COVID-19 စံလုပ်ငန်း လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သည့် ဆန္ဒမဲပေးခြင်း သရုပ်ပြပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ကြည့်ရှု

COVID-19 စံလုပ်ငန်း လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သည့် ဆန္ဒမဲပေးခြင်း သရုပ်ပြပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ကြည့်ရှု
Published 6 October 2020
ဇေယျာထွန်း

COVID-19 စံလုပ်ငန်း လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သည့် ဆန္ဒမဲပေးခြင်း သရုပ်ပြပွဲကို ယနေ့ (အောက်တိုဘာ ၆ ရက်) တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်ရှိ အ.ထ.က(၅) ကျောင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒမဲပေးခြင်း သရုပ်ပြပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး ဆန္ဒမဲပေးရာတွင် လိုအပ်သည့် အသေးစိတ် အချက်အလက်များအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ မှာကြားခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ပြောကြားသည်။

ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက “အတိုင်ပင်ခံက လိုအပ်တာတွေ အကုန်မှာသွားပါတယ်။ safe ဖြစ်ဖို့အတွက် ဆောင်ရွက်ရမယ့် အပိုင်းတွေ။ လုပ်ရမယ့် အနေအထားတွေ၊ လိုအပ်ချက်တွေကို ညွှန်ကြားပြင်ဆင် သွားတာတွေ ရှိပါတယ်။ အဲအချက်တွေကို မှတ်သားပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အချက်အလက် အသေးစိတ်တွေကို မှတ်သားထားပါတယ်။ ဒုတိယအကြိမ်မှာ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က SoP (စံလုပ်ငန်းလမ်းညွှန်) အတိုင်း လုပ်တာဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့လုပ်တဲ့အခါမှာ ပိုပြီးတော့ စနစ်ကျအောင်။ အစတုန်းက အပူချိန်က နောက်မှတိုင်းတယ်။ အခုကျတော့ အပူချိန်အရင် တိုင်းပြီးမှလုပ်တယ်။ ဒီ Procedure လေးတွေကို လိုအပ်သလို ပိုကောင်းအောင်ပြင်မှာပဲ ဖြစ်ပါတယ်။ မှတ်ပုံတင်ကဒ်ဆိုရင် ဘယ်လိုသယ်ဆောင်သွားရင် ဘယ်လိုပြန် Safe ဖြစ်မလဲ။ နောက်အားလုံး Air Spray ဖြန်းတာပေါ့။ ဖြန်းတဲ့အခါမှာ သေချာဖြန်းနိုင်အောင်ပေါ့။ လက်သန်းမှင်တို့တဲ့ အခါမှာလည်း စနစ်တကျ မှင်ရဲ့အရည်အသွေးနဲ့ လက်သန့်ဆေးလုပ်ပြီး တပ်တဲ့အခါမှာ စနစ်တကျပေါ့။ ဒါတွေအကုန်လုံး အသေးစိတ်ကို မှတ်သားပြီး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ မဲဆန္ဒမဲပေးခြင်း သရုပ်ပြခြင်းအား ပုံစံနှစ်မျိုးဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နေပြည်တော် အ.ထ.က(၅)တွင် ပြုလုပ်မည့် မဲရုံအမှတ်(၁)၌ မဲပေးကြမည့်ပုံစံနှင့် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အမှတ် (၁)ရပ်ကွက်ရှိ မဲရုံအမှတ်(၁)၌ မဲပေးကြမည့် ပုံစံတို့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အထက (၅) မှာပြုလုပ်မယ့် မဲရုံးအမှတ် (၁) မှာ မဲပေးမယ့်ပုံစံမျိုးကို ပြသသွားတာ ဖြစ်ပါတယ်။ အဲမှာဘယ်လိုပြသလဲဆိုတော့ ပြည်သူ့လွှတ်တော်ရယ်။ အမျိုးသားလွှတ်တော်ရယ်။ လွှတ်တော်နှစ်ရပ်ကို မဲပေးရမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ မဲဆန္ဒရှင်ကတော့ ၂၀၁၀၃ ယောက်ရှိပါတယ်။ အဲအတွက် အဆိုင်းနှစ်ဆိုင်းနဲ့ မဲပေးခြင်းစနစ်ကို ဆောင်ရွက်မှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အမှတ် (၁) ရပ်ကွက် မဲရုံအမှတ် (၁) မှာ  မဲဆန္ဒရှင် ၈၁၁ ယောက်ရှိပါတယ်။ အဆိုင်းတစ်ဆိုင်းနဲ့ ဆောင်ရွက်ပါမယ်။ ရန်ကုန်တိုင်းက ပြည်သူ့လွွှတ်တော်ရယ်။ အမျိုးသားလွှတ်တော်ရယ်။ တိုင်းဒေသကြီးလွှတ်တော် ပေးရမယ်။ နောက်ပြီး တိုင်းရင်းသားလူမျိုး လွှတ်တော်မှာ ကရင်ရယ်။ ရခိုင်ရယ်ရှိပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ပြောကြားသည်။

COVID-19 ကပ်ရောဂါကြောင့် Stay at Home နေရာဒေသတွင်ရှိသည့်  အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများအား ကြိုတင်မဲပေးနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် တိုင်းဒေသကြီးများရှိ အသက် ၆၀ ကျော် လူဦးရေစာရင်းအား ကော်မရှင်အနေဖြင့် စိစစ်နေသကဲ့သို့ ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် ယခင်အထွေထွေ ရွေးကောက်ပွဲများ၌ မဲရုံဖွင့်ချိန်အား နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ သတ်မှတ်ခဲ့သော်လည်း လက်ရှိ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် COVID-19 ကပ်ရောဂါကြောင့် မဲရုံဖွင့်ချိန်အား ညနေပိုင်း၌ အချိန်ထပ်တိုးရန်ရှိပြီး ကော်မရှင်အနေဖြင့် အချိန်မီ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ပြောကြားသည်။

ဆန္ဒမဲပေးခြင်း သရုပ်ပြပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် သက်ဆိုင်ရာ ကော်မရှင်ခွဲမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများမှ မဲရုံအဖွဲ့ဝင်အဖြစ်သော် လည်းကောင်း၊ မဲရုံကို လာရောက်သည့် လွှတ်တော်ကိုယ်စားလှယ်၊ မဲရုံးကိုယ်စားလှယ်နှင့် ရွေးကောက်ပွဲ လေ့လာသူများအဖြစ် သော်လည်းကောင်း တက်ရောက်ခဲ့ပြီး မဲပေးသူများ အနေဖြင့် နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနမှ ဝန်ထမ်းများ ပါဝင်သရုပ်ပြခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent