PPP ပါတီအနေဖြင့် မွတ်စလင်နှင့်ပတ်သက်၍ သုံးမျိုးသုံးစားခွဲမြင်ကြောင်းနှင့် နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းကို ၁၉၈၂ နိုင်ငံသားဥပဒေဖြင့်သာ ပြောရမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင် ပြောကြား

PPP ပါတီအနေဖြင့် မွတ်စလင်နှင့်ပတ်သက်၍ သုံးမျိုးသုံးစားခွဲမြင်ကြောင်းနှင့် နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းကို ၁၉၈၂ နိုင်ငံသားဥပဒေဖြင့်သာ ပြောရမည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင် ပြောကြား
Published 3 October 2020

မွတ်စလင်နှင့်ပတ်သက်၍ အုပ်စုသုံးမျိုးသုံးစား ခွဲခြားမြင်ခြင်းသည် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီ၏ ရပ်တည်ချက်ဖြစ်ပြီး နိုင်ငံသားဖြစ်ခြင်း မဖြစ်ခြင်းကို ၁၉၈၂ နိုင်ငံသားဥပဒေနှင့်သာ ပြောရမည်ဟု ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

၁၈၂၄ ခုနှစ် အင်္ဂလိပ်ကို မြန်မာစစ်ရှုံးပြီးနောက် အင်္ဂလိပ်ကိုလိုနီများ ခေါ်သွင်းလာသည့် မွတ်စလင်အုပ်စု၊ နိုင်ငံသား ဖြစ်ခွင့်မရသေးသော်လည်း ရခိုင်တိုင်းရင်းသားများနှင့် ယှဉ်တွဲနေထိုင်ပြီး မြန်မာ့ယဉ်ကျေးမှု နားလည်သည့် ရခိုင်ပြည်နယ်နေ ဘင်္ဂါလီအုပ်စုနှင့် မြန်မာဥပဒေများကို မလိုက်နာ မြန်မာအလံကို အသိအမှတ်မပြုသော မကြာသေးမီက ရခိုင်ပြည်နယ်သို့ ခိုးဝင်အုပ်စု စသည်ဖြင့် အုပ်စုသုံးစု ခွဲမြင်ရန်လိုကြောင်း ၎င်းက ဆိုသည်။

“ ဘင်္ဂါလီမွတ်စလင်လို့ပြောရင်၊ မွတ်စလင် လို့ပြောရင် ကျွန်မ သုံးမျိုးသုံးစား မြင်ပါတယ်ရှင့်။ အဲဒီအုပ်စုသုံးစုကို ခွဲခွဲခြားခြား မြင်ရပါမယ်။ ဒါ ကျွန်မတို့ပါတီရဲ့ ရပ်တည်ချက် ဖြစ်ပါတယ်။ ခွဲခွဲခြားခြားမြင်ပါတယ်” ဟု PPP ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

တိုင်းရင်းသားနှင့် နိုင်ငံသားမတူကြောင်း၊ တိုင်းရင်းသားဆိုသည်မှာ ၁၈၂၄ ခုနှစ် အင်္ဂလိပ်- မြန်မာ စစ်ပွဲမတိုင်မီ အခြေချ နေထိုင်သူများဖြစ်ကြောင်း၊ အဆိုပါစစ်ပွဲတွင် မြန်မာရှုံးနိမ့်ကာ အင်္ဂလိပ်ကိုလိုနီများ အိန္ဒိယမှ ခေါ်သွင်းလာသူများ၏ မျိုးဆက်သုံး၊ လေးဆက်ခန့် မြန်မာပြည်တွင် အခြေချခဲ့ပြီး မြန်မာ့ ဥပဒေများနှင့် ဓလေ့ယဉ်ကျေးမှုများကို လေးစားလိုက်နာသူများရှိကြောင်း၊ ၎င်းတို့သည် တိုင်းရင်းသား မဟုတ်သော်လည်း နိုင်ငံသားများဖြစ်ကြသည့် အုပ်စုတစ်စုရှိကြောင်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်ရှိ ရခိုင်တိုင်းရင်းသားများနှင့် ယှဉ်တွဲနေထိုင်ကာ စီးပွားရေးအတူတကွ လုပ်ဆောင်ပြီး မြန်မာ့ယဉ်ကျေးမှု နားလည်ကာ ရခိုင်ပြည်နယ်တွင် မျိုးဆက်နှစ်ဆက်၊ သုံးဆက်ခန့် နေထိုင်လာခဲ့သည့် နိုင်ငံသားမဖြစ်သေးသော အုပ်စုလည်းရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

၁၉၈၂ နိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသား ပေးသင့်သည့်သူကို နိုင်ငံသားဖြစ်ခွင့်ပေးပြီး ဥပဒေအရ နိုင်ငံသား မပေးထိုက်သူများကို နိုင်ငံသားမပေးရေးသည် ၎င်းတို့၏ ရပ်တည်ချက်ဖြစ်ကြောင်း PPP ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ဆိုသည်။

“ နိုင်ငံသား ဖြစ်ခြင်း၊ မဖြစ်ခြင်းကတော့ ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ပဲ ကျွန်မတို့က ပြောရမှာပေါ့နော်။ ဒီဥပဒေနဲ့ညီလို့ နိုင်ငံသား ရထိုက်တဲ့သူတွေလည်း ရှိမှာပါရှင့်” ဟု ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

ထို့ပြင် ဘင်္ဂါလီ၊ ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းဆိုင်ရာ အငြင်းပွားမှုနှင့်ပတ်သက်၍ ပြည်တွင်းတိုင်းရင်းသားများပင် ၎င်းတို့၏ တိုင်းရင်းသားအခေါ်အဝေါ်အတိုင်း ခေါ်ဆိုရန် တောင်းဆိုမှုမရှိခြင်းကြောင့် ရိုဟင်ဂျာဟုခေါ်ဆိုရန် တောင်းဆိုခြင်းကို လိုက်လျောစရာအကြောင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ ကရင်တွေက ကျွန်တော်တို့ကို ပါကညောလို့ ခေါ်ပါ။ ရှမ်းတွေကလည်း တိုင်လို့ ခေါ်ပါဆိုတဲ့ ဒီလိုမျိုး အခွင့်အရေး တောင်းတာတွေမရှိဘဲနဲ့ ဘင်္ဂါလီတွေကတော့ဖြင့် သူတို့ကို ရိုဟင်ဂျာလို့ ခေါ်ပါလို့ တောင်းတာ သည် ကျွန်မတို့က ဒါလိုက်လျောစရာ အကြောင်းမရှိဘူးပေါ့နော်။ အဲဒီလို လိုက်လျောလိုက်ရင် နာမည်တွေ လျှောက်ပြင်နေတာနဲ့ အလုပ်တွေက မပြီးတော့ဘူးပေါ့။ ဥပဒေထဲမှာလည်း ရေးထားတာမရှိဘူးပေါ့နော်။ ဒီအသုံးအနှုန်းတွေပေါ့။ ဒါကျွန်မတို့ ပါတီရဲ့ မူဝါဒ ဖြစ်ပါတယ်ရှင့်” ဟု ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

သို့သော် ၎င်းတို့ပါတီသည် လူ့အခွင့်အရေး လေးစားသည့်ပါတီဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူ သာသနာ့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းနှင့် အခြားနိုင်ငံရေးပါတီဝင် မဟုတ်လျှင် PPP ပါတီ၏ အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ပြီး ကျန်ကန့်သတ်ချက်များမရှိဟု ဒေါက်တာသက်သက်ခိုင်က ဆိုသည်။

ထို့ပြင် ကွဲပြားစုံလင်ခြင်းနှင့် အားလုံးပါဝင်ခြင်းဆိုသည့်မူကိုလည်း ပါတီတွင် ချမှတ်ထားပြီး အဆိုပါမူနှင့်အညီ ရွေးကောက်ပွဲအတွက် ရွေးချယ်ထားသည့်  လွှတ်တော်ကိုယ်စားလှယ်များတွင် LGBT ၊ မသန်စွမ်းနှင့် ဘာသာခြားများပါဝင်ဟု ၎င်းက ဆိုသည်။

“ ဒါတွေပါတယ်ဆိုတာ နိုင်ငံသားတွေ ဖြစ်တဲ့အတွက် နိုင်ငံသားရဲ့ အခွင့်အရေးရတာ ဖြစ်ပါတယ်။ ဥပဒေအတိုင်း ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

ပါတီအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မဲဆန္ဒနယ် ၉၇ နေရာအတွက် ကိုယ်စားလှယ်လောင်း ၂၃၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ပေါ်ပေါက်သည့် PPP ပါတီကို ဒေါက်တာသက်သက်ခိုင်နှင့် ၎င်း၏နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်၊ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များ စုစည်းတည်ထောင်ခြင်းဖြစ်သည်။

Most Read

Most Recent