သတိကြီးစွာဖြင့် ရင်ဆိုင်ကျော်ဖြတ်ရမည့် ကိုဗစ်ကပ်ဘေး

သတိကြီးစွာဖြင့် ရင်ဆိုင်ကျော်ဖြတ်ရမည့် ကိုဗစ်ကပ်ဘေး
Published 30 September 2020

မြန်မာနိုင်ငံတွင် ကိုဗစ်ဒုတိယလှိုင်းပုံစံဖြင့် ရောဂါပိုးကူးစက်ပျံ့နှံ့လျက်ရှိရာ ကျန်းမာရေးအာဏာပိုင်များက ရောဂါထိန်းချုပ်တားဆီးနိုင်ရန် ပြင်းပြင်းထန်ထန် လုပ်ဆောင်နေကြရပြီဖြစ်သည်။ အထူးသဖြင့် စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်တွင် Stay at Home ကို တင်းကျပ်စွာ သတ်မှတ်ထားပြီး ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် လုပ်ဆောင်နေသကဲ့ သို့ တစ်ဖက်တွင် Quarantine Center များ တိုးချဲ့ခြင်း၊ အခြားသောပြည်နယ်နှင့်တိုင်းများမှာ ကျန်းမာရေးဝန်ထမ်းများက အားဖြည့်ခြင်းတို့ဖြင့် အပူတပြင်းလုပ်ဆောင်နေရသည်။  နောက်ဆုံးတိုက်ပွဲအသွင်ဖြင့် ရန်ကုန်တွင် ကိုဗစ်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးလုပ်ဆောင်မည်ဟု ဆိုသော်လည်း ရောဂါပြန့်ပွားနှုန်းနှင့် သေဆုံးနှုန်းမှာ တိုးမြင့်လျက်ရှိနေပေသည်။ အကယ်၍ အုံနှင့်ကျင်းနှင့် နှစ်ပတ်တာကာလအတွင်း ရောဂါပိုးပျံ့နှံ့မှုနှုန်းကျသွားရန် လုပ်ဆောင်မှု အဆင်ပြေချောမွေ့မှုမရှိပါက ရန်ကုန်အနေဖြင့် အတော်ပင် ရုန်းကန်ရလိမ့်မည်ဖြစ်သည်။ လက်ရှိအချိန်ထိလည်း Fever Clinic များ၌ အနံ့ပျောက်လက္ခဏာဖြင့် လာရောက်ပြသကြသော လူနာများလည်း ဆက်လက်တိုးမြင့်နေသည်။

ကိုဗစ်သည် တားဆီးကာကွယ်ဆေးထုတ်လုပ်ဖြန့်ဝေနိုင်ခြင်းမရှိပါက ဒုတိယလှိုင်း၊ တတိယလှိုင်းစသဖြင့် ကြီးစွာခြိမ်းခြောက်မည့်သဘောတွင်လည်း ရှိနေသည်။ အချို့နိုင်ငံများတွင် ပြည်တွင်းကူးစက်မှုရက်ပေါင်းများစွာမရှိတော့သည့်အခြေအနေမှ အုံနှင့်ကျင်းနှင့် ပြန်လည်ကူးစက်မှုများ တွေ့လာရသည့် သာဓကများရှိခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်ဒုတိယလှိုင်းတွင် စိုးရိမ်စရာဖြစ်သဖြင့် ပေါ့ဆမှုမရှိရန် လိုအပ်နေသည်ဟု သုံးသပ်​​ကြရ​သည်။ လက်ရှိအချိန်တွင် စားဝတ်နေရေးအတွက် ရုန်းကန်နေရသကဲ့သို့ ကိုဗစ် အန္တရာယ် အ​ပေါ်လည်း မဖြစ်မနေသတိထားကြရမည့်  အခြေအနေ​ဖြစ်​နေသည်။ သေချာသည်မှာ ကိုဗစ်သည် ထိန်းမနိုင်သိမ်းမရအခြေအနေမျိုး အချိန်မရွေးဖြစ်လာနိုင်သည်ကို အများက စိုးရိမ်နေကြရ​ခြင်းဖြစ်သည်။ တစ်ဖက်တွင် လူမှုစီးပွားရေးဆိုင်ရာ အကျပ်အတည်းများကလည်း ပြည်သူများအပေါ် ဖိစီးနိုင်သည်။ ယင်းကို ကြိုတင်တွက်ချက်၍ အာဏာပိုင်များအနေဖြင့် မည်သို့တုံ့ပြန်မည်နည်း။ စနစ်တကျထိန်းချုပ်နိုင်မှုနှင့် လိုအပ်သော ပံ့ပိုးကူညီမှုများ မလုပ်နိုင်လျှင် အန္တရာယ်သည် အချိန်မရွေးကျရောက်နိုင်သည်က အမှန်ပင်ဖြစ်သည်။ ကိုဗစ်ကို ရင်ဆိုင်နေရချိန်တွင် တစ်ဖက်၌လည်း လူမှုစီးပွားဆိုင်ရာ အရေးပေါ်တုံ့ပြန်မှုများ မရှိပါက တစ်ကမ္ဘာလုံးထိခိုက်ခံစားရမှုသည် တစ်ဟုန်ထိုးမြင့်တက်လာပြီး လာမည့်နှစ်များအတွင်း သေကြေပျက်စီးမှုများ ဖြစ်ပေါ်ကာ လူနေမှုဘဝများလည်း ထိခိုက်ဆုံးရှုံးရလိမ့်မည် ဖြစ်သည်ဟုလည်း ပညာရှင်များက သတိပေးထားပြီးဖြစ်သည်။ ယခုအကျပ်အတည်းအတွင်း ဖွံ့ဖြိုးရေးဆိုင်ရာ ချက်ချင်းတုံ့ပြန်မှုများကို အနာဂတ်အား လှမ်းမျှော်ကြည့်ရှုလျက် လုပ်ဆောင်ရန်လည်း လိုအပ်နေသည်။

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုနှင့် ယင်းနှင့်ဆက်စပ်နေသော စီးပွားရေးအကျပ် အတည်းသည် ကြီးမားသော စိန်ခေါ်မှုများနှင့် မသိနိုင်မှုများစွာတို့ကို ထွက်ပေါ်လာစေခဲ့ပြီး ကုန်သွယ်ရေးကဏ္ဍကို ထိခိုက်ပျက်စီးစေလျက်ရှိသည်။ ယင်းအကျပ်အတည်း နှစ်ရပ်စလုံးကို တစ်ကမ္ဘာလုံးကြုံတွေ့နေရသော်လည်း သက်ရောက်မှုများမှာမူ ဒေသအလိုက် ဖြစ်ပေါ် လျက်ရှိသည်။ ယင်းအကျပ်အတည်းများကို တုံ့ပြန်ရန် မူဝါဒများအနေဖြင့် အလွန်လျင်မြန် ရန်လည်း လိုအပ်နေသည်။ အစိုးရအဖွဲ့များအနေဖြင့် COVID-19  ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ပိုမိုလျင်မြန်စွာနာလန်ထူနိုင်ရေး အထောက်အကူပြုစေရန် မူဝါဒများ အလုံးစုံပြောင်းလဲ ရေးကို ထိထိရောက်ရောက်လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးကဏ္ဍ၊ စီးပွားရေး လှုံ့ဆော်မှုနှင့် လူမှုလုံခြုံရေးကွန်ရက်တို့အတွက် ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။

COVID-19 အကျပ်အတည်းက လူမှုစီးပွားအနေအထားအပေါ် သက်ရောက်မှုများ အား မှန်မှန်ကန်ကန် လေ့လာသုံးသပ်လျက် အနာဂတ်အားလှမ်းမျှော်ကြည့်ရှုကာ တုံ့ပြန်မှု များ လုပ်ဆောင်ရန် အရေးကြီးသည်ဟု သဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာ သဘောတရားအရ ပညာရှင်များက ​ကြိုတင်ထောက်ပြကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ ​​မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်ကာကွယ်ထိန်းချုပ်မှုနှင့်အတူ နောက်ဆက်တွဲဲဖြစ်သည့် စီးပွားရေးအ​ပေါ်ဆိုးကျိုး သက်ရောက်လာနိုင်မှုကိုလည်း တွက်ချက်၍အဆိုးဆုံးအခြေအနေများကို ကျော်ဖြတ်နိုင် ရန် သတိကြီးစွာဖြင့် လုပ်ဆောင်ရတော့မည်ဖြစ်ပါကြောင်း The Daily Eleven  သတင်းစာက ရေးသားအပ်ပါသည်။

အောက်တိုဘာ ၁  ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent