COVID-19 နှင့် ကျန်းမာရေးစနစ်၏ စိုးရိမ်ဖွယ်အနေအထား

COVID-19 နှင့် ကျန်းမာရေးစနစ်၏ စိုးရိမ်ဖွယ်အနေအထား
Published 19 October 2020

မြောက်ကမ္ဘာခြမ်း၌ ဆောင်းရာသီ ရောက်ရှိလာသည့်အတွက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာသောကြောင့် အောက်တိုဘာ ၁၉ ရက်၌ ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သန်း ၄၀ ကျော် ရှိလာခဲ့သည်ဟု ရိုက်တာသတင်းဌာန၏ စာရင်းဇယားတွင် ဖော်ပြခဲ့သည်။ နိုင်ငံတစ်နိုင်ငံချင်းစီမှ ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ထုတ်ပြန်ချက်ကို အခြေခံ၍ ရိုက်တာက စာရင်းဇယားပြုစုခဲ့ခြင်းဖြစ်သည်။ အချို့နိုင်ငံများတွင် ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ မရှိ စစ်ဆေးမှု အားနည်းခြင်းနှင့် ကူးစက်ခံရသူအရေ အတွက်ကို ခန့်မှန်းထုတ်ပြန်ခြင်းများကြောင့် အမှန်တကယ် ဗိုင်းရပ်စ်ကူး စက်ခံရသူနှင့် သေဆုံးသူအရေအတွက်မှာ တရားဝင် ထုတ်ပြန်ထားသည့်အရေအတွက်ထက် ပိုမိုများပြားနိုင်သည်ဟု ပညာရှင်များက ယုံကြည်ထားကြသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပထမဆုံး စတင်ဖြစ်ပွားခဲ့သည့် ဇန်နဝါရီလအစောပိုင်းမှ ကူးစက်ခံရသူ ၁၀ သန်းအထိ ရောက်ရှိချိန်မှာ သုံးလဖြစ်ပြီး ၁၀ သန်း မှ သန်း ၂၀ သို့ ရောက်ရှိချိန်မှာ ၄၄ ရက်ဖြစ်၍ သန်း ၂၀ မှ သန်း ၃၀ သို့ ရောက် ရှိချိန်မှာ ၃၈ ရက်ဖြစ်ပြီး ယခု သန်း ၃၀ မှ သန်း၄၀ သို့ ရောက်ရှိချိန်မှာ ၃၂ ရက်ဖြစ်သည်။ကမ္ဘာတစ်ဝန်းတွင် ပြီးခဲ့သည့် သီတင်းပတ်၌ စံချိန်တင်နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် လေးသိန်းကျော်အထိ ပထမဆုံးအကြိမ် ရောက်ရှိခဲ့သည်။ အောက်တိုဘာလ ပထမသီတင်းပတ်အထိ နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံသူ ၂၉၂,၀၀၀ ရှိခဲ့ရာမှ လွန်ခဲ့သည့် သီတင်းပတ် ကျော်အတွင်း နေ့အလိုက် ဗိုင်းရပ်စ်ကူး စက် ခံရသူ ပျမ်းမျှ ၃၄၇,၀၀၀ ခန့် ရှိလာခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း  သြဂုတ် ၁၆ ရက်တွင် ရောဂါကူးစက်ခံရသူ ၃၇၄ ဦးသာ ရှိရာမှ နောက်ပိုင်းနှစ်လအတွင်း ရောဂါကူးစက်ခံရသူ ၃၆,၀၂၅  ဦးအထိ မြင့်တက်လာပြီး သေဆုံးသူ ၈၈၀ ဦး ရှိလာသည်။  (အောက်တိုဘာ ၁၈ ရက် ညပိုင်းအထိ စာရင်းများအရ ဖြစ်သည်)။

အမေရိကန်၊ အိန္ဒိယ (မြန်မာနိုင်ငံ၏ အိမ်နီးချင်း) နှင့်ဘရာဇီးနိုင်ငံများသည် ကမ္ဘာ ပေါ်တွင် ဗိုင်းရပ်စ်ကူးစက်ခံရမှုအဆိုးရွားဆုံးနိုင်ငံများအဖြစ် ဆက်လက်ရပ်တည်နေ သည်။ အမေရိကမြောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် ဗိုင်းရပ်စ်ကူးစက်ခံ ရသူဦးရေသည် ကမ္ဘာတစ်ဝန်းကူးစက်ခံရသူဦးရေ၏ ထက်ဝက်နီးပါး သို့မဟုတ် ၄၇.၂၇ ရာခိုင်နှုန်းခန့် ရှိသည်။ အမေရိကန်၌ လူတစ်သောင်းတွင် ဗိုင်း ရပ်စ်ကူးစက်ခံရသူ ၂၄၇ ဦး ဝန်းကျင်ရှိသည်။ အိန္ဒိယနှင့် ဘရာဇီးတွင်မူ လူတစ်သောင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၅ ဦးနှင့် ၂၄၈ ဦးစီ အသီးသီး ရှိသည်။ ဥရောပတွင် နေ့အလိုက် ဗိုင်းရပ်စ် ကူးစက်ခံရသူ သစ် တစ်သိန်းခွဲကျော် မြင့်တက်လျက်ရှိသည်။ ဥရောပ၏ ဗိုင်းရပ်စ်ကူးစက်နှုန်းသည် ကမ္ဘာတစ်ဝန်းကူးစက်နှုန်း၏ ၁၇ ရာခိုင်နှုန်းကျော် ရှိပြီး သေဆုံးမှုနှုန်းမှာ ၂၂ ရာခိုင်နှုန်း နီးပါး ရှိသည်။

မြန်မာနိုင်ငံတွင် သံသယလက္ခဏာရှိသူ စောင့်ကြည့်လူနာများနှင့် ဆေးရုံများတွင် Quarantine ထားသူများတွင် COVID-19ပိုးတွေ့ရှိမှု ၃၁ ရာခိုင်နှုန်းကျော်ရှိပြီး ပိုးတွေ့ လူနာများ၏ လေးပုံတစ်ပုံမှာ အနံ့မရသူများ ဖြစ်နေကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။ အောက်တိုဘာ ၁၇ ရက်တွင် စစ်ဆေးတွေ့ရှိခဲ့သော ဓာတ်ခွဲအ တည်ပြုလူနာ ၁,၃၈၇ ဦးတွင် လတ်တလော အနံ့မရရှိသူ ၃၅၀ ဦး ပါဝင်ကြောင်း၊ အောက် တိုဘာ ၁၆ ရက်တွင် စစ်ဆေးတွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ ၁,၁၃၈ ဦးတွင် လတ်တလော အနံ့ မရရှိသူ ၃၄၃ ဦး ပါဝင်ပြီး နေ့အလိုက် ဓာတ်ခွဲအတည်ပြုလူနာများ၏ လေးပုံတစ်ပုံခန့် မှာ အနံ့မရသူများ ဖြစ်နေကြောင်း သိရသည်။ နောက်ခံရောဂါအခံရှိသူ အသက်ကြီးပိုင်းများသာမက အသက်ငယ်ရွယ်သူ များ၌ပင် COVID-19ကူးစက်ခံရပါက ရောဂါပြင်းထန်ပြီး အသက်သေဆုံးမှုဖြစ်စဉ်များ ရှိနေကြောင်းလည်း သိရသည်။ တစ်နေ့ ရောဂါကူးစက်သူ ၁,၀၀၀ မှ ၂,၀၀၀ ကြားရှိနေခြင်းကြောင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ အသည်းအသန် ကြိုးပမ်းနေကြရပြီး မြန်မာနိုင်ငံ၏ ကျန်းမာရေး စနစ်သည် စိုးရိမ်ဖွယ် အနေအထား ရောက်ရှိနေကြောင်း ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြားလျက်ရှိသည်။

မည်သို့ပင်ဆိုစေကာမူ  မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်သည် စိုးရိမ်ဖွယ် အနေအထား ရောက်ရှိနေသည်ကို အမှန်အတိုင်း သဘောပေါက်လက်ခံရမည်သာ ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာခြင်း ဖြင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၏ ကြိုးပမ်းအားထုတ်မှုတွင် ပူးပေါင်းပါဝင်ရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ  ၂၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent