားသည့် ဆိုင်အရေအတွက်မှာ ၃၈၀၀ ကျော်ရှိကြောင်း သိရှိပြီး အဆိုပါဆိုင်များ အနေဖြင့် လတ်တလော ဖြစ်ပေါ်နေသည့် အခက်အခဲနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)မှ တိုင်းအစိုးရ အဖွဲ့ထံ တင်ပြတောင်းဆိုထားခြင်း ဖြစ်သည်။

“လတ်တလော ဖြစ်နေတာက ဆိုင်ထိုင်စားကလည်း မရောင်းရဘူး။ ယစ်မျိုးအခွန်ကျတော့ ဆောင်ရမယ်ဆိုပြီး ညွှန်ကြားစာတွေ ပို့လာပြီ။ နောက်ပြီး စည်ပင်ဆိုင်းဘုတ်ခွန်ပေါ့။ ရောင်းရလို့ ပေးရတာ ပြဿနာမရှိဘူး။ ဒါတွေကို မဆောင်ဘူးပြောတာ မဟုတ်ပါဘူး။ ဆောင်သင့်ဆောင်ထိုက်တာ ပေးဆောင်မှာပါ။ အခုကာလမှာတော့ သက်ညှာစွာစဉ်းစားပေးဖို့ တောင်းဆိုတာပါ။ ပြည်သူတင်ထားတဲ့ အစိုးရက ပြည်သူကို ပြန်ကြည့်စေချင်တာပါ။ အခုလို ဆိုင်ထိုင်စားခွင့် မရောင်းရတဲ့ အချိန်မှာတော့ မကောက်စေချင်ဘူး။ မရောင်းရတဲ့ အချိန်မှာ အခွန်တွေ ဆောင်ရမယ်ဆိုတော့ အကုန်လုံး ခက်ခဲကြတာပေါ့။ မီတာခတွေ လျှော့ပေးထားသလိုပေါ့” ဟု ဦးသင်္ကြန်ကျော်က ပြောကြားသည်။

“အခုနှစ်ထဲမှာ ဆိုင်ထိုင်စားစနစ် ပိတ်ထားတဲ့အတွက် ဆိုင်တွေက မရောင်းရသလောက်နီးနီး အလုပ်မဖြစ်ကြဘူး။ အဲဒီလို အခြေအနေမှာ ဝန်ထမ်းတွေကို လစာဆိုတာထက် မုန့်ဖိုးလောက်ပဲ ပေးနိုင်တော့တယ်။ အခုချိန်မှာက အရင် ၁၅ သိန်းလောက် ရောင်းရတဲ့ဟာက သုံးလေးသောင်းလောက်ပဲ ရောင်းရတော့တာလေ။ အဲဒီတော့ ကုန်သွယ်ခွန် အမြတ်ခွန် စည်းကြပ်ဖို့တို့ ယစ်မျိုးခွန်တို့ ပေးဆောင်ဖို့ ညွှန်ကြားလာတော့ အခက်အခဲ ဖြစ်တာပေါ့။ ဒါလေးတွေကို ဘယ်လိုပုံစံနဲ့ လျှော့ပေးနိုင်မလဲ။ ကာလတစ်ခု သတ်မှတ်ပြီး ဆိုင်းငံ့ပေးတာဖြစ်ဖြစ် မျှော်လင့်ပြီး အသနားခံ တောင်းဆိုတာပါ” ဟု မန္တလေးမြို့ အင်ပါရာ စားသောက်ဆိုင်ပိုင်ရှင် ဦးချမ်းသာက ပြောကြားသည်။

“အခု စားသောက်ဆိုင်တွေမှာ ယစ်မျိုးခွန် ဆောင်ရတော့မယ်။ စည်ပင်ခွန် ဆောင်ရမယ်။ လူမှုဖူလုံရေးခွန် ဆောင်ရတယ်။ နောက်ပြီး အဓိက မြေငှားရမ်းခ၊ မီတာခစသဖြင့် အခွန်အခတွေ အများကြီးရှိတယ်။ မီတာခဆိုရင် လုပ်ငန်းသုံး ဖြစ်တဲ့အတွက် တစ်ယူနစ်ကို ၁၂၅ ကျပ်နဲ့ ပေးဆောင်ရတယ်။ ဆိုင်ပိတ်တဲ့ကာလ ဆိုပေမယ့် တစ်လတစ်လကို ၁၀ သိန်းလောက် ဆောင်နေရတုန်းပဲ။ တချို့ဆိုင်ဆိုရင် ၂၅ သိန်းလောက် ဆောင်ရတယ်။ ဆိုင်ပိတ်ထားပေမယ့် မီတာခက လျော့မသွားဘူး။ အဲဒီလိုအချိန်မှာ အခုလို Take away စနစ်နဲ့ ဆက်သွားရမယ်ဆို အပြီးပိတ်တဲ့ဆိုင်တွေ များလာတော့မယ်။ အခုလည်း ပိတ်သွားတဲ့ ဆိုင်တွေ ရှိနေပြီ။ ဆိုင်ခန်းငှားခတွေက ပေးရတော့မယ်လေ။ ယစ်မျိုးအခွန်ကလည်း ဆောင်ရတော့မယ်။ ဒါက ဆိုင်တွေအားလုံး ကြုံနေရတဲ့ ပြဿနာပေါ့။ စားသောက်ဆိုင်တစ်ခုမှာ ဝန်ထမ်းက အနည်းဆုံး ၂၀ ကနေ ၅၀ အထိ ရှိတယ်။ ပြိုလဲတဲ့ဆိုင်တွေ များလာလို့ရှိရင် အလုပ်လက်မဲ့ ဖြစ်ကုန်မယ့်သူတွေ များကုန်လိမ့်မယ်” ဟု JJ စားသောက်ဆိုင် လုပ်ငန်းများအုပ်စု ပိုင်ရှင်ဦးရဲလွင်က ဆိုသည်။

“ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာ မန္တလေးတိုင်း အခွန်ထမ်း လုပ်ငန်းရှင်စာရင်းမှာ ကျွန်တော်တို့ JJ အုပ်စုက ထိပ်ဆုံး ၅၀ စာရင်းထဲမှာပါတယ်။ ကုန်သွယ်ခွန်ပေါ့။ စားသောက်ဆိုင်လုပ်ငန်း အခွန်ထမ်းစာရင်းမှာ ပါတာ။ အဲဒီလို အခွန်ထမ်းထားတဲ့ သူတွေကို အလဟဿ မဖြစ်ရအောင် အစိုးရအနေနဲ့ ပြန်ကြည့်စေချင်တယ်။ အခု ကိုဗစ်ကာလမှာဆို တိုရစ်ဇင်နဲ့ ပတ်သက်တဲ့ဆိုင်တွေ အကုန်ပိတ်လိုက်ရပြီ။ လေဆိပ်က ကော်ဖီဆိုင်လည်း ပိတ်ပြီ။ ရှေ့ဆက်သွားနေပေမယ့်လည်း မန္တလေး ကန်တော်ကြီးက ဆိုင်တွေလည်း ထပ်ပိတ်ရတော့မယ်။ ကျွန်တော့်နည်းတူပဲ သူမသာ ကိုယ်မသာနဲ့ ဒုက္ခရောက်နေတဲ့ လုပ်ငန်းတွေ အများကြီးရှိမှာပဲ” ဟု ဦးရဲလွင်က ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိတွင် နိုင်ငံတော်မှ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များကို ချေးငွေထုတ်ချေးမှုများ ပြုလုပ်ပေးလျက် ရှိသော်လည်း စားသောက်ဆိုင် လုပ်ငန်းရှင် အများစုအနေဖြင့် အဆိုပါ ချေးငွေချထားမှုတွင် ရရှိမှု မရှိသလောက်ဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။

“အခု နိုင်ငံတော်အစိုးရက ဒီကာလမှာ ပြည်သူတွေကို ထောက်ပံ့ဖို့ အမျိုးမျိုး ကြိုးစားနေတာ တွေ့ရတယ်။ ဒါပေမဲ့ ထောက်ပံ့တဲ့ ချေးငွေလိုမျိုးကျတော့ စားသောက်ဆိုင် လုပ်ငန်းရှင်တွေကို ဘယ်သူကမှ ကူညီဆောင်ရွက် ပေးတာမျိုး မရှိဘူး။ ဒီလိုအချိန်မှာ ထိုက်သင့်တဲ့ ချေးငွေလေး ချထားပေးမယ်ဆို တစ်ဖက် တစ်လမ်းက အဆင်ပြေမယ်လို့ ယူဆတယ်” ဟု စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးဖြစ်သူ ကိုသားငယ်က ပြောကြားသည်။

 

Most Read

Most Recent