အရေးကြီးလာသည့် COVID-19 ကာကွယ်ဆေး  

အရေးကြီးလာသည့် COVID-19 ကာကွယ်ဆေး  
Published 15 October 2020

ကုထုံးအချို့သည် COVID-19 ရောဂါ၏ ပြင်းထန်မှု သို့မဟုတ် ကြာရှည်မှုကို ကန့်သတ်ထားနိုင်ပုံရပြီး အလားအလာ အကောင်းဆုံး လေးငါးခုခန့်ကို ပို၍အဓိကထား လေ့လာမှုများ ပြုလုပ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေ ၁၂ ရက် ကတည်းက ပြောကြားခဲ့သည်။ ဂျီနီဗာမြို့အခြေစိုက် WHO သည် COVID-19 ရောဂါကို ကာကွယ်ရန်၊ စစ်ဆေးဖော်ထုတ်ရန်နှင့် ကုသရန်တို့အတွက် ဘေးကင်းလုံခြုံပြီး ထိရောက်သည့် ကုသဆေးများ၊ စမ်းသပ်စစ်ဆေးမှုများနှင့် ကာကွယ်ဆေးများ ဖွံ့ဖြိုးလာရန် ကမ္ဘာ့လှုပ်ရှားမှု တစ်ရပ်ကို ဦးဆောင်နေသည်။ ကိုရိုနာဗိုင်းရပ်စ် အသစ်ကြောင့် ဖြစ်ပွားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါသည် မြန်မာနိုင်ငံ၌ပင်လျှင် လူပေါင်း ၇၃၂ ဦးကို အသက်ဆုံးရှုံးစေခဲ့ပြီး ဖြစ်သည့်အပြင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ရပ်တန့်နိုင်ရန်အတွက် ကမ္ဘာတစ်ဝန်းလုံး၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာလည်း ကာကွယ်ဆေးသာ ဖြစ်လာနေသည်။

ချမ်းသာသောနိုင်ငံများက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဘီလျံနှင့်ချီ၍ ဝယ်ယူမှုများကြောင့် အနာဂတ်တွင် ထွက်ရှိလာမည့် ဗိုင်းရပ်စ်ကာကွယ်ဆေးကို ဖွံ့ဖြိုးဆဲနိုင်ငံများလည်း တန်းတူအသုံးပြုခွင့် ရရှိရမည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၁၄ ရက်တွင် သတိပေး ပြောကြားခဲ့သည်။ ချမ်းသာသော နိုင်ငံများနှင့် ဆင်းရဲသောနိုင်ငံများ အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် အရေးကြီးပြီး သို့မှသာ ဘေးကင်း၍ စျေးနှုန်းသက်သာသော ကာကွယ်ဆေးကို တန်းတူအသုံးပြုခွင့် အာမခံချက် ရရှိနိုင်မည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့သည်။ “ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကာကွယ်ဆေးအများစု ရောက်လာမယ်လို့ ထင်လား။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်လာမလဲ” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက မေးခွန်းထုတ်ခဲ့သည်။ ကမ္ဘာ့လူဦးရေ၏ ၁၃ ရာခိုင်နှုန်းရှိသည့် ချမ်းသာကြွယ်ဝသည့် နိုင်ငံများသည် ထွက်ရှိလာမည့် ဗိုင်းရပ်စ်ကာကွယ်ဆေး၏ ထက်ဝက်ကျော်ကို ဝယ်ယူခဲ့ပြီးဖြစ်ကြောင်း Oxfam အဖွဲ့၏ တွေ့ရှိချက်ကို ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့ပြီးနောက် ၎င်းက မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးသည် ကာကွယ်ဆေး သဘောတူညီချက်ကို ပိုမိုခိုင်မာလာစေရန် ဗြိတိန်အခြေစိုက် ဆေးကုမ္ပဏီဖြစ်သော Astra-Zeneca နှင့် အောက်တိုဘာ ၁၄ ရက်က တွေ့ဆုံခဲ့သည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးကလည်း ၎င်း၏ အစိုးရအဖွဲ့သည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ရယူပေးရန် ငွေကြေးရှိထားသော်လည်း သူ့အနေဖြင့် တစ်နိုင်ငံလုံးကို ကာကွယ်ဆေး ထိုးနှံပေးရန် လိုလားသောကြောင့် ငွေကြေးထပ်မံ လိုအပ်ဦးမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ ဒူတာတေး၏ ပြောကြားချက်အရ အစိုးရသည် ဖိလစ်ပိုင်နိုင်ငံသား အားလုံးကို ကာကွယ်ဆေး ထိုးပေးရန် ရည်ရွယ်ထားကြောင်း သိရပြီး ဖိလစ်ပိုင် လူဦးရေမှာ ၁၁၃ သန်းခန့်ရှိသည်။ သဘောထားတင်းမာသည့် ဖိလစ်ပိုင် ခေါင်းဆောင်က ၎င်းအနေဖြင့် ရုရှား သို့မဟုတ် တရုတ်တစ်နိုင်ငံငံမှ လာသည့် COVID-19 ကာကွယ်ဆေး ထောက်ပံ့မှုများအား ပို၍လိုလားကြောင်းလည်း ပြောကြားခဲ့သည်။ ယင်းနှစ်နိုင်ငံစလုံးက ဖိလစ်ပိုင်နိုင်ငံတွင် ၎င်းတို့၏ ကာကွယ်ဆေးများ  ထိုးနှံခြင်းအတွက် လက်တွေ့စမ်းသပ်ထိုးနှံမှုများ ဆောင်ရွက်ရန် ကမ်းလှမ်းထားကြသည်။ တရုတ်၏ ှSinovac Biotech နှင့် ရုရှား၏ Gamaleya Research Institute တို့မှ ကာကွယ်ဆေးများအပြင် ဖိလစ်ပိုင်သည် Johnson & Johnson’s Janssen က ၎င်းတို့၏ COVID-19 ကာကွယ်ဆေးနှင့် ပတ်သက်၍ အဆင့် ၃ စမ်းသပ်ထိုးနှံမှု ဆောင်ရွက်ရန် ကမ်းလှမ်းထားခြင်းကိုလည်း အကဲဖြတ်လျက်ရှိသည်။ ဖိလစ်ပိုင်သည် အမေရိကန် ဆေးကုမ္ပဏီများ ဖြစ်ကြသော Pfizer နှင့် Moderna တို့အပါအဝင် အခြားဖြစ်နိုင်ခြေရှိသော ကာကွယ်ဆေး ထုတ်လုပ်သူများနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

မည်သို့ပင် ဆိုစေကာမူ ကာကွယ်ဆေးသည်သာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့ မှုကို ရပ်တန့်နိုင်သည့် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လာနေခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း အများနှင့်တန်းတူ ကာကွယ်ဆေးများ ရရှိနိုင်ရေးအတွက် ခြေလှမ်းများ လှမ်းထားနိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၁၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent