ကိုဗစ်နိုင်ငံရေးနှင့် ရွေးကောက်ပွဲ

ကိုဗစ်နိုင်ငံရေးနှင့် ရွေးကောက်ပွဲ
Published 7 October 2020

အမေရိကန် သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်တွင် ကျင်းပရန် စီစဉ်ထားပြီး မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည်။ သို့သော် ယခုလက်ရှိ၌ အဆိုပါ ရွေးကောက်ပွဲနှစ်ရပ်စလုံးကို သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ ပြည်သူများ အာရုံမစိုက်နိုင်လောက်အောင် COVID-19 ရောဂါကပ်ဆိုး က အရိပ်မိုးထားသည်။ ယင်းအနေအထားတွင် ဘယ်သူသေသေ ငတေမာပြီးရော သဘောထားသည့် နိုင်ငံရေးသမားများကလည်း COVID-19 နှင့်ပတ်သက်သည့် ပြည်သူတို့၏ အကျပ်အတည်းအား ၎င်းတို့အတွက် အားသာချက်အဖြစ် အသုံးပြုလိုနေကြသည်။ အမေရိကန်တွင် စစ်တမ်းများအရ လူထုထောက်ခံမှုတွင် ဘိုင်ဒင်က ထရန့်ကို ဦးဆောင်လျက်ရှိသည်။ ထရန့်အစိုးရအဖွဲ့အနေဖြင့် ဘေးကင်းလုံခြုံသည့် ကာကွယ်ဆေးကို အများအပြား ထုတ်လုပ်မှုအား အလျင်အမြန် ပြုလုပ်နိုင်မည်လားဟူသည့်အချက်သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမဲဆွယ်မှုအတွက် အဓိကအချက် ဖြစ်လာသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကိုရိုနာဗိုင်းရပ်စ် ကူူးစက်ခံခဲ့ရသည့်အတွက် စစ်ဆေးရုံတွင် လေးရက်ကြာ အရေးပေါ် ကုသမှုခံယူခဲ့ပြီးနောက် အောက်တိုဘာ ၅ ရက်၌ ဆေးရုံမှဆင်းခဲ့ပြီး အိမ်ဖြူတော်သို့ ရောက်ရှိချိန်တွင် ထရန့်က ၎င်း၏နှာခေါင်းစည်းကို ချွတ်၍ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုများကို လျင်လျင်မြန်မြန် ပြန်လည်လုပ်ဆောင်သွားမည်ဟု ကတိပြုပြောကြားခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် လူ ၂၁၀,၀၀၀ သေဆုံးခဲ့ရသည့် အမေရိကန်တွင် နိုင်ငံသားများကို ဗိုင်းရပ်စ်အား မကြောက်ကြရန် ထရန့်က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။ ထရန့်သည်ဆင်းရုံမှ ဆင်း၍အိမ်ဖြူတော်သို့ ပြန်ရာ၌ ရဟတ်ယာဉ်ပေါ်သို့ မတက်မီ လက်မ ထောင်ပြ၍ အဆင်ပြေကြောင်း ပြသခဲ့ပြီး ထရန့်ကို ထောက်ခံသူများက ငိုကြွေး၍ “ ထရန့်၊ ထရန့်၊ ထရန့်” ဟု ကြွေးကြော်ခဲ့ကြသည်။ ထရန့်သည် ဆေးရုံတက်နေချိန်အတွင်း ကျည်ကာကားဖြင့် လှည့်ပတ်၍ထောက်ခံသူများကို လက်ပြနှုတ်ဆက်ခဲ့ပြီး ထောက်ခံသူအချို့က နောက်တစ်ရက်တွင် အလားတူထပ်မံနှုတ်ဆက်မည်ဟု မျှော်လင့်တကြီးဖြင့် ထရန့်ကို မြင်တွေ့လိုသည့်အတွက် တစ်နေ့လုံး စောင့်ဆိုင်းခဲ့ကြသည်။ 

ထရန့်သည် ဆေးရုံတက်ရောက်ခဲ့ရခြင်းကြောင့် ပြိုင်ဘက်ကို မီရန် ပိုမိုခက်ခဲစွာ ကြိုးပမ်းရမည် ဖြစ်သည်။ အိမ်ဖြူတော်ကို ပြန်လာခြင်းမှာ ထရန့်က ၎င်းမှာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းကြောင်း ပြသလိုခြင်းဖြစ်သည်။ “ မကြာခင် မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုတွေ ပြန်လုပ်တော့မှာပါ” ဟု ထရန့်က တွစ်တာပေါ် ရေးသားခဲ့သည်။ ထို့ပြင် “ကိုဗစ်ကို မကြောက်ကြပါနဲ့” ဟုလည်း တွစ်တာပေါ်ရေးသားခဲ့ပြီး ထရန့်က ဖျားနာမှုများ ကြုံတွေ့ခဲ့ရပြီးနောက် ပိုမိုနေကောင်းလာကြောင်းလည်း ရေးသားခဲ့သည်။

အောက်တိုဘာ ၅ ရက်က ဖလော်ရီဒါပြည်နယ်၌ မဲဆွယ်နေသည့် ဂျိုးဘိုင်ဒင်က ထရန့်၏ မှတ်ချက်နှင့် ပတ်သက်၍ တုံ့ပြန်ပြောကြားခဲ့သည်။ “သေဆုံးခဲ့သူ ၂၀၅,၀၀၀  ရဲ့ မိသားစုကို အဲ့ဒီလိုသွားပြောရလား” ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။ ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်သည် အောက်တိုဘာ ၅ ရက် မိုင်ယာမီရှိ မြို့တော်ခန်းမအပြင်ဘက် ၌ မဲဆွယ်ရာတွင် ထရန့်သည် နှာခေါင်းစည်းတပ်ဆင်မှု၏အရေးပါပုံကို လျှော့တွက်နေသည့်အတွက် ပြစ်တင်ဝေဖန်ခဲ့သည်။ “သမ္မတကြီး ရင်ဆိုင်ကြုံတွေ့နေရတာတွေအားလုံး အဆင်ပြေစေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျန်းမာရေးကောင်းမွန်သွားတာ တွေ့ရတဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်။ အမေရိကန်ပြည်သူတွေအတွက် မှန်ကန်တဲ့ သင်ခန်းစာမျိုးကိုသာ ပေးဖို့လည်း မျှော်လင့်ပါတယ်” ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံတွင်လည်း COVID-19 ဒုတိယလှိုင်းကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာ ထိုးနှက်ချက်များကို ပြည်သူများ အပြင်းအထန် ခံစားနေရရာ ယင်းအချိန်တွင် အစိုးရ၏အဓိကတာဝန်မှာ ပြည်သူများကို ဘေးကင်းလုံခြုံအောင် ကာကွယ်စောင့်ရှောက်ပေးရန်ဖြစ်သည်ကို သတိပြုရန်လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ အောက်တိုဘာ ၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

 

Most Read

Most Recent