COVID-19 ကာကွယ်ဆေးကိစ္စ

COVID-19 ကာကွယ်ဆေးကိစ္စ
Published 17 October 2020

အမေရိကန် ကုမ္ပဏီနှစ်ခုသည် နိုဝင်ဘာနှောင်းပိုင်းတွင် ၎င်းတို့၏ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများအတွက် အရေးပေါ် သဘောတူညီချက် လျှောက်ထားရန် မျှော်မှန်းနေကြောင်း အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲပြီးနောက် နိုဝင်ဘာ တတိယမြောက်အပတ်တွင် ဘေးကင်းလုံခြုံရေးဆိုင်ရာ အချက်အလက်များ ရရှိလာပြီးလျှင် ကာကွယ်ဆေးအတွက် ရှေ့ဆက်ဆောင်ရွက်ရန် မျှော်မှန်းထားကြောင်း Pfizer ဆေးကုမ္ပဏီက ပြောကြားခဲ့သည်။ မက်ဆာချူးဆက်အခြေစိုက် ဇီဝနည်းပညာကုမ္ပဏီ Moderna က ၎င်းတို့၏ကာကွယ်ဆေးအတွက် နိုဝင်ဘာ ၂၅ ရက်တွင် တရားဝင်ခွင့်ပြုမှု ရရှိရန် ကြိုးပမ်းမည်ဟု မျှော်လင့်ထားကြောင်း ကြေညာထားခဲ့ရာ အမေရိကန်သည် ယခုနှစ်မကုန်မီ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး နှစ်မျိုး ရရှိရန် အသင့်ဖြစ်နေနိုင်သည်။ အမေရိကန်အစိုးရ၏ ငွေကြေးထောက်ပံ့မှုကို ရရှိထားသော Pfizer နှင့် Moderna တို့သည် ဇူလိုင်လကုန်တွင် ကာကွယ်ဆေးအဆင့် - ၃ စမ်းသပ်မှုကို ဆောင်ရွက်ခဲ့ကြပြီး အပြီးသတ် သဘောတူညီချက် မရမီမှာပင် ထုတ်လုပ်မှုကိုလည်း ဆောင်ရွက်နေကြသည်။ ယင်းကုမ္ပဏီနှစ်ခုက ယခုနှစ်မကုန်မီ အမေရိကန်၌ ကာကွယ်ဆေး ၁၀ သန်း ဖြန့်ဖြူးပေးရန် ရည်မှန်းထားသည်။

Moderna ၏ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို သက်ကြီးရွယ်အိုများတွင် စမ်းသပ်ခဲ့ရာ ဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်သည့် ပဋိပစ္စည်းထုတ်လုပ်မှုကို လူငယ်များတွင် ရရှိခဲ့သည့် ပမာဏနှင့်အလားတူ ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း အစောပိုင်းလေ့လာမှုများက တွေ့ရှိခဲ့သည်ဟု သုတေသနပညာရှင်များက စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ ယင်းလေ့လာမှုကို New England Journal of Medicine တွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး သက်ကြီးရွယ်အိုများတွင် ကာကွယ်ဆေး၏ဘေးကင်းမှုကို အပြည့်အစုံ ဖော်ပြခဲ့သည်။ သက်ကြီးရွယ်အိုများသည် ကိုရိုနာဗိုင်းရပ်စ်၏အန္တရာယ်ကို ထိခိုက်လွယ်ဆုံး ဖြစ်ကြသည်။ သက်ကြီးရွယ်အိုများသည် ကိုယ်ခံစွမ်း အားနည်းလာသောကြောင့် ယင်းတွေ့ရှိချက်များမှာ အားတက်စရာဖြစ်ကြောင်း အဆိုပါလေ့လာမှုကို ဦးဆောင်ခဲ့သော အတ္တလန္တာရှိ Emory University မှ သုတေသနပညာရှင် ဒေါက်တာအီဗင်အင်ဒါဆင်က ပြောကြားခဲ့သည်။

Moderna သည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် အဆင့် - ၁ စမ်းသပ်မှုကို အသက် ၁၈-၅၅ နှစ် အုပ်စု၌ ပထမဆုံး စမ်းသပ်ခဲ့ပြီး သက်ကြီးရွယ်အိုများအတွက် လေ့လာမှုကို ထပ်တိုးစမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ အသက် ၅၆ နှစ်မှ ၇၀ နှစ်အတွင်း တစ်အုပ်စုနှင့် အသက် ၇၁ နှစ်နှင့်အထက် သက်ကြီးရွယ်အို ၄၀ ဦးကို ကာကွယ်ဆေး ၂၅ မိုက်ခရိုဂရမ်နှင့် ၁၀၀ မိုက်ခရိုဂရမ် နှစ်မျိုးထိုးပြီး Moderna က စမ်းသပ်ခဲ့သည်။ ၁၀၀ မိုက်ခရိုဂရမ်ကို နှစ်ကြိမ် စမ်းထိုးခံခဲ့ရသော သက်ကြီးအုပ်စုသည် ပို၍ငယ်ရွယ်သူများ၌ ရရှိခဲ့သော ခုခံအား တုံ့ပြန်မှုကို အလားတူ ရရှိခဲ့ကြောင်း သုတေသနပညာရှင်များက တွေ့ရှိခဲ့သည်။ Moderna သည် ၎င်း၏ကာကွယ်ဆေး စမ်းသပ်မှုအတွက် ပို၍ကြီးမားကျယ်ပြန့်သော အဆင့် - ၃ စမ်းသပ်မှုကို ဆောင်ရွက်နေပြီး ယင်းအဆင့်ပြီးပါက တရားဝင်ခွင့်ပြုချက် ရယူသည့် နောက်ဆုံးအဆင့်သာ ကျန်တော့မည် ဖြစ်သည်။ ကာကွယ်ဆေးပမာဏ ပိုများသော အဆင့် - ၃ စမ်းသပ်မှုတွင် ဘေးထွက်ဆိုးကျိုးများ အပျော့စားမှ အသင့်အတင့်အထိ တွေ့ရှိရကြောင်း၊ ထို့နောက် မကြာမီ ပျောက်ကင်းသွားကြကြောင်း အင်ဒါဆင်က  ပြောကြားခဲ့သည်။

သို့သော်လည်း ယင်းကာကွယ်ဆေးများ သဘောတူခွင့်ပြုချက်ရသည့်တိုင် ကျယ်ကျယ်ပြန့်ပြန့် ရရှိရန်အတွက် လချီ ကြာမြင့်နိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးခဲ့သည်။ ဝက်သက်ရောဂါကဲ့သို့ အခြားရောဂါများ၏ ကာကွယ်ဆေးများနှင့်မတူဘဲ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသည် အကယ်၍ ရရှိလာခဲ့လျှင်လည်း ၁၀၀ ရာခိုင်နှုန်း ထိရောက်မှု ရှိနိုင်မည်ဟု အာမ,မခံနိုင်သေးပေ။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများသည် ဗိုင်းရပ်စ်ကို တိုက်ဖျက်ရာတွင် အရေးကြီးသော လက်နက်ဖြစ်သော်လည်း ကူးစက်မှုကို တားဆီးရန်အတွက် ပါးစပ်၊ နှာခေါင်းစည်းနှင့် Social Distancing စည်းမျဉ်းများကို ကာကွယ်ဆေးက အစားထိုးနိုင်မည်မဟုတ်ဟု ပညာရှင်များက သတိပေးခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ကာကွယ်ဆေးသည်သာ COVID-19 ရောဂါကူးစက်ပျံ့နှံ့ မှုကို ရပ်တန့်နိုင်သည့် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နေသောကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း အများနည်းတူ ကာကွယ်ဆေးများ ရရှိနိုင်ရေးကိစ္စကို မျက်ခြည်မပြတ် အာရုံစိုက်နေသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 အောက်တိုဘာ ၁၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent