ကော့မှူးမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆွယ်ဆိုင်းဘုတ်များကို မြို့နယ်စည်ပင်က COVID-19 အကြောင်းပြချက်ဖြင့် စိုက်ထူခွင့် မပေးသေးဟု UNDP ပါတီ ကိုယ်စားလှယ်လောင်းများ ပြောကြား

ကော့မှူးမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆွယ်ဆိုင်းဘုတ်များကို မြို့နယ်စည်ပင်က COVID-19 အကြောင်းပြချက်ဖြင့် စိုက်ထူခွင့် မပေးသေးဟု UNDP ပါတီ ကိုယ်စားလှယ်လောင်းများ ပြောကြား
Photo : UNDP
Photo : UNDP
Published 7 October 2020
ဉာဏ်လင်းထွန်း

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ကိုယ်စားပြု ကော့မှူးမြို့နယ်တွင် ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ဆိုင်းဘုတ်ကို COVID-19 အကြောင်း ပြချက်ဖြင့် စိုက်ထူခွင့် မပေးသေးကြောင်း ယင်းပါတီ ကိုယ်စားလှယ်​လောင်းများက ပြောကြားသည်။

ကိုယ်စားလှယ်လောင်းများ ဆိုင်းဘုတ် စိုက်ထူခွင့်ရရေး အောက်တိုဘာ ၅ ရက်နှင့် စက်တင်ဘာလ ကုန်ပိုင်းက လေးကြိမ် စုစုပေါင်း ငါးကြိမ်တင်ပြရာ COVID-19 ပြီးမှ စိုက်ထူခွင့်ပေးမည်ဟု မြို့နယ်စည်ပင် အမှုဆောင် အရာရှိက ပြောကြားကြောင်း UNDP ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်က The Daily Eleven သတင်းစာကို ပြောကြားသည်။

“ကျွန်တော်က ပြောတာပေ့ါ။ ဒီ COVID ကာလဆိုတာ ထပ်တိုးရင်လည်း တိုးလိမ့်မယ်။ ကျွန်တော်တို့က မြင်နိုင်တဲ့ အရာမှ မဟုတ်တာ။ မှန်းလို့ရတဲ့ အရာမှ မဟုတ်တာ၊ ထပ်တိုးလာခဲ့ရင် ကျွန်တော်တို့က ဒီရွေးကောက်ပွဲကိုဝင်ဖို့ အောင်နိုင်ရေး ဆိုင်းဘုတ်တွေ ထောင်တဲ့အခါမှာ ဘယ်လိုလုပ်ရမှာလဲဆိုတော့၊ အဲဒါ ကျွန်တော်နဲ့ မဆိုင်ဘူးတဲ့။ COVID ကော်မတီကနေ ထုတ်ပြန်ထားတဲ့အတိုင်းပဲ ကျွန်တော်တို့ သွားတာတဲ့” ဟု ကော့မှူးမြို့နယ် အမှတ် (၂) မဲဆန္ဒနယ် တိိုင်းဒေသကြီးလွှတ်တော်တွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်က ပြောကြားသည်။

UNDP ပါတီ ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်များကို ကော့မှူးမြို့နယ် ဈေးအနီးနှင့် မြို့သစ်ထိပ်နီးတွင် နှစ်ခု စိုက်ထူရန် ရည်မှန်းထားသော်လည်း စည်ပင်ခွင့်ပြုချက် မရရှိသေး၍ ကိုယ်စားလှယ်လာင်း ဆိုင်းဘုတ် တစ်ခုမှ စိုက်ထူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ပါတီ ဆိုင်းဘုတ်တင်ခွင့်ရရေးအတွက် စက်တင်ဘာ ၂၃ ရက်က မြို့နယ်စည်ပင်သာယာရေး ကော်မတီထံ ပထမအကြိမ် တင်ပြရာ စည်ပင်တာဝန်ရှိသူများက စက်တင်ဘာ ၂၄ ရက်တွင် ဆိုင်းဘုတ် စိုက်ထူမည့်နေရာကို လိုက်လံကြည့်ရှုပေးမည်ဟု ပြောကြားပြီးမှ COVID ကြောင့် ဆိုင်းဘုတ် စိုက်ထူခွင့် မပြုကြောင်း ပြန်လည် ပြောကြားလာခြင်း ဖြစ်သည်ဟု ကော့မှုးမြို့နယ် UNDP ပါတီဝင် ဦးသောင်းဌေးက ပြောကြားသည်။

“COVID ကိစ္စနဲ့ ဥပဒေ ထုတ်ထားတဲ့အတွက် ဆိုင်းဘုတ်တင်လို့ မရသေးဘူးပေါ့နော်။ COVID ပြီးသွားမှပဲ တင်ပါဆိုပြီးတော့ ကျွန်တော်တို့ကို အဲ့အတိုင်းပဲ ပြောလိုက်တယ်” ဟု ဦး​သောင်းဌေးက ပြောကြားသည်။

UNDP ပါတီအနေဖြင့် ကော့မှူးမြိုနယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ပါတီဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်နှင့် တိုင်းဒေသကြီး အမှတ် (၂) မဲဆန္ဒနယ်တွင် ဦးသန့်ဇင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကော့မှူးမြို့နယ် ပါဝင်သည့် ကရင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်နော်အုန်းလှ ယှဉ်ပြိုင်မည်ဖြစ်သည်။

UNDP ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ ဒဂုံ (အရှေ့) မြို့နယ်၊ ဒဂုံ (မြောက်) မြို့နယ်၊ အင်းစိန်မြို့နယ်များတွင် ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်များ စိုက်ထူခွင့် ရရှိထားပြီး ကော့မှူးမြို့နယ်တွင်သာ စိုက်ထူခွင့် မရသေးခြင်းဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

“ရန်ကုန်တိုင်းက တစ်ခြားမြို့နယ် အသီးသီးမှာ အောင်နိုင်ရေး ဆိုင်းဘုတ်တွေ တင်ခွင့်ပေးပြီး ကော့မှူးကျမှ တင်ခွင့် မပေးဘူးဆိုတော့လည်း ဒါကြီးက သဘာဝ သိပ်မကျဘူးပေါ့နော်။ ထူးဆန်းတဲ့ အနေအထားကြီး ဖြစ်နေတယ်” ဟု ဦး​ဒေးဗစ်လှမြင့်က ပြောကြားသည်။

Stay at Home သတ်မှတ်သည့် မြို့နယ်များတွင် မြေပြင်မဲဆွယ်စည်းရုံးခွင့် မရှိချိန် COVID စည်း ကမ်းများကြောင့် မဲဆွယ်စည်းရုံးရေး အကန့်အသတ် ရှိနေချိန်တွင် ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်ပါ စိုက်ထူခွင့် မရခြင်းအပေါ် ၄င်းက ဝေဖန်​ပြောကြားသည်။

“ကျွန်တော်တို့ ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဘယ်သူတွေက ဒီနေရာမှာ ဝင်ရောက် ရွေးချယ် ယှဉ်ပြိုင်မယ် ဆိုတာကို ဆိုင်းဘုတ်လေးတော့ ထောင်မှဖြစ်မယ်ဆိုပြီး ဆိုင်းဘုတ်ထောင်ဖို့ လုပ်ပြန်တော့လည်း COVID ပြီးမှဆိုပြီး ဆိုင်းဘုတ်ထောင်ခွင့် မရပြန်ဘူး။ မရပြန်တော့ ဒီလိုမျိုး အခင်းအကျင်းမျိုးနဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရင် ဒီရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ စံချိန်စံညွှန်းတွေနဲ့ကော ရှိသေးရဲ့လားပေါ့နော်။ ဒီလို အကန့်အသတ်တွေအောက်မှာ ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဆိုတာတော့ မလွယ်ဘူး။ ဒီအခင်းအကျင်းတွေ အရတော့ မဖြစ်နိုင်ဘူး” ဟု UNDP ပါတီဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

COVID-19 ကန့်သတ်ချက်များကြောင့် ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ် စိုက်ထူမည့် မြေနေရာများကို ကွင်းဆင်းစစ်ဆေးရန် အခက်အခဲရှိ၍ ခေတ္တဆိုင်းငံ့ထားခြင်းဖြစ်ပြီး ပါတီဆိုင်းဘုတ် စိုက်ထူခြင်းကို ခွင့်မပြုခြင်း မဟုတ်ကြောင်း ကော့မှူးမြို့နယ် စည်ပင်သာယာရေး ကော်မတီ မြို့နယ်အလုပ်အမှုဆောင် အရာရှိ ဦးဝင်းမင်းက ပြောကြားသည်။

“Stay at Home ဆိုတော့ အိမ်ထဲမှာပဲ နေရမဲ့ကာလမှာ လူစုလူဝေးနဲ့ ထောင်တာတို့ မြေနေရာရှာ တာတို့ကျတော့ ကျွန်တော်တို့ အနေနဲ့ မသင့်တောဘူးထင်လို့ ခန ဟိုဟာဖြစ်ထားတာ။ Stay at Home ဥပဒေက အခုချိန်မှာ အားချင်းထွက်လာတာကိုး။ ရွေးကောက်ပွဲစည်းရုံးရေး ကာလကတော့ ပုံမှန်အခြေအနေမှာ သွားနေတာ။ Stay at Home က ရန်ကုန်တိုင်းမှာ အရေးပေါ် ထွက်လာတဲ့အချိန်မှာ အဆောက်အဦး ဆောက်လုပ်ခွင့်တို့ စီးပွားရေး ကြော်ငြာဆိုင်းဘုတ်တွေ စိုက်ထူတာတို့ကို ကျွန်တော်တို့က လတ်တလောမှာ လိုက်ပါဆောင်ရွက်နိုင်ပေးခြင်း မရှိဘူးဗျ။ မဟုတ်ရင် အိမ်ပြင်ကို ထုတ်တယ်။ စည်ပင်ကနေ ခေါ်တယ်။ စည်ပင်ကနေ ထူခိုင်းတယ် ဆိုတဲ့ဟာမျိုးတွေ ဖြစ်လာမယ်လေ။ ကျွန်တော်တို့ရဲ့ ဌာနတည်ဆောက်ရေးတွေ အကုန်လုံးလည်း ရပ်ဆိုင်းထားရပါတယ်” ဟု ဦးဝင်းမင်းက ပြောကြားသည်။

COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့ခြင်း မရှိသည့် လူနာများ တွေ့ရှိမှု အချိန်တိုအတွင်း များပြားလာ၍ ကိုကိုးကျွန်းမြို့နယ်အပ ရန်ကုန်တိုင်းအတွင်းရှိ ကျန်မြို့နယ်အသီးသီးမှ ပြည်သူများကို အိမ်တွင်သာ နေထိုင်ရန် (Stay at Home) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်တွင် ကြေညာထားသည်။

ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရွေေးကာက်ပွဲ နှစ်ကြိမ်ဆက် အနိုင်ရခဲ့သည့် မဲဆန္ဒနယ်ဖြစ်ပြီး ၄င်းအနေဖြင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို အဆိုပါ မဲဆန္ဒနယ်တွင် ဆက်လက် ယှဉ်ပြိုင်မည်ဖြစ်သည်။

ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် NLD ပါတီ၊ UNDP ပါတီ၊ UBP ပါတီ၊ USDP ပါတီ၊ UDP ပါတီ၊ PSDP ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တစ်ဦးတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

Most Read

Most Recent