မြောက်ကိုရီးယားတွင် COVID-19 ကြောင့် နိုင်ငံကို ပိတ်ထားသော်လည်း ကြီးမားသည့် စစ်ရေးပြ အခမ်းအနား ပြုလုပ်ဖွယ်ရှိနေ

မြောက်ကိုရီးယားတွင် COVID-19 ကြောင့် နိုင်ငံကို ပိတ်ထားသော်လည်း ကြီးမားသည့် စစ်ရေးပြ အခမ်းအနား ပြုလုပ်ဖွယ်ရှိနေ
၂၀၁၈ ခုနှစ် စက်တင်ဘာ ၉ ရက်က ပြုံယမ်းမြို့ ကင်အီဆွန်းရင်ပြင်တွင် ကိုရီးယားပြည်သူ့ တပ်မတော် စစ်သားများ စစ်ရေးပြ ချီတက်နေစဉ် (Photo : AFP)
၂၀၁၈ ခုနှစ် စက်တင်ဘာ ၉ ရက်က ပြုံယမ်းမြို့ ကင်အီဆွန်းရင်ပြင်တွင် ကိုရီးယားပြည်သူ့ တပ်မတော် စစ်သားများ စစ်ရေးပြ ချီတက်နေစဉ် (Photo : AFP)
Published 8 October 2020
Ref : AFP

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် နယ်စပ်များကို ပိတ်ထားခဲ့သည်မှာ ရှစ်လကြာမြင့်ပြီဖြစ်သည့် နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် မြောက်ကိုရီးယားနိုင်ငံသည် အောက်တိုဘာလ ၁၀ ရက်တွင် ပြုံယမ်းမြို့တော်၌ နိုင်ငံတကာ၏ အာရုံကို ဆွဲဆောင်နိုင်မည့် အကြီးစား စစ်ရေးပြ အခမ်းအနားကို ပြုလုပ်ဖွယ်ရှိနေကြောင်း အကြီးအကျယ် မျှော်လင့်ထားကြသည်။

ယင်းစစ်ရေးပြ အခမ်းအနားကို အာဏာရ အလုပ်သမားပါတီ၏ ၇၅ နှစ်ပြည့် နှစ်ပတ်လည်အဖြစ် ပြုလုပ်မည်ဖြစ်ပြီး အခမ်းအနားသည် ကြီးမားဖွယ်ရှိနေသည်ဟု မြောက်ကိုရီးယားအရေးကို စောင့်ကြည့်နေသည့် 38 North ဝက်ဘ်ဆိုက်၌ တင်ထားသည့် ဂြိုဟ်တုဓာတ်ပုံများက ဖော်ပြနေသည်။

“မြောက်ကိုရီးယားဟာ ကြီးမားတဲ့ အခမ်းအနား တစ်ခုအတွက် ပြင်ဆင်နေတာ အရမ်းကို သိသာထင်ရှား နေပါတယ်” ဟု ကိုရီးယားအခြေစိုက် အမေရိကန်တပ်ဖွဲ့ (USFK) ၏ တပ်မှူးဟောင်းဖြစ်သူ ဗင်းဆင့်ဘရွတ်က အတ္တလန္တစ်ကောင်စီ ညီလာခံတွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံကို ထူထောင်ခဲ့သည့် ကင်အီဆွန်း၏ အမည်ကို အစွဲပြုခေါ်ဆိုခဲ့သည့် ပြုံယမ်းမြို့တော်ရှိ ကင်အီဆွန်းရင်ပြင်တွင် ထောင်နှင့်ချီသည့် စစ်သားများသည် ကင်အီဆွန်း၏ မြေးဖြစ်သည့် လက်ရှိ မြောက်ကိုရီးယားကို အုပ်ချုပ်သည့် တတိယမြောက် ကင်မိသားစုဝင် ကင်ဂျုံအွန်၏ တက်ရောက်ကြည့်ရှုမှု အောက်တွင် ညီညာစွာ လမ်းလျှောက် ချီတက်သွားကြမည်ဖြစ်သည်။

ထိုစစ်သားများ ချီတက်လမ်းလျှောက်မှုနောက်တွင် ကြီးမားသည့် သံချပ်ကာယာဉ်များနှင့် တင့်ကား အများအပြားက စီတန်းလိုက်ပါမည်ဖြစ်ပြီး နောက်ဆုံးတွင် ပြုံယမ်းက ထုတ်ပြရန် ဆန္ဒရှိသည့် ဒုံးကျည်များကို စီတန်းလှည့်လည်ပြသကာ အခမ်းအနားကို အဆုံးသတ်မည်ဖြစ်သည်။

သို့သော်လည်း ယင်းအခမ်းအနားများသည် မြောက်ကိုရီးယားအစိုးရ၏ သဘောထားအပေါ်မူတည်ပြီး အပြောင်းအလဲ အနည်းငယ် ရှိနိုင်သည်။

၂၀၁၇ ခုနှစ် ဧပြီလအတွင်းက ကင်အီဆွန်းရင်ပြင်၌ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များတွင် တပ်ဆင်အသုံးပြုနိုင်သည့် အကြီးစား ဒုံးကျည်ထိပ်ဖူးများကို ပြသခဲ့သဖြင့် နိုင်ငံတကာနှင့် တင်းမာမှု မြင့်တက်ခဲ့ကာ လေ့လာသုံးသပ်သူ အသိုင်းအဝိုင်းအတွင်း ဂယက်ထစေခဲ့သည်။

သို့သော်လည်း ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် အမေရိကန်၊ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားကြား သံခင်းတမန်ခင်း လုပ်ငန်းစဉ်များ တိုးတက်လာခြင်းနှင့်အတူ မြောက်ကိုရီးယားက အဆိုပါ တိုက်ချင်းပစ် ဒုံးကျည်များကို ပြသခြင်း မပြုတော့သဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယင်းလုပ်ရပ်ကို ကြိုဆိုခဲ့သည်။

သို့သော်လည်း ယခုအခါတွင် ဆက်ဆံရေးများမှာ ပိုမိုရှုပ်ထွေးလာခဲ့သည်။ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်တွင် ပြုလုပ်ခဲ့သည့် အမေရိကန်နှင့် မြောက်ကိုရီးယားအကြား နျူကလီးယား ဆွေးနွေးညှိနှိုင်းမှုများမှာ မတိုးသာ မဆုတ်သာ အခြေအနေတွင် ရှိနေခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏လက်နက်အင်အားကို ဆက်လက်တိုးမြှင့်လျက်ရှိပြီး ယင်းကဲ့သို့ လက်နက်အင်အား တိုးမြှင့်မှုသည် ကျူးကျော်မှုများကို ကာကွယ်ရန်ဟု မြောက်ကိုရီးယားက ပြောကြားခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းကလည်း ကင်ဂျုံအွန်က မဟာဗျူဟာမြောက် လက်နက်အသစ်တစ်မျိုး စမ်းသပ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။

 

Most Read

Most Recent