မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တွေ့ဆုံမေးမြန်းခြင်း

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တွေ့ဆုံမေးမြန်းခြင်း
Published 20 October 2020
အောင်သူငြိမ်း

“ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့ရက်အတိုင်းပဲ ကျင်းပလိုက်တာက ဒီလောက်လည်းပဲ တိုင်းပြည်အခြေအနေက ဆိုးနေတာ မဟုတ်ဘူး။ ကျွန်တော်သိရတဲ့အတိုင်းပြောရလို့ရှိရင် မြန်မာနိုင်ငံမှာ အခုလိုမျိုး ဒီလိုအခြေအနေဖြစ်နေတာက အင်္ဂလန်တို့၊ အမေရိကန်တို့ အိပ်နေသလောက်ပဲ ရှိတယ်”

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ၁၇ ရက်ခန့်သာ လိုတော့သည်။ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အကြောင်းကိစ္စ ကြီးငယ်များမှာ နေ့စဉ်ဖြစ်ပွားလျက်ရှိသည်။ ထိုသို့ဖြစ်ပွားနေသော ရွေးကောက်ပွဲအကြောင်းအရာ ကိစ္စအချို့နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တွေ့ဆုံမေးမြန်းခြင်းခဲ့သည့် အကြောင်းအရာများထဲမှအချို့ကို ကောက်နုတ်ဖော်ပြလိုက်ရပါသည်။

မေး ■  နိုဝင်ဘာ ၈ ရက်မှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲအပေါ်မှာ လက်ရှိဝန်ကြီးချုပ်တစ်ဦးအနေနဲ့ရော NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တစ်ဦးအနေနဲ့ပါ ဘယ်လိုမျှော်မှန်းထားပါသလဲ။ 

ဖြေ ■ ကျွန်တော်တို့ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၅ ခုနှစ်တုန်းက အတိုက်အခံပါတီပေါ့။ လွှတ်တော်ထဲမှာ ၄၀ ကျော်လေးနိုင်ထားခဲ့တယ်။ ကြားဖြတ်ကနေ နိုင်ထားခဲ့တဲ့ အတိုက်အခံပါတီပါ။ အဲဒီတုန်းက လက်ရှိအင်အားအကောင်းဆုံး၊ အခြေအနေအကောင်းဆုံးလို့ ပြောနိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အာဏာလက်ရှိပါ။ အဲဒီ ၂၀၁၅ ရွေးကောက်ပွဲတုန်းက အာဏာလက်ရှိဖြစ်တဲ့ ပြည်ထောင်ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အာဏာလည်းရှိတယ်။ ငွေလည်းရှိတယ်။ အဲလိုအနေအထားမျိုးနဲ့တောင်မှ ကျွန်တော်တို့ကို နိုင်အောင်မပြိုင်နိုင်ခဲ့ပါဘူး။ အဲဒီတော့ အခုလက်ရှိအနေအထားမှာ ကျွန်တော်တို့က အာဏာလက်ရှိလည်းဖြစ်တယ်။ တတ်နိုင်သမျှလည်း ကိုယ့်ရဲ့ဖွံ့ဖြိုးရေးတွေ ဘာတွေလုပ်နေသလဲ ဆိုတာလည်းပဲ အားလုံးသိတဲ့ မြင်တဲ့အတိုင်းပဲ။ တတ်နိုင်သမျှလည်း NLD ကလည်း ရှင်းပြတယ်။ နောက်တစ်ခါ ခွတ်ဒေါင်းအလံ ပြည်သူ့အသံ ဆိုတာတွေကလည်း ရှင်းပြတယ်။ ပြည်သူတွေကလည်းပဲ အဖွဲ့ချုပ်အစိုးရရဲ့ဆောင်ရွက်ချက်တွေကို ရှင်းပြနေတယ်ဆိုတော့ကာ ကျွန်တော်တို့ ရလဒ်ကတော့ ၂၀၁၅ ထက် လျော့လိမ့်မယ်လို့ ကျွန်တော်မထင်ဘူး။ ပြတာကလည်း တစ်တိုင်းပြည်လုံးမှာ ၂၀၁၅ တုန်းက လက်မခံတဲ့ရွာတွေကိုကလည်း လာပါဆို ခြိမ့်ခြိမ့်သဲ လက်ခံနေကြတယ်။ ပြည်သူတစ်ရပ်လုံးရဲ့ ထောက်ခံအားပေးမှုကလည်းပဲ ၂၀၁၅ ထက်ကို မြင့်မားတဲ့အတွက်ကြောင့် အောင်မြင်မှုရလာဘ်က ၂၀၁၅ ထက် မြင့်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။

မေး ■  အခုလာမယ့်ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲမကျင်းပနိုင်မယ့် ဒေသအချို့ကို ကော်မရှင်က ကြေညာထားပါတယ်။ ပြီးတော့ နိုင်ငံရေးသုံးသပ်သူတစ်ချို့က ကိုဗစ်ကာလဖြစ်နေတာကြောင့် ရွေးကောက်ပွဲကို ဒီဇင်ဘာလောက်အထိ နောက်ဆုတ်ထားသင့်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုထင်မြင်မိပါသလဲ။

ဖြေ ■  ကျွန်တော်တို့က မဲပေးပိုင်ခွင့်ရှိသူအားလုံးကို မဲပေးစေချင်တဲ့ဆန္ဒရှိသလိုပဲ မဲဆန္ဒနယ်မြေအားလုံးမှာ ရွေးကောက်ပွဲ ကျင်းပပေးစေချင်တာကတော့ နိုင်ငံတော်အစိုးရမှာလည်း ဒီလိုဆန္ဒရှိတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း မဲဆန္ဒနယ်မြေအားလုံးမှာ ရွေးကောက်ပွဲ ကျင်းပပေးချင်တာ။ ဒါကတော့ သံသယဖြစ်စရာ မရှိဘူး။ သို့သော် အခြေအနေအရဖြစ်တယ်ဆိုတာကြောင့် ဒါသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လုပ်သင့်လုပ်ထိုက်တာကို ဆောင်ရွက်တယ်လို့ပဲ ကျွန်တော်ထင်ပါတယ်။ နောက်တစ်ချက် ကိုဗစ်ကာလဖြစ်နေတဲ့အတွက် နောက်ဆုတ်ဖို့ဆိုတာတော့ အမျိုးမျိုး ဝေဖန်နေကြတာပေါ့။ အရင်တုန်းကလည်းပဲ ရက်ကိုမကြေညာမီတုန်းကလည်းပဲ အားလုံးသိပြီးဖြစ်တဲ့အတိုင်းပဲ အတိုက်အခံပါတီတွေက ရွေးကောက်ပွဲမလုပ်ဘူးလား။ ရွေးကောက်ပွဲ မလုပ်လို့မရဘူး။ ရွေးကောက်ပွဲ မကျင်းပဘူးလား။ ဘာလား ညာလားဆို ပြောကြဆိုကြတာ ရှိတယ်။ အခုကျတော့လည်းပဲ ရွေးကောက်ပွဲနောက်ဆုတ်ဖို့ ရွေးကောက်ပွဲမကျင်းပဖို့ ဒါတွေ ပြောဆိုနေကြတာလည်း ကြားနေရတော့ သူတို့ပြောတဲ့အတိုင်း ရွေးကောက်ပွဲကို ဒီဇင်ဘာနောက်ဆုတ်လို့၊ နောက်ဆုတ်တဲ့ အချိန်မှာ ကိုဗစ်အခြေအနေက ကောင်းလာမယ်။ ဆိုးလာမယ်။ ပိုကောင်းလာရင်တော့ ဒါမဆိုးဘူးပေါ့။ အခုက ပိုကောင်းလာမယ်လို့ ဘယ်သူမှ အာမ,မခံဘူး။ ပိုမဆိုးပါဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ။ သဘောကိုပြောတာပါ။ ဒါကြောင့်မို့လို့ ကျွန်တော်ကတော့ လက်ရှိအခြေအနေမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံတော်အစိုးရက စီမံထားတဲ့အတိုင်းပဲ ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့ ရက်အတိုင်းပဲ ကျင်းပလိုက်တာက ဒီလောက်လည်းပဲ တိုင်းပြည်အခြေအနေက ဆိုးနေတာ မဟုတ်ဘူး။ ကျွန်တော်သိရတဲ့အတိုင်း ပြောရလို့ရှိရင် မြန်မာနိုင်ငံမှာ ခုလိုမျိုး ဒီလိုအခြေအနေ ဖြစ်နေတာက အင်္ဂလန်တို့၊ အမေရိကန်တို့ အိပ်နေသလောက်ပဲ ရှိတယ်။ တတ်နိုင်သလောက်လည်း နိုင်ငံတော်အစိုးရနဲ့ ကိုဗစ်ထိန်းချုပ်ကာကွယ်မယ့် ဗဟိုအဖွဲ့ကလည်း တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ပေးနေကြပါတယ်။

မေး ■  တိုင်းရင်းသားပါတီတွေနဲ့ NLD  ပါတီရဲ့ ဆက်ဆံရေးက ၂၀၁၅ ရွေးကောက်ပွဲပြီးနာက်ပိုင်းမှာ ဘယ်လိုအခြေအနေ ရှိပါသလဲ။ NLD ပါတီရဲ့ တိုင်းရင်းသားပါတီတွေအပေါ်မှာထားရှိတဲ့ မူဝါဒတွေကို သိလိုပါတယ်။

ဖြေ ■  ဒါနဲ့ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင် ၂၀၁၅ တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တစ်စိတ်တည်း တစ်ဝမ်းတည်း ရပ်တည်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေကို ကျွန်တော်တို့က အလေးအနက်ထားပါတယ်။ သူတို့ရဲ့ သစ္စာရှိမှုကိုလည်း ကျွန်တော်တို့က တန်ဖိုးထားပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် ချင်းပြည်နယ်မှာ ဇိုမီးပါတီ ပြိုင်တယ်ဆိုလို့ရှိရင် ပြိုင်တဲ့နေရာမှာ ကျွန်တော်တို့ NLD မပြိုင်ဘူး။ အဲဒီတုန်းက သူတို့ရဲ့ သစ္စာရှိမှုကို တန်ဖိုးထားသောအားဖြင့် ကျွန်တော်တို့ ရှောင်ပေးတယ်။ အခု သူတို့မပြိုင်ဘူးနော်။ NLD ပြည်သူလူထုရဲ့ တောင်းဆိုချက်အရ၊ အဖွဲ့ချုပ်အဖွဲ့ဝင်တွေရဲ့ တောင်းဆိုချက်အရ ကျွန်တော်တို့က ပြိုင်မယ်။ ဒီလိုပြိုင်မယ့် အခြေအနေပေါ်မှာမူတည်ပြီးတော့ မလိုတမာပြောကြတာတွေ ရှိပါတယ်။ အဲဒီလိုပဲ ဒီအတိုင်းပဲ ပြောနေတာပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗမာပါတီ။ ဘာညာပေါ့။ ဒါအဓိပ္ပာယ် မရှိဘူး။ မလိုလို့ သွေးထိုးတဲ့ စကားပါ။ ဗမာပါတီဆိုလို့ရှိရင်လည်း ဗမာဝန်ကြီးချုပ်။ ကချင်မှာလည်း ဗမာဝန်ကြီးချုပ်၊ ရှမ်းမှာလည်း ဗမာဝန်ကြီးချုပ်၊ နောက်တစ်ခါ ကယားမှာလည်း ဗမာဝန်ကြီးချုပ် အဲလိုတွေဖြစ်ရမှာပေါ့။ ရခိုင်မှာလည်း ဗမာဝန်ကြီးချုပ်။ ဘယ်ဟုတ်မှာလဲ ဒေသခံတွေပဲ ကျွန်တော်တို့က ဝန်ကြီးချုပ်ခန့်ထားတာပါ။ အဲဒီတော့ ဒါမလိုတမာပြောတဲ့ကိစ္စပဲ။ ဒါကတော့ သွေးထိုးတာပေါ့။ ဘာဖြစ်လို့တုန်းဆိုတော့ ပြည်မမှာ သေချာပေါက်ရှုံးမှာကို သိတဲ့အခါကျတော့ ပြည်နယ်တွေမှာကိုပဲ တချို့အတိုက် အခံပါတီတွေက မရရအောင် တွယ်ကပ်ပြီး စည်းရုံးနေတာတွေ ရှိတယ်။ တချို့ဆိုလို့ရှိရင် ပြည်နယ်တွေမှာ ပြည်သူက လက်မခံနိုင်တဲ့ အတိုက်အခံပါတီက ကိုယ်စားပြုတဲ့သူတွေဆိုရင် ပါတီကို နာမည်ခံပြီး မပြိုင်ရဲဘူး။ တစ်သီးပုဂ္ဂလဆိုပြီး ထွက်တယ်။ တချို့ဆိုလို့ရှိရင် ပြည်နယ်တွေမှာ လိုက်ပြီးတော့ နည်းမျိုးစုံဖြိုခွဲပြီးတော့ ဈေးဆစ်နေတာတွေ ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ မင်းတို့ကို ငါတို့က (ဥပမာ ပြည်နယ်မှာပြိုင်တယ်ပေါ့။ နာမည်တော့ တပ်မပြောတော့ပါဘူး။) မင်းတို့ကို ပြည်နယ်လွှတ်တော်မှာ ငါတို့က မပြိုင်ဘူး။ နိုင်အောင် လုပ်ပေးမယ်။ လူလျှော့မယ်ပေါ့။ ပြည်နယ်လိုနေရာမှာ မပြိုင်ဘူး။ သို့သော်လည်းပဲ မင်းတို့ကလည်းပဲ အမျိုးသားလွှတ်တော်တို့၊ ပြည်ထောင်စုလွှတ်တော်တို့ ဒီနေရာတွေမှာ မပြိုင်နဲ့။ တို့ကိုလွှတ်ပေး။ အဲဒါမျိုးတွေ သွားပြီးတော့ တိုင်းရင်းသားတွေကို ညှိတယ်လို့ သိရတယ်။ ဒါဘယ်အဓိပ္ပါယ်ရှိမလဲ။ တကယ်တမ်း နိုင်ငံတော်အစိုးရဖွဲ့ဖို့ဆိုတဲ့ကိစ္စမှာ အလေးအနက်ထားတာက အရှုံးအနိုင်ရေတွက်တာက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးရေ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရေ။ ဒါတွေပေါ်မှာမူတည်ပြီး ရေတွက်တာလေ။ ဒါလုပ်နည်းလုပ်ဟန် နည်းဗျူဟာတော့ သဘာဝမကျဘူးလို့ ပြောချင်တယ် ကျွန်တော်က။

မေး ■ ယခု မဲဆွယ်စည်းရုံးရေးကာလမှာ NLD ပါတီအနေနဲ့ ကိုဗစ်စည်းကမ်းတွေကို လိုက်နာသောအားဖြင့် စည်းရုံးရေးတွေ မလှည့်လည်ဖို့ စာထုတ်ခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ NLD ပါတီကို ထောက်ခံသူတွေက လူစုလူဝေးတွေနဲ့ လှည့်လည်မှုတွေ ပိုများလာနေပါတယ်။ အဲဒါမျိုးတွေကို လက်ရှိအစိုးရက တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူမှုတွေ မရှိလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ အဲဒီအပေါ်မှာ ဘာများပြောလိုပါသလဲ ခင်ဗျာ။

ဖြေ ■  အဲဒီအခြေအနေမှာ တစ်ခုပြောပါဆို ကိုယ်စိတ်ထဲရှိတာသာ ပြောရရင်တော့ ဥပမာ ရာဇဝတ်မှု။ ထားပါတော့ တစ်ရွာလုံး ပါဝင်တဲ့ တစ်မြို့နယ်လုံးက ကျူးလွန်တဲ့အမှု။ ကျူးလွန်တဲ့လူကိုသာ ထောင်ချပါဆို ဘယ်လိုလုပ်ရမလဲ။ တစ်မြို့နယ်လုံး၊ တစ်ရွာလုံးကို ထောင်ချရမလား။ ဘယ်လိုလုပ်ရမလဲ။ သဘောပြောတာပါ။ တစ်ရွာလုံးက ထွက်သတ်တယ်ကဲ၊ မကျေနပ်လို့ သတ်တယ်ပေါ့။ တစ်ရွာလုံးက ထွက်သတ်တာ။ ဒါဆိုလို့ရှိရင် ခုအနေအထားအရ အဲလိုဆိုရင် ကျွန်တော်တို့က ပြောတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးအဖွဲ့က မေတ္တာရပ်ခံထားတယ်။ ကိုဗစ်ကာလဖြစ်တယ်ဆိုတာလည်း မှန်တယ်။ သို့သော်လည်းပဲ တကယ်တမ်း ထောက်ခံအားပေးမှု ခြိမ့်ခြိမ့်သဲ လုပ်နေတာတွေက ပြောရလို့ရှိရင် မြင်မကောင်းအောင်ကိုပါပဲ။ တစ်ချို့ကလည်း Mask တပ်တယ်။ တစ်ချို့ကလည်း Mask မတပ်ဘူး။ အဲလိုတွေလုပ်ဖို့ ကျွန်တော်တို့က လုံးဝကိုပဲ အားပေးအားမြောက်တွေ မပြုခဲ့ဘူး။ ပြည်သူလူထုကကိုက ဒီလိုတွေ လုပ်နေတာ။ အဲဒီတော့ သန်းနဲ့ချီတဲ့ပြည်သူတွေကို ထောင်ထဲထည့်မလား။ သဘောပြောတာပါ။ အတတ်နိုင်ဆုံး ပညာပေးနေတာပဲ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်တွေအတိုင်း ဟောပြောပွဲတွေမှာလည်း ဟောတယ်။ မဏ္ဍပ်ထဲမှာ ခြောက်ပေခြား ထုံးတားပြီးတော့ ထိုင်ရတယ်။ Mask တပ်ရတယ်။ Mask မရှိရင် Mask ပေးတယ်။ အပြင်က ကကြခုန်ကြတဲ့သူတွေ၊ ကြိတ်ကြိတ်တိုးနေတယ်။ တားတဲ့ကြားထဲကကို ထောက်ခံအားပေးနေတဲ့ သူတွေကတော့ ဒါတော့ ကျွန်တော်တို့က အပြစ်ပေးမယ်။ အရေးယူမယ်ဆိုရင် နိုင်ငံတော်က သန်းနဲ့ချီပြီး အပြစ်ပေး အရေးယူရမယ့် အနေအထားရှိတယ်။ ဒါတွေက ပြောရမယ်ဆိုလို့ရှိရင် ရောဂါကူးအောင် လုပ်နေတာတော့ မဟုတ်ဘူး။ ရောဂါကူးစေချင်တဲ့ဆန္ဒလည်း မရှိဘူး။ သူတို့ရဲ့ဆန္ဒကတော့ အဖိနှိပ်ခံခဲ့ရတဲ့ ဘဝကနေ လွတ်လပ်စွာ စည်းရုံးလှုံ့ဆော်ခွင့် ရတဲ့အချိန်မှာ လွတ်လပ်မှုကို တင်းပြည့်ကျပ်ပြည့် ခံစားကြည့်တယ်လို့ပဲ ကျွန်တော်ထင်တယ်။ ဒီကြားထဲက အားလုံး သိတဲ့အတိုင်းပဲ နိုင်ငံတော်ရဲ့အခြေအနေက ပျော်ရပါးရမယ့်အခြေအနေ သင်္ကြန်ကာလမှာ ဘာမှမပျော်မပါးခဲ့ရဘူး။ အကုန်လုံးအိမ်ထဲက အိမ်ပြင်မထွက်ဘဲ တတ်နိုင်သမျှ ထိန်းပြီးနေခဲ့ရတော့ကာ ရွေးကောက်ပွဲ မဲဆွယ်ကာလကို အကြောင်းပြပြီး အပျော်လွန်နေကြတယ်လို့ ထင်တယ်။ ထောက်ခံအားပေးတာလည်း ပါတယ်။ ရောက်လေရာမှာ ဝန်ကြီးချုပ်က ဘယ်သူ။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းက ဘယ်သူ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းက ဘယ်သူ။ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းက ဘယ်သူ။ အဲဒါတွေကို ခေါင်းထဲ မရှိဘူး။ အမေစုနိုင်ရမည်။ အမေစု အောင်ပွဲခံရမည်။ ဒါပဲလူတွေက အော်နေကြတာ။ ကလေးတွေကမှ အစ။ ပေါက်စလေးတွေကမှ အစ။ အင်္ကျီအနီဆို ဝတ်ချင်တယ်။ ဒီပြင်အင်္ကျီဆို မဝတ်ချင်ဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ နိုင်ငံရေး နားလည်လို့ မဟုတ်ဘူး။ အင်္ကျီအနီက လှလို့တဲ့။ အဲဒီလိုကို ဖြစ်နေကြတာ။ ကြိတ်ကြိတ်တိုး ဖြစ်နေကြတာ။ ကျွန်တော်တို့လည်း တားပါတယ်။ တားမရဘူး။

မေး ■  လာမယ့်ရွေးကောက်ပွဲမှာ NLD ပါတီအတွက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကနဲ့ မတူတဲ့ စိန်ခေါ်မှုတွေ ရှိနေပါသလား။ ရှိနေမယ်ဆိုရင် ဘယ်လိုအကြောင်းအရာတွေလည်း သိချင်ပါတယ်။ တစ်ချို့ကလည်း လက်ရှိအာဏာရပါတီက ရွေးကောက်ပွဲကော်မရှင်အပေါ်မှာ စွက်ဖက်မှုတွေ ရှိနေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ အဲဒီအပေါ်မှာရော ဘာများပြောလိုပါသလဲ။

ဖြေ ■  အဲဒီလိုကွာခြားမှုကတော့ ရွေးကောက်ပွဲကို လုပ်ရတာသည် ကိုဗစ်ကာလ ဒုတိယလှိုင်းနဲ့အပြိုင် ကျင်းပရတယ်။ တကယ်လို့သာ ကိုဗစ်သာမရှိဘူးဆိုရင် တစ်တိုင်းပြည်လုံးရဲ့ ထောက်ခံအားပေးမှုက ဒါထက်ပိုပြီး ခြိမ့်ခြိမ့်သဲသဲနဲ့ ပိုပြီး ပျော်စရာကောင်းလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အာဏာလက်ရှိနဲ့ အာဏာလက်မဲ့ ရွေးကောက်ပွဲပြိုင်ကြတဲ့၊ ဝင်ကြတဲ့ နေရာမှာတော့ ဥပမာပြောရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တစ်ယောက်တည်း ပြိုင်ဘက်မရှိ။ ညွန့်ပေါင်းမဟုတ်ဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ။ အဲဒီအစိုးရက ရွေးကောက်ပွဲနဲ့ပတ်သက်လို့ရှိရင် ခုနက ပြောခဲ့သလို ချင်း NLD ကပဲဖြစ်စေ၊ ခွပ်ဒေါင်းအောင်လံ ပြည်သူ့အသံကပဲဖြစ်စေ၊ ဆောင်ရွက်ချက်တွေကို ဖွံ့ဖြိုးရေးတွေ ဘာတွေလုပ်တယ်။ တရားဥပဒေစိုးမိုးရေးတွေ ဘာတွေလုပ်တယ်။ ဘတ်ဂျက်တွေ ဘယ်လိုတွေ သုံးတယ်။ ဥပမာအားဖြင့် အရင်တုန်းက မိုးကြိုးပစ်သေတဲ့လူ ဘယ်လောက်ပေးတယ်။ အခုကာလ ဘယ်လောက်ပေးတယ်။ အရင်တုန်းက အသက် ၉၀ ကျော်မှ ကျပ်တစ်သောင်း ထောက်ပံ့တယ်။ အခု ၈၅ နှစ်မှာ ကျပ်တစ်သောင်း ထောက်ပံ့တယ်။ ဒါတွေက ပြောခွင့်ရလို့ ပြောနေတာ မဟုတ်ဘူး။ ဒါကို လုပ်ပိုင်ခွင့်ကို တစ်လွဲသုံး စည်းရုံးလှုံ့ဆော်နေပါတယ်လို့ ဘယ်လိုလုပ် ပြောလို့ရမှာလဲ။ UEC ကလည်းပဲ အားလုံး လူသစ်မှ မဟုတ်ဘဲ။ တစ်ချို့လူဟောင်းတွေ ပါသေးတယ်။ တကယ်ကို ကြိုးကြိုးစားစားနဲ့ ဖြောင့်မတ်စွာ လုပ်နိုင်တဲ့ လူဟောင်းတွေကို ပါသေးတယ်။ သူတို့ကိုယ်တိုင်လည်း ကျွန်တော်ထင်တာတော့ သူတို့ဆုံးဖြတ်ချက်တွေ၊ ကြေ ညာချက်တွေ၊ အမိန့်ကြော်ငြာချက်တွေက ပြောသင့်ပြောထိုက်၊ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နေတယ်လို့ပဲ ကျွန်တော် ထင်တယ်။

မေး ■  NLD ပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေကို စိစစ်တဲ့အခါမှာ ဘယ်လိုမူဝါဒတွေနဲ့ စိစစ်ခဲ့ပါသလဲ။ တစ်ချို့ကိုယ်စားလှယ်လောင်းတွေကို ၂၀၁၅  ခုနှစ် ရွေးကောက်ပွဲတုန်းက ပြည်သူက မဲပေးခဲ့ရတယ်ဆိုပေမယ့် ငါးနှစ်သက်တမ်းမှာ တကယ်စွမ်းဆောင်ရည် မရှိခဲ့ကြဘဲ ၂၀၂၀  ခုနှစ် ရွေးကောက်ပွဲမှာလည်း အဲလိုကိုယ်စားလှယ်လောင်းတွေပဲ အများစု ပြန်ပါနေကြပါတယ်။ အဲဒီအပေါ်မှာ ဝေဖန်မှုတွေရှိနေတော့  ကိုယ်စားလှယ်လောင်း စီစစ်ရေးမှာပါဝင်ခဲ့တဲ့ ဆရာ့အနေနဲ့ ပြောပြပေးပါ။

ဖြေ ■ အဲဒါတွေက ကျွန်တော်ကိုယ်တိုင်ကို ဝေဖန်တာ ခံခဲ့ရတယ်။ ကျွန်တော်တို့က မဲဆန္ဒနယ်မြေတစ်ခုမှာ ဥပမာအားဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရာထားမယ်။ ခုနှစ်ယောက် ရှစ်ယောက်ပြိုင်မယ်။ တစ်ယောက်ပဲ ရွေးကောက်ပွဲဝင်ဖို့ လျာထားလို့ရတာ။ နှစ်ယောက် သုံးယောက် လျာထားလို့ ရတာမှ မဟုတ်တာ။ အဆင့်ဆင့်ကို စီစစ်ပြီးတော့ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့က ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဆရာဇော်မြင့်မောင် ပါတယ်။ ဦးဟံသာမြင့် ပါတယ်။ ဒေါက်တာမျိုးညွန့် ပါတယ်။ နောက်တစ်ခါ ဆရာတင်မျိုးဝင်းပါတယ်။ နောက်တစ်ခါ ဒေါ်နန်းဆွေဆွေမြင့် ပါတယ်။ အကုန်လုံး စီစစ်ပြီးမှကို ရွေးချယ်တာပါ။ ရွေးတဲ့အခါကျတော့လည်း ကျွန်တော်တို့က အတွေ့အကြုံရှိပြီးသားလား။ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်လား။ အဖွဲ့ချုပ်အပေါ်မှာ တကယ်ကို သစ္စာရှိမယ့်သူလား။ ဒါတွေကို သေချာကြည့်ပြီးတော့ ရွေးတယ်။ တစ်ချို့ဆိုလို့ရှိရင် အရည်အချင်းရှိပါတယ်။ ရွေးကောက်ပွဲဝင်တော့မယ့်အချိန်မှာ အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာပမယ်ဆို ပြောသော်ငြားလည်းပဲ လွှတ်တော်ထဲရောက်ပြီးခါမှ ငါ့ဘာကောင်မှတ်လဲကွ ဆိုပြီးတော့ တစ်စင်ထောင်တာတွေ။ ကျွန်တော်တို့ စည်းမျဉ်းစည်းကမ်းနဲ့ မူဝါဒနဲ့ မလိုက်နာဘဲနဲ့ ငါတကော ကောတာတွေ ကြုံနေရတော့ကာ အရည်အချင်းရှိတယ်။ သို့သော်လည်းပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ်မှာ သစ္စာရှိမှု မရှိမှုအပေါ်မှာ သံသယဖြစ်စရာရှိမယ်ဆိုရင်တော့ လုံးဝမရွေးဘူး။ ဒါသေချာတယ်။ အရည်အချင်းကတော့ တတ်နိုင်သမျှ သင့်ရုံပဲရှိမယ်။ သို့သော်လည်းပဲ လွှတ်တော်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သစ္စာရှိတဲ့နေရာမှာ ရာနှုန်းပြည့် ယုံကြည်ရတယ်ဆိုရင် အဲဒီလူကို ရွေးတယ်။ ဒါတွေကလည်း ရှိပါတယ်။ ပြောကြတာတော့ နည်းမျိုးစုံ ပြောကြပါတယ်။ ဝေဖန်လုပ်တဲ့လူဆိုတာ လောကမှာ ရှိပြီးသားပဲ။ ကျွန်တော်ကိုယ်တိုင်ကို မျောက်ညိုဆိုပြီးတော့ ဝေဖန်ခံရတယ်။ သူတို့ကြိုက်တဲ့လူကို မရွေးလို့မလို့။ လက်ရှိ လွှတ်တော်ကိုယ်စားလှယ် အတွေ့အကြုံရှိတဲ့သူကို ရွေးလို့မလို့ ကျွန်တော့်ကို မျောက်ညိုလို့ ဝေဖန်ခံရတာ ရှိတယ်။ 

မေး ■  လက်ရှိ အာဏာရအစိုးရအနေနဲ့ မကွေးတိုင်းဒေသကြီးအတွင်း ငါးနှစ်တာဆောင်ရွက်ခဲ့မှုတွေမှာ ဘယ်အရာတွေက အထိရောက်ဆုံး ခရီးပေါက်ခဲ့တယ်လို့ သုံးသပ်မိပါသလဲ။ ပြည်သူ့အတွက် ဆောင်ရွက်ပေးချင်ပေမယ့် တကယ်ဆောင်ရွက် မပေးနိုင်ခဲ့တဲ့ ချွတ်ယွင်းချက်၊ အားနည်းချက်တွေက ဘာတွေရှိမလဲခင်ဗျာ။

ဖြေ ■  ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ကိစ္စတွေကတော့ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီး ကဏ္ဍပဲ။ အကျေနပ်ဆုံး လုပ်နိုင်ခဲ့တဲ့ ကဏ္ဍတွေပါ။ ချို့ယွင်းချက် အားနည်းချက်ရှိပြီးတော့ လုပ်ချင်တိုင်း လုပ်မပေးနိုင်ခဲ့ဘူးဆိုတဲ့ ကိစ္စတွေလည်း ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ လယ်သိမ်းယာသိမ်း ကိစ္စတွေပါ။ ပေးချင်ပေမယ့်လို့ ပေးချင်တဲ့အတိုင်းအဆအတိုင်းကို မပေးနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ အားလုံးသိတဲ့အတိုင်းပဲ။ ဒါတော့ ထပ်ပြီး ရှင်းမပြတော့ဘူး။ ကျွန်တော်လည်း တတ်နိုင်သမျှတော့ ပေးနိုင်အောင်ကြိုးစားတယ်။ ပေးနိုင်အောင် ကြိုးစားလို့လည်းပဲ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုရဲ့ ပြောဆိုချက်တွေဟာ တပ်မတော်ကို လူထုနဲ့ တိုက်ပေးသိလို ဖြစ်နေပါတယ်ဆို ကျွန်တော့်ကို စွပ်စွဲခံရတယ်။ စွပ်စွဲခံရပြီးတော့ မကွေးတိုင်း သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်စီစစ်ရေးထဲမှာပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်က လယ်ပြန်စစ်ကိစ္စတွေမှာ အများကြီး ပြန်မရဘူး။ မရတာ ဘာကြောင့်လဲဆိုတော့ လယ်ပြန်စစ်က ဒုသမ္မတ ဦးဟင်နရီရယ် ဒေါက်တောအောင်မိုးညိုရယ် တိုင်းမြေစစ်အဖွဲ့ထဲက အလုပ်မလုပ်ပါဘူးလို့ ဝေဖန်ခံခဲ့ရတယ်။ အဲဒီကိစ္စမှာ အားအရ နည်းခဲ့တယ်။ ပေးနိုင်သမျှ ပြန်ပေးခဲ့တယ်။ 

မေး ■  လက်ရှိ အာဏာရအစိုးရအနေနဲ့ လာဘ်ပေးလာဘ်ယူရှိနေတဲ့ ဋ္ဌာနဆိုင်ရာတွေ၊ ပြည်သူ့ဝန်ဆောင်မှု တွေကိုမှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဆောင်ရွက်မပေးတဲ့ ဋ္ဌာနဆိုင်ရာဝန်ထမ်းတွေအပေါ် ကိုယ့်မူကိုယ့်ဟန်နဲ့ ထိထိရောက်ရောက် မကိုင်တွယ်နိုင်တဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။ အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြပေးပါခင်ဗျာ။

ဖြေ ■  မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာကိုပဲ အာဏာရှင်လက်အောက်မှာ နေခဲ့ရတယ်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ တက်ကတည်းကိုက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်အောက် ရောက်သွားတယ်။ နောက်တစ်ခါ ၈၈ မှာ သပိတ်မှောက်လိုက်တယ်။ နဝတ၊ နအဖ လက်အောက်မှာ ရောက်သွားတယ်။ နဝတ၊ နအဖ လက်အောက်မှာဆိုကတည်းက အားလုံးသိတဲ့အတိုင်းပဲ။ ကုလားထိုင်မလှုပ်ဖို့ပဲ လိုတယ်။ ဘာတွေ ဖြစ်နေနေ။ ဥပမာအားဖြင့် သာဓကတစ်ခု ပြောရမယ်ဆိုလို့ရှိရင် ဆယ်တန်းကျောင်းသားတွေ ခိုးချတဲ့ကိစ္စ။ နောက်တစ်ခါ ပရိယတ္တိစာပြန်ပွဲတွေမှာ စာသင်သားတွေ ခိုးချတဲ့ကိစ္စ။ ဆယ်တန်းကျောင်းသား တွေ ခိုးချတဲ့ Micro လို့ခေါ်တဲ့ စာအုပ်သေးသေးလေးတွေ စာမေးပွဲဖြေပြီးလို့ရှိရင် ပွစာကျဲလို့။ ကြိုက်သလောက် ခိုးချ။ ဘာမှ မဆူဖို့ မပူဖို့ လိုတယ်။ ဆူတာပူတာ မကြားချင်ဘူး။ ဒါ နဝတ၊ နအဖ လက်ထက်က ဖြစ်ခဲ့တာ။ အလားတူပဲ အဂတိလိုက်စားမှုတွေကလည်း အရှိန်အဟုန်နဲ့ကိုပဲ ပါလာတဲ့ကိစ္စပါ။ ဥပမာအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် ပြီးခဲ့တဲ့ တရားမဝင်ကြောငြာခံလိုက်ရတဲ့ UDP လား။ နှင်းဆီပါတီရဲ့ ဦးကျော်မြင့်။ သူဆိုလို့ရှိရင် မင်္ဂလာဒုံမှာ မြေတွေအများကြီး ဝယ်ထားတာ။ ဘယ်သူ့ဆီက ဝယ်ခဲ့တာလဲဆိုတော့ ကျွန်တော်တို့ သိရသလောက်ကတော့ တပ်မတော်အရာရှိကြီးဆီက ဝယ်ခဲ့တာပါ။ သိန်းပေါင်း ငါးသောင်း၊ ခြောက်သောင်းနဲ့ ဝယ်သွားတာပါ။ ဒါတွေက သူအဂတိလိုက်တယ်လို့ တည့်တည့်ပြောတာ မဟုတ်ဘူး။ ဘယ်လောက်တောင်မှ ကြွယ်ဝချမ်းသာသွားကြသလဲ။ ဘယ်လို ဘယ်နည်းဘယ်ပုံနဲ့ ကြွယ်ဝချမ်းသာနေကြသလဲ။ ဆိုလိုချင်တာက အဂတိလိုက်စားမှုက အရှိန်အဟုန်နဲ့ကိုပဲ ဖြစ်လာခဲ့တာ။ အာဏာရှင် လက်အောက်မှာ။ တစ်ချို့လည်း ဝေဖန်ကြတယ်။ အာဏာရှင်အောက်မှာ အဂတိလိုက်စားနေမှကို ဝန်ထမ်းကို ကြိုက်သလို ကိုင်လို့ရတယ်။ ဥပမာပြောရမယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲမှာ ပွင့်ဖြူက ကျောင်းဆရာမကြီးတစ်ဦး။ ဘော်ဒါကို တရားဝင် ဖွင့်ခွင့်မရှိဘူး။ အဲဒီတော့ သူက အာဏာရှင်ကို လွန်ဆန်လို့ မရဘူး။ လွန်ဆန်လို့မရတော့ ဆန္ဒခံယူပွဲလာပြီး မဲပေးဖို့ထုတ်သမျှ စာရွက်တွေကို ထုတ်ပေးပြီး အမှန်ခေါက်ခြစ်ပြီး မဲပုံးထဲတည့်တယ်။ အာဏာရှင်စိတ်တိုင်းကျ လုပ်ရတဲ့ဘ၀ ရောက်သွားတာ။ အဲဒီတော့ အရှိန်အဟုန်နဲ့ အမြစ်တွယ်လာတဲ့ အဂတိလိုက်စားမှုကို ကျွန်တော်တို့က အရှိန်အဟုန်နဲ့ ပြေးနေတဲ့ ကား တစ်စီးကို ဒက်စတော့ဘရိတ်အုပ်လို့ရှိရင် ရမလား။ ဘယ်ရမှာလဲ။ လျှော့လျှော့ ဖြေးဖြေးချင်းမှ ကျွန်တော်တို့က ရပ်ရမှာ။ ကျွန်တော်တို့ အတတ်နိုင်ဆုံး လုပ်ခဲ့တယ်။ ကျွန်တော်တို့ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးတွေနဲ့ အစိုးရအဖွဲ့အနေနဲ့ တာဝန်ခံနိုင်တယ်။ သို့သော် ဖြစ်လာတာတော့ တစ်ဖြေးဖြေးမှ ကျွန်တော်တို့ ဒါတွေကို လုပ်လို့ရမယ်။ ဒီနေရာမှာ အဓိက ပူးပေါင်းဆောင်ရွက်စေချင်တာတော့ ပြည်သူပဲ။ သူတို့ကို မပေးနဲ့။ တစ်ပတ် ဆယ်ရက်နဲ့ပြီးရမယ့် စာရွက်စာတမ်း တစ်လကျော်ပြီ။ နှစ်လကျော်ပြီ။ မပြီးသေးဘူး။ ပိုက်ဆံတောင်းနေတယ်။ လာပြောပါ။ ကျွန်တော်တတ်နိုင်သမျှ အရေးယူဆောင်ရွက်မှာပဲလေ။ ဥပမာဆိုရင် ပုံစံ ၇ ရမယ့်ကိစ္စ။ ဒါ တတ်နိုင်သမျှ ကျွန်တော်တို့ ဆောင်ရွက်ပေးနေတာပါ။ လယ်ကိစ္စ ယာကိစ္စ။ အဲဒီတော့ ချက်ချင်းကြီး လုပ်မရပါဘူး။ တဖြေးဖြေးတော့ ကောင်းသထက်ကောင်းလာအောင် ကျွန်တော် ကြိုးစားဆောင်ရွက်နေပါတယ်။ မျှော်လည်း မျှော်လင့်ပါတယ်။

မေး ■  လက်ရှိ တိုင်းဒေသကြီး ဝန်ကြီးချုပ်တစ်ဦးအနေနဲ့ရော လာမယ့်ရွေးကောက်ပွဲမှာ ပြန်လည်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတစ်ဦးအနေနဲ့ အများပြည်သူကို ဘာများ ဖြည့်စွက်ပြောကြားလိုပါသလဲခင်ဗျာ။

ဖြေ ■  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူတစ်ရပ်လုံးက အဖွဲ့ချုပ် ရှုံးခဲ့တဲ့ ရွာတွေအပါအဝင် ခြိမ့်ခြိမ့်သည်း ထောက်ခံနေကြတယ်။ အားပေးလှုံ့ဆော်တဲ့ သီချင်းတွေကလည်း ပြိုင်စံရှားပဲ။ ယာဉ်ပေါင်တန်းနိုင်ဖို့မပြောနဲ့။ အနားကို သီနိုင်လောက်အောင်ကို အဆင့်မရှိဘူး။ ဘာမှမကြားရဘူး။ အဲလိုပြည်သူတစ်ရပ်လုံးက ထောက်ခံအားပေးနေကြတဲ့ အခြေအနေမျိုးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေ၊ ထောက်ခံအားပေးကြတဲ့သူတွေ၊ ပါတီဝင်တွေအနေနဲ့ တစ်ဖက်က ကျူးလွန်စော်ကားတာကို ကိုယ်ထိလက်ရောက် သွားပြီးတော့ မတုန့်ပြန်မိပါစေနဲ့။ ဒေါသအလျောက် မတုန့်ပြန်ကြပါနဲ့။ ဥပဒေနဲ့အညီသာ ဖြေရှင်းကြပါ။ ဒေါသအလျောက်သာ တုန့်ပြန်မယ်ဆိုရင် မှားပါလိမ့်မယ်။ အဲဒါလေး ကျွန်တော် သတိပေးချင်ပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Most Read

Most Recent