နှင်းဆီပါတီ (UDP) ဥက္ကဋ္ဌ၏ ပိုင်ဆိုင်မှုများအား စိစစ်ရာတွင် ကျပ် ၂၃ ဘီလျံကျော်ရှိသည်ကို တွေ့ရပြီး ၎င်းပိုင်ဆိုင်သည့်လုပ်ငန်းများနှင့် ငွေကြေးစီးဆင်းမှုများကို စိစစ်ဖော်ထုတ်နေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား

နှင်းဆီပါတီ (UDP) ဥက္ကဋ္ဌ၏ ပိုင်ဆိုင်မှုများအား စိစစ်ရာတွင် ကျပ် ၂၃ ဘီလျံကျော်ရှိသည်ကို တွေ့ရပြီး ၎င်းပိုင်ဆိုင်သည့်လုပ်ငန်းများနှင့် ငွေကြေးစီးဆင်းမှုများကို စိစစ်ဖော်ထုတ်နေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 10 October 2020
အောင်မင်းသိန်း

နှင်းဆီပါတီ (UDP) ဥက္ကဋ္ဌဖြစ်သူ ပိုင်ဆိုင်မှုများအား စိစစ်ရာတွင် ကျပ် ၂၃ ဘီလျံကျော်ရှိသည်ကို တွေ့ရှိရပြီး ၎င်းပိုင်ဆိုင်သည့် လုပ်ငန်းများနှင့် ငွေကြေးစီးဆင်းမှုများကို စိစစ်ဖော်ထုတ်နေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

အောက်တိုဘာ ၁၀ ရက်က Zoom (UDP) Application ဖြင့် ပြုလုပ်သော နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းပွဲတွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ထောင်ပြေးမှုဖြင့် ဖမ်းဆီးထားသော နှင်းဆီးပါတီဥက္ကဋ္ဌ ဦးကျော်မြင့်အား စုံစမ်းစစ်ဆေးနေသည့်ကိစ္စနှင့်ပတ်သက်၍ အိမ်တော်သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဦးဇော်ဌေးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ ပြည်တွင်း ဝင်လာပြီးတော့ အခုလက်ရှိ ကျွန်တော်တို့ ပိုင်ဆိုင်မှုပေါ့။ သူ့ရဲ့ ပိုင်ဆိုင်မှုကို စိစစ်လိုက်တဲ့အခါမှာ ကျပ်သန်းပေါင်း ၂၃ ဒသမ ၀၅ ဘီလျံ တွေ့ရတယ်။ အဲဒီမှာလည်း အမေရိကန်ဒေါ်လာ တော်တော်များများ၊ ကျွန်တော်တို့ အချို့ပေါ့။ တွေ့တယ်။ အဲဒီတော့ ဘဏ်တွေမှာရှိနေတဲ့ သူ့ရဲ့ဘဏ်၊ သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေက ဘာတွေလဲလို စိစစ်လိုက်တော့ မြန်မာကျော် ငွေရေးကြေးရေး ကုမ္ပဏီလိမိတက်ဆိုတာ ရှိတယ်။

နောက် မြန်မာကျော်ရင်းနှီးမြှုပ်နှံမှုအဖွဲ့ ကုမ္ပဏီလိမိတက်ဆိုတာရှိတယ်။ နောက် မြန်မာကျော် အဆင့်မြင်နည်းပညာကုမ္ပဏီလီမိတက်ဆိုတာရတယ်။ နောက် မြန်မာကျော် ထရိတ်ဒင်း ကုမ္ပဏီလိမိတက်ဆိုတာရတယ်။ အဲ့ဒီဟာတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဦးကျော်မြင့်ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းလိုက်ပြီးတော့ အဲ့ဒီသောကြာနေ့မှာပဲ သိန်းတစ်သောင်းကျော် ထုတ်တဲ့ချက်ပေါ့။ ချက်နဲ့ ထုတ်တဲ့ဟာလေး ရဲတပ်ဖွဲ့က အချိန်မီ တားဆီးလိုက်နိုင်တယ်။ ဒီငွေကြေးတွေက ဘယ်လိုစီးဆင်းလဲဆိုတာကျတော့ Bank Transaction တွေနဲ့ ပြန်လိုက်ရတယ်။ အခုလောလောဆယ်မှာတော့ အဲဒါတွေ စိစစ်ဖော်ထုတ်နေတယ်ဆိုတာ ကျွန်တော်တို့ပြောလိုပါတယ်” ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

နှင်းဆီပါတီဥက္ကဋ္ဌဖြစ်သူ ဦးကျော်မြင့်သည် ကနေဒါနိုင်ငံမှ တရုတ်နိုင်ငံသို့ ရောက်ရှိလာပြီးနောက်တွင် မြန်မာနိုင်ငံအတွင်းသို့ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို တင်သွင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“ နောက်တစ်ချက်ကတော့ စီးပွားရေးနဲ့ပတ်သက်လို့ ဒီလိုမျိုး ငွေကြေးတွေပေါ့၊ ဘီလျံနဲ့ချီပြီးတော့ တွေ့ပါတယ်။ ဘီလျံနဲ့ချီပြီး တွေ့တဲ့အပေါ်မှာ ဒီငွေကြေးတွေက သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေက ဘာတွေရှိလဲ။ ကျွန်တော်တို့ စိစစ်တယ်။ ဒီစီးပွားရေးလုပ်ငန်းတွေကို စီးဝင်လာတဲ့ ငွေကြေးပေါ့။ လည်ပတ်မှု၊ ငွေလွှဲပြောင်းမှု၊ ဒါတွေကိုလည်း ဗဟိုဘဏ်ကနေပြီးတော့ စိစစ်မှုတွေ လုပ်ပါတယ်။ ပြောရရင်တော့ ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ သီးသန့်အဖွဲ့ ဖွဲ့ထားပါတယ်။ သီးသန့်အဖွဲ့မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပါသလို စသုံးလုံးပါတယ်။ Money Laundry ပေါ့။ သတင်းတပ်ဖွဲ့ပါတယ်။ စသည့်ဖြင့် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဆိုင်ရာဆိုင်ရာ ကဏ္ဍစုံကနေပြီးတော့ စိစစ်ဖော်ထုတ်နိုင်ဖို့ ကျွန်တော်တို့အဖွဲ့ ဖွဲ့ပြီးတော့ ဆောင်ရွက်နေတာဖြစ်တယ်လို့ ပြောကြားလိုပါတယ်။ လောလောဆယ် စိစစ်ဆဲဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ- UDP (နှင်းဆီပါတီ) ဥက္ကဋ္ဌဖြစ်သူ ဦးကျော်မြင့်ကိစ္စသည် သတင်းမီဒီယာများနှင့် Social Media များတွင် ပျံ့နှံခဲ့ပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယင်းကိစ္စကို စိစစ်စုံစမ်းဖော်ထုတ်ပေးရန် နိုင်ငံတော်အစိုးရကို တောင်းဆိုလာသည့်ကိစ္စဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

ဦးဇော်ဌေးက “ကော်မရှင်ရဲ့ စပြီးတော့ ဒီလိုမျိုးတောင်းဆိုချက်အရ ကျွန်တော်တို့ ပြည်ထဲရေးဝန်ကြီးဌာနကနေပြီးတော့ ပြန်ပြီးတော့ စိစစ်တာဖြစ်ပါတယ်။ အဲဒီတော့ ဘာကြောင့်အရေးယူလဲဆိုတော့ ရွေးကောက်ပွဲကော်မရှင်မှာလည်း တိုင်ကြားချက်တွေ ရှိပါတယ်။ အဲဒီတိုင်ကြားချက်တွေအရ သူကနေပြီးတော့ အစိုးရဘက်ကို တောင်းဆိုတာဖြစ်ပါတယ်။ ဒါကို ပြန်လည်စိစစ်ပေးဖို့ တောင်းဆိုတဲ့အတွက် ရွေးကောက်ပွဲနီးမှ အစိုးရက လုပ်တာမဟုတ်ပါဘူး။ ရွေးကောက်ပွဲကော်မရှင်၊ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေပေါ့။ ဒါတွေနဲ့ဆက်စပ်တယ်လို့ ပြောချင်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် Black List ဖြုတ်ပေးခြင်းနှင့် ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ပေးခဲ့သော ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးသည့် စာရင်းနှင့် Black List ပယ်ဖျက်သည့် စာရင်းများကို စိစစ်ရာတွင်လည်း ဦးကျော်မြင့် မပါဝင်ခဲ့ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“ ပုဒ်မ ၂၂၄ နဲ့ တရားစွဲထားတယ်ပေါ့။ အဲတာကတော့ ယခင်ပြေးသွားတဲ့ကိစ္စနဲ့ ပတ်သက်လို့ အဲတာနဲ့ ကျွန်တော်တို့ စွဲပါတယ်။ စွဲပြီးတော့ ကျွန်တော်တို့ အခုစိစစ်နေတဲ့အချိန်မှာ ဘယ်ဥပဒေတွေ၊ ဘယ်ပုဒ်မတွေနဲ့ ငြိစွန်းလဲဆိုတာ ဖော်ထုတ်ဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ရှိပေါ့။ လတ်တလော ငွေရေးကြေးရေး ပိုင်ဆိုင်ရာတွေ စိစစ်တယ်။ နောက်ထွက်တာကတော့ ခိုးပြီးထွက်သွားတာ ထင်ရှားတယ်။ ပြန်ဝင်လာတဲ့အချိန် ဘယ်လိုဝင်လာလဲပေါ့။ ဒါတွေလည်း ကျွန်တော်တို့ စိစစ်ပါတယ်။ ဘယ်တုန်းကစ ဒီထဲကို ဝင်လာလဲဆိုရင် ၂၀၁၄ မှာ ဝင်ပါတယ်။ ၂၀၁၄ က ပြန်ဝင်လာတဲ့ကိစ္စ၊ အဲ့တာက မူဆယ် ဝင်ပေါက်ကနေ ဝင်လာတယ်ဆိုတာ ဖော်ထုတ်ရရှိတယ်။ နောက်တစ်ချက်ကလည်း ဦးကျော်မြင့်နဲ့ပတ်သက်ပြီးတော့ ကာယကံရှင်ကိုလည်း စိစစ်မေးမြန်းမှုတွေ လုပ်နေတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

စုံစမ်းစစ်ဆေးဖော်ထုတ်မှုများ ပြုလုပ်ရာတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နှင်းဆီပါတီ ဥက္ကဋ္ဌဖြစ်သူ၏ ဖော်ပြထားချက်များ ရှိသည့်အတွက် တပ်မတော် အစိုးရလက်ထက်က ငြိမ်းချမ်းရေးကို တာဝန်ယူဆောင်ရွက်ခဲ့သည့် ထောက်လှမ်းရေးတပ်ဖွဲ့မှ အရာရှိကြီးများကိုလည်း ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့်ကိစ္စများအား စုံစမ်းစစ်ဆေးဖော်ထုတ်ရာတွင် စိစစ်မေးမြန်းမှုများ လုပ်ဆောင်နေကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

Most Read

Most Recent