လူအုပ်စုလိုက် ကိုယ်ခံအားနှင့် ကျင့်ဝတ်ပြဿနာ

လူအုပ်စုလိုက် ကိုယ်ခံအားနှင့် ကျင့်ဝတ်ပြဿနာ
Published 13 October 2020

လူဦးရေတစ်ရပ်၌ အများစုသည် ကူးစက်ရောဂါတစ်ခုကို “ကိုယ်ခံအားရရှိ/ ရောဂါ ပြီး” သွားသည့်အခါ ယင်းသည် ယင်းရောဂါနှင့်ပတ်သက်၍ ကိုယ်ခံအား မရရှိသေးသူများကို သွယ်ဝိုက်၍ ရောဂါမှ ကာကွယ်ပေးခြင်း သို့မဟုတ် လူအုပ်စုလိုက် ကိုယ်ခံအားရရှိခြင်း (Herd Immunity) ကို ဖြစ်စေသည်။ ဥပမာအားဖြင့် လူဦးရေတစ်ရပ်၏ ရာခိုင်နှုန်း ၈၀ သည် ဗိုင်းရပ်စ်တစ်မျိုးကို ကိုယ်ခံအားရရှိသွားပါက လူငါးဦးလျှင် လေးဦးနှုန်းသည် ရောဂါပိုးနှင့် ထိတွေ့သော်လည်း ရောဂါကူးစက်ခံရခြင်း မရှိသောကြောင့် ရောဂါကို ထပ်မံပျံ့နှံ့စေတော့မည် မဟုတ်ပေ။ ဤသို့နှင့် ရောဂါကူးစက်ပျံ့နှံ့မှုသည် ထိန်းချုပ်နိုင်မှုအောက်သို့ ရောက်ရှိသွားတော့သည်။ သဘောတရားအရ ရောဂါပိုး၏ ကူးစက်နိုင်စွမ်းပေါ် မူတည်လျက် Herd Immunity ဖြစ်ရန် လူဦးရေ၏ ရာခိုင်နှုန်း ၇၀ မှ ၉၀ အတွင်း ကိုယ်ခံအားရရှိရန် လိုအပ်သည်။

USA TODAY အယ်ဒီတာအဖွဲ့က ဟားဗက်တက္ကသိုလ် ကူးစက်ရောဂါဗေဒဌာန ပါမောက္ခ ဒေါက်တာမက်လစ်ဆစ်နှင့် ဧပြီလ ၈ ရက်က တွေ့ဆုံမေးမြန်းခဲ့ရာတွင်လည်း “ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ရာ အရေးပါတဲ့ အချက်တွေက ကိုယ်ခံအားရသွားတဲ့ လူအချိုးအစား ဒါမှမဟုတ် အနည်းဆုံးက တခြားလူတစ်ယောက်ဆီ ရောဂါထပ်မကူးစေတော့ခြင်းပါပဲ။  ကာကွယ်ဆေးထိုးတာက တစ်ဆင့်ဖြစ်ဖြစ် ရောဂါကူးစက်ခံရပြီးကနေတစ်ဆင့်ပဲဖြစ်ဖြစ် အဲဒီအရေအတွက်ကို ကျွန်တော်တို့ လုံလုံလောက်လောက် များအောင် ရဖို့လိုတယ်” ဟု ပြောကြားခဲ့သည်။ မက်လစ်ဆစ်က “ကျွန်တော်တို့ သိတာထက် Herd Immunity ပိုပြီး ရထားပြီးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒဏ္ဍာရီဆန်ဆန် သဲလွန်စတွေပဲ ရှိပါတယ်။ ခုထိ ခိုင်မာတဲ့ အချက်အလက်တွေ မရှိသေးပါဘူး။  ဒါရဲ့ တခြားတစ်ဘက်မှာတော့ အဲဒီရောဂါ ကူးစက်ခံရပြီးသူတွေရဲ့ အရေးပါတဲ့ အချိုးအစားထဲက တချို့ဟာ ကိုယ်ခံအား မရဘူးဆိုရင် ရောဂါပြီးနေတဲ့ လူဦးရေအချိုးအစားထဲကနေ ဖယ်ထုတ်ရပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ တကယ့်တကယ်မှာ (လူတွေ ရောဂါကူးစက်ခံရပြီး ပဋိပစ္စည်းတွေရှိသလား သိရအောင်) သွေးရည်ကြည်ဗေဒဆိုင်ရာ လေ့လာချက်တွေ လိုအပ်ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

သို့သော် လူအုပ်စုလိုက် ကိုယ်ခံအားရရှိခြင်း (Herd Immunity) သည် ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကို ရပ်တန့်စေနိုင်သော လက်တွေ့ကျသည့် နည်းဗျူဟာတစ်ရပ်ဖြစ်နိုင်သည်ဟူသော ထင်မြင်ယူဆချက်ကို ဖယ်ထုတ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် တက်ဒရိုအက်ဟာနွန်ဂေဘရီယေဆုက သတိပေးခဲ့ပြီး ယင်းကဲ့သို့ ထင်မြင်ယူဆမှုများသည် လူ့ကျင့်ဝတ်ကို သွေဖည်နေကြောင်း ပြောကြားခဲ့သည်။ ကာကွယ်ဆေး ထိုးခြင်းဖြင့် လူအုပ်စုလိုက် ကိုယ်ခံအား ရရှိလာနိုင်ရေးကို ကျန်းမာရေးတာဝန်ရှိသူများက ထုံးစံအတိုင်း မျှော်လင့်နေကြကြောင်း၊ ဝက်သက်ရောဂါကဲ့သို့ အလျင်အမြန်ကူးစက်ပြန့်ပွားလွယ်သည့် ရောဂါမျိုးကို လူအုပ်စုလိုက် ကိုယ်ခံအားရရှိစေရန်အတွက် ကမ္ဘာ့လူဦးရေ ၉၅ ရာခိုင်နှုန်းခန့်ကို ကာကွယ်ဆေးထိုးနှံပေးရမည်ဖြစ်ကြောင်း တက်ဒရိုက ဆိုသည်။

 “လူအုပ်စုလိုက် ခုခံအားရရှိခြင်းဆိုတာက ပြည်သူလူထုကို ဗိုင်းရပ်စ်အန္တရာယ်ကနေ ကာကွယ်ပေးလို့ ရရှိတာပါ။ လူထုကို ဗိုင်းရပ်စ်ကူးစက်ခံရအောင် လုပ်ပြီး ကိုယ်ခံအား ရရှိတာမဟုတ်ပါဘူး။ ကပ်ရောဂါကူးစက် ဖြစ်ပွားမှုကို တုံ့ပြန်ဖို့အတွက် လူအုပ်စုလိုက် ခုခံအား ရရှိခြင်းနည်းကို နည်းဗျူဟာတစ်ရပ်အဖြစ် အသုံးပြုခဲ့တယ်ဆိုတာမျိုး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုသမိုင်းမှာ တစ်ခါမှမရှိခဲ့ဖူးပါဘူး” ဟု တက်ဒရိုက ပြောကြားခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ရောဂါဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီးနောက် ပြန်လည်ကျန်းမာလာသူများ နောက်တစ်ကြိမ် ဗိုင်းရပ်စ်ကူးစက်ခံရသည့် ဖြစ်စဉ်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မှတ်တမ်းတင်ထားကြောင်း၊ လူအများစုမှာ ကိုယ်ခံအား၏တုံ့ပြန်မှုအချို့ကို ရရှိခဲ့ဖွယ်ရှိသော်လည်း ထိုကိုယ်ခံအားသည် မည်မျှကာလအထိ ကြာရှည်မည်နှင့်  ရောဂါကို မည်သို့ခုခံတွန်းလှန်ပေးမည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း တက်ဒရိုက ထပ်မံပြောကြားခဲ့သည်။

ကူးစက်မြန်ရောဂါတစ်ခုအား ကုလည်းမကုနိုင်၊ ကာလည်း မကာကွယ်နိုင်သည့်အခါ လူဦးရေတစ်ရပ်ထဲမှ အချိုးအစားအများစု သူ့ဘာသာ “ကိုယ်ခံအားရရှိသွား” (ရောဂါပြီးသွား) သည့် အနေအထားရောက်ရှိအောင် မျှော်လင့်ရုံသာရှိသည်။ သို့သော် အရာရာ ချင့်ချိန်ရသည်သာ။ တစ်ချိန်တည်း တစ်ပြိုင်တည်း ရောဂါပြင်းထန်သူအရေအတွက်က ကျန်းမာရေးစနစ်က ကိုင်တွယ်နိုင်သည်ထက် ပို၍များသွားလျှင် ကျန်းမာရေးစနစ် ပြိုလဲသွားကာ လူအသေအပျောက် အလွန်များနိုင်သည်။ တစ်ချိန်တည်း တစ်ပြိုင်တည်း  ရောဂါပြင်းထန်သူအရေအတွက် မများစေရန် Lockdown ချရသည်။ Lockdown ဟု ဆိုရာတွင်လည်း လူအများ ငတ်ပြတ်ပြီး တရားဥပဒေစိုးမိုးရေး လုံးဝနီးပါး ပျက်ပြားသွားသည့် အနေအထား၊ စီးပွားရေး လုံးဝနီးပါး ပြိုလဲသွားသည့်အနေအထားသို့ မရောက်အောင် သတိပြုရသည်။ တစ်ဖက်ကလည်း လူအများကြီး တစ်ပြိုင်နက်တည်း ရောဂါကူးစက်ခံရသည့် အနေအထား မရောက်အောင် ချိန်ရသည်။

မည်သို့ပင်ဆိုစေ အစိုးရတစ်ရပ်အနေဖြင့် ပညာရှင်များ စုပေါင်းထားသည့် အကြံပေးအဖွဲ့မှနေ၍ အကြံဉာဏ်များ ရယူခြင်းနှင့် သုတေသနများမှနေ၍ အချက်အလက်များ ရယူခြင်းတို့ ပြုလုပ်ကာ ခိုင်မာသည့် အချက်အလက်များအပေါ် အခြေခံသည့် Evidence Based ဖြစ်သော မူဝါဒများ ချမှတ်အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ အောက်တိုဘာ ၁၄ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent