ကာလာမသုတ်နှင့် ဝေဖန်ပိုင်းခြားနိုင်စွမ်း

ကာလာမသုတ်နှင့် ဝေဖန်ပိုင်းခြားနိုင်စွမ်း
Published 30 September 2020

အခါတစ်ပါး၌ မြတ်စွာဘုရားနှင့် နောက်ပါသံဃာတို့သည် ဒေသစာရီ ကြွချီတော်မူလာရာ ကောသလတိုင်း ကေသမုတ္တမည်သော နိဂုံးသို့ ရောက်တော်မူ၏။ ဗုဒ္ဓဘုရားရှင် ကြွရောက်တော်မူသည်ကို သိကြကုန်သော ကေသမုတ္တနိဂုံးသား ကာလာမ အမျိုးကောင်းသားတို့သည် ဘုရားရှင်အား လာရောက်ဖူးမျှော်ကြကုန်၏။ သင့်တင့်လျှောက်ပတ်ရာ ထိုင်ကြပြီးလျှင် ရှိခိုးဦးချကြ၍ ဘုရားရှင်အား “အရှင်ဘုရား အချို့သော သမဏဗြာဟ္မဏတို့သည် ကေသမုတ္တနိဂုံးသို့ ရောက်လာပါကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် မိမိ အယူဝါဒကိုသာလျှင် ပြပါကုန်၏၊ ထွန်းပစေပါကုန်၏။ သူတစ်ပါး အယူဝါဒကိုမူကား ထိပါးပါကုန်၏၊ မထီမဲ့မြင်ပြုပါကုန်၏၊ ရှုတ်ချပါကုန်၏၊ ချေဖျက်ပါကုန်၏၊ အရှင်ဘုရား ဤသမဏဗြာဟ္မဏတို့တွင် အဘယ်သမဏဗြာဟ္မဏသည် မှန်သောစကားကို ဆိုပါသနည်း၊ အဘယ်သမဏဗြာဟ္မဏသည် မမှန်သော စကားကို ဆိုပါသနည်းဟု အကျွန်ုပ်တို့အား ယုံမှားခြင်း တွေးတောခြင်း ဖြစ်ခဲ့ပါ၏” ဟု မေးလျှောက်ကြကုန်၏။

ထိုအခါ ဘုရားရှင်က ဤကာလာမသုတ်ကို ဟောကြားတော်မူ၏။ ကေသမုတ္တနိဂုံး၌ ဟောကြားတော်မူသောကြောင့် ကေသမုတ္တိသုတ်ဟူ၍လည်း အမည်တွင်၏။ ယင်းကာလာမသုတ်မှာ “မာအနုဿဝေန - ပြောသံကြားရုံနဲ့လည်း မယုံနဲ့။ မာပရမ္ပရာယ - ရှေးရိုးစဉ်ဆက် စကားရယ်လို့လည်း မယုံနဲ့။ မာတက္ကဟေတု - အဲဒီလို ဖြစ်ဖူးသတဲ့လို့လည်း မယုံနဲ့။ မာနယဟေတု - ကိုယ့်ဘာသာ တွေးမိကြံမိတာလောက်လေးနဲ့လည်း မယုံနဲ့။ မာဘဗ္ဗရူပတာယ - ကိုယ့်ခံယူထားချက်နဲ့ တူတယ်ဆိုရုံနဲ့လည်း မယုံနဲ့။ မာပိဋကသမ္ပဒါဒေန - ပိဋကတ်စာပေ ကျမ်းဂန်ထဲမှာပါတယ် ဆိုရုံနဲ့လည်း မယုံနဲ့။ မာသာမဏောနောဂရူတိ - ကိုယ်ယုံကြည်ရိုသေတဲ့သူရဲ့စကားဆိုပြီးတော့လည်း မယုံနဲ့” ဟူ၍ ဖြစ်သည်။

အမှန်တကယ်၌ ဘုရားရှင် ဟောကြားတော်မူခဲ့သည့် ကာလာမသုတ်တော်သည် မိမိတို့ကိုယ်တိုင်၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို အားပြုရန် ပြဆိုလိုရင်းဖြစ်သည်။ ဝေဖန်ပိုင်းခြားနိုင်စွမ်းတွင် အချက်အလက်များ၊ လေ့လာရမည့်ဖြစ်စဉ်များနှင့် သုတေသန တွေ့ရှိချက်များကဲ့သို့သော ရင်းမြစ်များကို အကဲဖြတ်ခြင်း ပါဝင်သည်။ ဝေဖန်ပိုင်းခြားနိုင်စွမ်း မြင့်မားသူသည် အချက်အလက်အစုံလိုက်မှနေ၍ ကျိုးကြောင်းဆီလျော်သော ကောက်ချက်များ ချနိုင်ပြီး ပြဿနာတစ်ရပ် ဖြေရှင်းရန်အတွက် သို့မဟုတ် ဆုံးဖြတ်ချက်တစ်ခု ချရန်အတွက် အသုံးဝင်သော အချက်များနှင့် အသုံးဝင်မှုနည်းပါးသော အချက်အလက်များဟူ၍ ခွဲခြားနိုင်သည်။ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသူသည် အနေအထားတစ်ရပ်ကို ရွေးချယ်လက်ခံရန်အတွက် ကျိုးကြောင်းဆီလျော်သော အကြောင်းတရားများကို တင်ပြနိုင်ပြီး အဆိုပြုထားသော မှားယွင်းသည့် အကြောင်းတရားများကို မမှန်ကန်ကြောင်း ဖွင့်ချပြနိုင်သည်။

ဝေဖန်ပိုင်းခြားနိုင်စွမ်းတွင် ပါဝင်သည့် အဓိကကျွမ်းကျင်မှုများကို ယခုကဲ့သို့ သတ်မှတ်ထားသည်။

(၁) စိစစ်ခြင်း - တစ်စုံတစ်ရာကို စစ်ဆေးစမ်းသပ်ပြီး အဓိပ္ပာယ်ကိုလည်းကောင်း၊ မည်သည်ကို ကိုယ်စားပြုသည်ကိုလည်းကောင်း သုံးသပ်နိုင်စွမ်းကို ဆိုလိုသည်။

(၂) အလွယ်တကူ နားလည်အောင် ရှင်းလင်းနိုင်ခြင်း - အချက်အလက်များကို ပြန်လည်ဖော်ပြနိုင်ရုံသာမက နားလည်ရလွယ်ကူသော နည်းလမ်းဖြင့် ဖော်ပြနိုင်ခြင်း ဖြစ်သည်။

(၃) အကဲဖြတ်ခြင်း - စိတ်ကူးထည်တစ်ခု၏ ခိုင်မာမှုကို ဆုံးဖြတ်နိုင်စွမ်းဖြစ်သည်။

(၄) ရှင်းပြခြင်း - ဖော်ပြထားသည့် အချက်အလက်ကို ရှင်းလင်းအောင် ပြုလုပ်နိုင်သည့်အပြင် ယင်းအချက်အလက်ထဲသို့ ကိုယ်ပိုင်အမြင်ကိုပင် ပေါင်းထည့်နိုင်စွမ်းဖြစ်သည်။

(၅) ကောက်ချက်ချခြင်း - ပေးထားသည့် အချက်အလက်အပေါ် အခြေခံလျက် ကောက်ချက်များ ဆွဲယူနိုင်စွမ်းဖြစ်သည်။

(၆) ဖွင့်ဆိုပြခြင်း - ယင်းသည် အချက်အလက်များနှင့်ပတ်သက်၍ နားလည်နိုင်စွမ်း ဖြစ်သည်။ သက်ဆိုင်ရာ ပရိသတ်အတွက် အချက်များ၏ အဓိပ္ပာယ်ကို ပုံစံတစ်ရပ်အတွင်း ဆက်သွယ်ပြောဆိုနိုင်စွမ်းဖြစ်သည်။

(၇) ဆုံးဖြတ်ချက်ချခြင်း - အကဲဖြတ်ခြင်းကဲ့သို့ပင် ဆုံးဖြတ်ချက်ချခြင်းသည် စိတ်ကူးထည်တစ်ရပ် သို့မဟုတ် အချက်အလက် အစိတ်အပိုင်းတစ်ရပ်နှင့် ပတ်သက်၍ ကိုင်တွယ်ဆောင်ရွက်နိုင်စွမ်းဖြစ်သည်။

(၈) ဓမ္မဓိဋ္ဌာန်ကျခြင်း - စိတ်ကူးထည်ကို ဘက်လိုက်မှုများမပါဘဲ မျှတစွာ အကဲဖြတ်နိုင်စွမ်းဖြစ်သည်။

(၉) ပြဿနာကို ဖြေရှင်းခြင်း - အရေးပါသော ကျွမ်းကျင်မှုတစ်ရပ်ဖြစ်ပြီး ပြဿနာတစ်ရပ်ကို စိစစ်ခြင်း၊ ဖြေရှင်းမှုတစ်ရပ်ကို ဖော်ထုတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း တို့အပြင် အစီအစဉ်ကို အသုံးပြုနိုင်ခြင်း ပါဝင်သည်။

(၁၀) ဆင်ခြင်ခြင်း - မေးခွန်းတစ်ရပ် သို့မဟုတ် ပြဿနာတစ်ရပ်နှင့်ပတ်သက်၍ ယုတ္တိဗေဒနည်းကျ တွေးခေါ်နိုင်စွမ်းဖြစ်သည်။

အမှန်တကယ်၌ ဝေဖန်ပိုင်းခြားနိုင်စွမ်းသည် မည်သည့်အလုပ်အကိုင်မဆိုအတွက်သာမက နေ့စဉ်ဘဝ၌ ရင်ဆိုင်တွေ့ကြုံရမှုများအတွက်ပါ မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်မှုဖြစ်သည်။ ထို့ကြောင့် လူတိုင်းအနေဖြင့် ငယ်စဉ်မှစ၍ ဘဝတစ်လျှောက်လုံး ဝေဖန်ပိုင်းခြားနိုင်စွမ်း တိုးတက်အောင် အမြဲမပြတ် သင်ယူလေ့ကျင့်နေရမည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ စက်တင်ဘာ ၃၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent