COVID-19 ကာကွယ်ဆေး ရရှိရေးအတွက် ခြေလှမ်းများ ကြိုတင်လှမ်းထားရန် လိုအပ်

COVID-19 ကာကွယ်ဆေး ရရှိရေးအတွက် ခြေလှမ်းများ ကြိုတင်လှမ်းထားရန် လိုအပ်
Published 1 October 2020

ကုထုံးအချို့သည် COVID-19 ရောဂါ၏ ပြင်းထန်မှု သို့မဟုတ် ကြာရှည်မှုကို ကန့်သတ်ထားနိုင်ပုံရပြီး အလားအလာ အကောင်းဆုံး လေးငါးခုခန့်ကို ပို၍ အဓိကထား လေ့လာမှုများ ပြုလုပ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေ ၁၂ ရက်ကတည်းက ပြောကြားခဲ့သည်။ ဂျီနီဗာမြို့အခြေစိုက် WHO သည် COVID-19 ရောဂါကို ကာကွယ်ရန်၊ စစ်ဆေးဖော်ထုတ်ရန်နှင့် ကုသရန်တို့အတွက် ဘေးကင်းလုံခြုံပြီး ထိရောက်သည့် ကုသဆေးများ၊ စမ်းသပ်စစ်ဆေးမှုများနှင့် ကာကွယ်ဆေးများ ဖွံ့ဖြိုးလာရန် ကမ္ဘာ့လှုပ်ရှားမှု တစ်ရပ်ကို ဦးဆောင်နေသည်။ ကိုရိုနာဗိုင်းရပ်စ်အသစ်ကြောင့် ဖြစ်ပွားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါသည် ကမ္ဘာတစ်လွှားတွင် လူပေါင်းတစ်သန်းကို အသက်ဆုံးရှုံးစေခဲ့ပြီး ဖြစ်သည့်အပြင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ရပ်တန့်နိုင်ရန်အတွက် ကမ္ဘာတစ်ဝန်းလုံး၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာလည်း ကာကွယ်ဆေးသာ ဖြစ်လာနေသည်။

ယင်းအချိန်တွင် ဘရာဇီးနိုင်ငံရှိ ဆော်ပိုလိုမြို့ အစိုးရသည် စက်တင်ဘာ ၃၀ ရက်က တရုတ်မှ ကာကွယ်ဆေး ထွက်ရှိရန် အလားအလာရှိသည့် Sinovac Biotech မှ ထိုးဆေး ၄၆ သန်း ရရှိရန်အတွက် ဒေါ်လာသန်း ၉၀ တန် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ Sinovac နှင့် နိုင်ငံ၏ ဇီဝဆေးဝါး သုတေသနစင်တာ ဘူတန်တန်ဌာနတို့ ပူးပေါင်း၍ တတိယအဆင့် ကာကွယ်ဆေးစမ်းသပ်မှုကို  ပြုလုပ်ရာနေရာများတွင် ဘရာဇီး၏ လူဦးရေ အများဆုံးဖြစ်သည့် ဆော်ပိုလိုမြို့လည်း အပါအဝင်ဖြစ်သည်။ စက်တင်ဘာ ၃၀ ရက်က လက်မှတ်ရေးထိုးသည့် သဘောတူညီချက်သည် Sinovac က ဖေဖော်ဝါရီလကုန်တွင် ထိုးဆေး သန်း ၆၀ ပို့ဆောင်ပေးမည်ဟု ကနဦး သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ဘရာဇီးနှင့် Sinovac အကြား ကျန်ရှိသည့် ထိုးဆေး ၁၄ သန်းကို ပို့ဆောင်သွားမည်ဖြစ်ကြောင်း နှုတ်ကတိ ပြုထားသည်ဟု ဆော်ပိုလို အုပ်ချုပ်ရေးမှူး ဂျူအုန်းဒိုရီရာက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ တတိယအဆင့် စမ်းသပ်မှု ရလဒ်များမှာ နှစ်လအတွင်း ထွက်ရှိသင့်သည်ဟု Sinovac ၏ လက်တင်အမေရိက အကြီးအကဲ ရှင်းဟန်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကလည်း ကုလသမဂ္ဂမှ ကြီးမှူးကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲအတွင်း COVID-19 ကာကွယ်ဆေးများ ဝယ်ယူခြင်းနှင့် ဖြန့်ဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ စုပေါင်းရန်ပုံငွေထဲသို့ ဒေါ်လာ ၁၅ ဘီလျံ ချက်ချင်းထည့်ဝင်ရန် လိုအပ်နေကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဦးစီးသည့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ACT-Accelerator သည် လာမည့်နှစ်တွင် ကာကွယ်ဆေး အရေအတွက် နှစ်ဘီလျံ ထုတ်လုပ်ရေးနှင့် ဖြန့်ဝေရေးအပြင် ကုသမှုအကြိမ် ၂၄၅ သန်းနှင့် လူသန်း ၅၀၀ ကို ရောဂါရှာဖွေ စစ်ဆေးမှု လုပ်ဆောင်နိုင်ရေး ရည်မှန်းချက်သို့ ရောက်ရှိရန်အတွက် ရန်ပုံငွေ ဒေါ်လာ ၃၈ ဘီလျံ လိုအပ်နေပြီး လက်ရှိတွင် ရန်ပုံငွေ ဒေါ်လာသုံးဘီလျံ လက်ခံရရှိထားသည်။

ကမ္ဘာလုံးဆိုင်ရာ စုပေါင်းရန်ပုံငွေ အစီအစဉ်ထဲသို့ ရန်ပုံငွေ ယူရိုသန်း ၁၀၀ (ဒေါ် လာ ၁၁၇ သန်း) ထည့်ဝင်မည်ဟု ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်က ကတိပြုထားသည်။ ဂျာမနီနိုင်ငံသည် ထိုအစီအစဉ်ထဲသို့ ယူရို ၆၇၅ သန်း ထည့်ဝင်ထားပြီးဖြစ်သည်။ ဗြိတိန်နိုင်ငံအနေဖြင့် ရန်ပုံငွေ ပေါင်သန်း ၂၅၀ (ဒေါ်လာသန်း ၃၂၀) ထည့်ဝင်ရန် ကတိပြုထားပြီး နောက်ထပ် ရန်ပုံငွေ ဒေါ်လာသန်း ၂၅၀ ထည့်ဝင်သွားမည် ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရက်ဘ်က ဆိုသည်။ ဆွီဒင်ဝန်ကြီးချုပ် စတီဖန်လော့ဖ်ဗင်က ရန်ပုံငွေ ဒေါ်လာ ၁၀ သန်း ထည့်ဝင်ရန် ကတိပြုထားချိန်တွင် ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးကလည်း ရန်ပုံငွေ ကနေဒါဒေါ်လာ သန်း ၄၄၀ ထည့်ဝင်ရန် ပြောကြားခဲ့သည်။ ထိုရန်ပုံငွေများ၏ ထက်ဝက်ခန့်ကို ဝင်ငွေနိမ့် သို့မဟုတ် ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများသို့ ထောက်ပံ့ပေးသွားလိမ့်မည် ဖြစ်သည်။

ကာကွယ်ဆေးကို ထောက်ခံချက်ပေးခြင်းနှင့်အတူ ကာကွယ်ဆေး ထုတ်လုပ်ခြင်း၊ ကာကွယ်ဆေး ကြိုတင်ဝယ်ယူခြင်းအတွက် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမှု မရှိစေရန် ထိုရန်ပုံငွေရင်းမြစ်များမှာ လက်ရှိတွင် အရေးပါကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။ “ရောဂါပိုးစစ်ဆေးမှုနဲ့ ရောဂါကုသမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့၊ ကမ္ဘာတစ်ဝန်း အများပြည်သူ ကောင်းကျိုးအတွက် လုပ်ဆောင်မှုအဖြစ် ကာကွယ်ဆေး ထောက်ပံ့ဖို့အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ကို နိုင်ငံတိုင်းက စိတ်ဝင်စားကြပါတယ်” ဟု ဂူတာရက်စ်က ထပ်လောင်းပြောကြားခဲ့သည်။ ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ထက်ဝက်နီးပါးကို ကိုယ်စားပြုသော ဝင်ငွေနိမ့်နှင့် ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံများသည် ၎င်းတို့၏ ပြည်သူ ၁၄ ရာခိုင်နှုန်းခန့် အတွက်သာ COVID-19 ကာကွယ်ဆေးများကို ဝယ်ယူနိုင်သည့် အခြေအနေတွင် ရှိနေကြောင်းလည်း ဂူတာရက်စ်က ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေကာမှု ကာကွယ်ဆေးသည်သာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို ရပ်တန့်နိုင်သည့် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လာနေခြင်းကြောင့် မြန်မာနိုင်ငံ အနေဖြင့်လည်း အများနည်းတူ ကာကွယ်ဆေးများ ရရှိနိုင်ရေးအတွက် ခြေလှမ်းများ ကြိုတင်လှမ်းထားနိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent