ရခိုင်ပြည်နယ်တွင် နယ်ခြားစောင့်ရဲတပ်ရင်းနှစ်ရင်း အသစ်ဖွဲ့စည်းမည်ဖြစ်ပြီး နယ်ခြားစောင့်ရဲများသည် တိုက်ခိုက်ရေး ဦးစားပေး ဖြစ်သဖြင့် လိုအပ်ချက်အရ တပ်မတော်မှအရာရှိ ၅၁ ဦးအား ရွှေ့ပြောင်းခြင်းဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား

ရခိုင်ပြည်နယ်တွင် နယ်ခြားစောင့်ရဲတပ်ရင်းနှစ်ရင်း အသစ်ဖွဲ့စည်းမည်ဖြစ်ပြီး နယ်ခြားစောင့်ရဲများသည် တိုက်ခိုက်ရေး ဦးစားပေး ဖြစ်သဖြင့် လိုအပ်ချက်အရ တပ်မတော်မှအရာရှိ ၅၁ ဦးအား ရွှေ့ပြောင်းခြင်းဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား
ရခိုင်ပြည်နယ်အတွင်းရှိ နယ်ကြားစောင့် ရဲကင်းစခန်းတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
ရခိုင်ပြည်နယ်အတွင်းရှိ နယ်ကြားစောင့် ရဲကင်းစခန်းတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)
Published 10 October 2020
အောင်မင်းသိန်း

ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသည့် နယ်ခြားစောင့်ရဲများသည် ARSA၊ AA စသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ရင်ဆိုင်နေရသည့်အတွက် နယ်ခြားစောင့်ရဲတပ်ရင်းနှစ်ရင်း အသစ်ဖွဲ့စည်းရန် တပ်မတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာရှိ ၅၁ ဦးအား လိုအပ်ချက်အရ ရွှေ့ပြောင်းခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

အောက်တိုဘာ ၁၀ ရက်က Zoom Application ဖြင့် ပြုလုပ်သော နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနသို့ ရခိုင်ပြည်နယ်အရေးအတွက် တပ်မတော်အရာရှိများကို စေလွှတ်၍ အသွင်းပြောင်းတာဝန် ထမ်းဆောင်ခိုင်းခြင်းသည် မည်သည့်ရည်ရွယ်ချက်ဖြင့် လက်ခံဆောင်ရွက်မည်နည်းဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဦးဇော်ဌေးက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“ အဲတာဖြေရမယ်ဆိုရင်တော့ ကျွန်တော်တို့ အဓိကကလိုအပ်ချက်ပေါ့။ အခုမြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ နယ်ခြားစောင့် ရဲတပ်ရင်းနှစ်ရင်း အသစ်ဖွဲ့မှာပါ။ အဲတာက နယ်ခြားစောင့်ရဲ ရဲ့ သဘောသဘာဝနဲ့ နယ်မြေရဲ ရဲ့ သဘောသဘာဝမတူဘူး။ အခုရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ နယ်ခြားစောင့်ရဲတွေက ARSA၊ AA ဒီလိုအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ရင်ဆိုင်နေရတယ်။ ပြောရရင်တော့ တိုက်ခိုက်ရေးကို ဦးစားပေးတဲ့ အဖွဲ့တွေဖြစ်တယ်။ ဖြစ်တော့ ဒီမှာလိုအပ်ချက်အရ ခုနကပြောတဲ့ ၅၁ ယောက်ပေါ့၊ ဒုတိယဗိုလ်မှူးကြီးက နေပြီးတော့ ဗိုလ်ကြီးအဆင့်အထိ ၅၁ ယောက် ရှိပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

တပ်မတော်မှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် ဒုတိယဗိုလ်မှူးကြီးမှ ဗိုလ်ကြီးအဆင့်အထိ ၅၁ ဦးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ ရဲများနှင့်စုဖွဲ့၍ နယ်ခြားစောင့်ရဲတပ်ရင်း နှစ်ရင်းကို ဖွဲ့စည်းမည်ဖြစ်ပြီး နယ်ခြားစောင့်တပ်ဖွဲ့တွင် လိုအပ်ချက်အရ ရွှေ့ပြောင်းခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“ အဓိက,က နယ်ခြားမှာ နယ်ခြားစောင့်တပ်ဖွဲ့မှာ လိုအပ်ချက်အရ ဒါကို ရွှေ့ပြောင်းတာ ဖြစ်ပါတယ်။ ဒါတွေက ကက်ဘိနက်လည်း ခွင့်ပြုချက်ပြီးသွားပါပြီ။ ပြီးသွားတော့ အခု တပ်ဖက်ကနေပြီးတော့ ရဲဖက်ကိုတော့ သတင်းပို့နိုင်ခြင်း မရှိသေးဘူးပေါ့။ သူတို့ လွှတ်လိုက်ပြီ။ ကက (ထူး) အမိန့်ပေါ့၊ စစ်ရာထူးခန့်ချုပ်ရုံးရဲ့အမိန့်၊ ပြောင်းရွှေ့မိန့်တွေ ထွက်သွားပြီလို့ သိရတယ်။ ဒါက လိုအပ်ချက်အရ ဖြစ်ပါတယ်။ နောက်တစ်ခါ ပြောင်းတဲ့အခါမှာလည်း ဥပမာ ဒုတိယဗိုလ်မှူးကြီးဆိုရင်ဒီဘက်မှာ ဒုတိယရဲမှူးကြီး ရပါမယ်။ အဲ့တော့ ပြောရရင် အဆင့်တူနဲ့ ပြောင်းရွှေ့တာဖြစ်ပါတယ်။ ဒါတွေက လိုအပ်ချက်အရ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခြင်းဖြစ်တယ်လို့ ဖြေကြားလိုပါတယ်” ဟု ပြောကြားသည်။

လုံခြုံရေးတာဝန်ကို အဓိကထမ်းဆောင်ရသည့် လုံခြုံရေးရဲတပ်ဖွဲ့ (ရဲတပ်ရင်း) များနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ရှိ တပ်ရင်းမှူးတာဝန်ကို လက်ရှိတွင်လည်း တပ်မတော်မှပြောင်းရွှေ့လာသည့် အရာရှိများက ထမ်းဆောင်လျက်ရှိပြီး ရဲတပ်ရင်း၏ သဘောသဘာဝသည် နယ်မြေရဲတပ်ဖွဲ့နှင့် မတူညီဘဲ လုပ်ငန်းတာဝန် နေထိုင်ဝတ်စားဆင်ယင်မှုမှအစ ကွာခြားမှုများ ရှိသည်။

ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကျီးကန်းပြင်ဌာနချုပ်နှင့် ရဲကင်းစခန်းများကို ARSA၊ AA  အကြမ်းဖက်အဖွဲ့အစည်းများက တိုက်ခိုက်မှုများရှိခဲ့ပြီး တပ်ဖွဲ့ဝင်များ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။

Most Read

Most Recent