လာမည့်အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းမှ စစ်ဘေးရှောင်များ ဆန္ဒမဲပေးပိုင်ခွင့် ရရှိရန်အတွက် လုံခြုံမှုရှိသည့် စစ်ဘေးရှောင်စခန်းများတွင် မဲရုံပြောင်းရွှေ့ ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ လက်ရှိတွင် မဲရုံများဖွင့်လှစ်နိုင်ရေးအတွက် ကျေးရွာအလိုက် လူဦးရေစာရင်းများကို ပြုစုဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (ခွဲ) မှ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က “တချို့စစ်ဘေးရှောင်တွေက မြို့နယ်အတွင်းမှာ ရှိတယ်ဆိုရင်တော့ စာရင်းတွေရနိုင်တယ်။ ဒါပေမဲ့ တခြားမြို့နယ်ကို ရောက်သွားရင်တော့ ကျွန်တော်တို့က လုပ်ရတာခက်တယ်။ ဒါကြောင့် ပုံစံ ၁၅ နဲ့ လျှောက်ထားနိုင်အောင်လုပ်ထားတယ်။ အခုထိတော့ လျှောက်ထားသူတွေမရှိသေးဘူး။ မဲရုံကရွာမှာလုပ်ဖို့လျာထားပြီး အခုရွာမှာလူလည်းမရှိတော့ဘူး၊ အုပ်ချုပ်ရေးအဖွဲ့လည်း မရှိဘူး၊ ကော်မရှင်လည်း မရှိတော့ဘူးဆိုတော့ ရှိတဲ့နေရာကို ပြောင်းရွှေ့ဖို့ ကော်မရှင်ကို တင်ပြဖို့အတွက်လျာထားတယ်။ ဒါလည်း စာရင်းဇယားတွေ ဘာတွေလုပ်ခိုင်းထားပါတယ်” ဟု ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူဦးရေ ၁၆၄၀၀၀၀ ကျော်ရှိသော်လည်း ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်အရေအတွက်မှာ ၂၂ ၆၀၀၀ ကျော်အထိရှိနေကြောင်း REC ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် စစ်ဘေးရှောင်စခန်းများတွင် မဲစာရင်းကပ်ထားခြင်းမရှိသည့်အတွက် မဲပေးခွင့်ရှိမရှိကို မသိရသကဲ့သို့ တချို့သော စစ်ဘေးရှောင်များမှာလည်း မဲပေးနိုင်ခွင့်မပေးနိုင်ခွင့်ထက် လက်ရှိရင်ဆိုင်နေရသော အခက်အခဲပြဿနာများသည် သူတို့အတွက် အရေးကြီးကြောင်း ပြောဆိုကြသည်။
“ကျွန်တော်တို့မဲပေးခွင့်မပေးခွင့်ထက် လက်ရှိဖြစ်နေတဲ့အခက်အခဲကို ကျွန်တော်တို့ဖြေရှင်းဖို့ စိတ်ဝင်စားတယ်။ နောက်ပြီး မဲစာရင်းကပ်တာလည်း မတွေ့မိဘူး။ ဘယ်နေရာမှာ သွားပေးရမယ်ဆိုတာကိုလည်း စိတ်မဝင်စားတော့ဘူး။ အများစုက အဲလိုဖြစ်နေတယ်။ တိုက်ပွဲရှောင်တွေရဲ့ဘဝက ခါးသီးတယ်။ အခက်အခဲအများကြီးရှိတယ်” ဟုလည်း ကျောက်တော်စစ်ဘေးရှောင်စခန်းတွင် ရောက်ရှိနေသူ ဦးသိန်းစိုးက ပြောကြားသည်။















