ခြေစွမ်းပြနေသည့် ဟိန်းထက်အောင်ကို သက်တမ်းတိုးရန် ညှိနှိုင်းမည်ဖြစ်သော်လည်း ကစားသမား၏ဆန္ဒအပေါ်မူတည်ဟု ဟံသာဝတီအုပ်ချုပ်သူ ဆို

ခြေစွမ်းပြနေသည့် ဟိန်းထက်အောင်ကို သက်တမ်းတိုးရန် ညှိနှိုင်းမည်ဖြစ်သော်လည်း ကစားသမား၏ဆန္ဒအပေါ်မူတည်ဟု ဟံသာဝတီအုပ်ချုပ်သူ ဆို
Photo: EMG
Photo: EMG
Published 23 September 2020

ဟိန်းထက်အောင်သည် ယခုရာသီတွင် ခြေစွမ်းပြ ကစားလျက်ရှိပြီး လေးဂိုးသွင်းယူပေးထားကာ စက်တင်ဘာအတွက် လအလိုက်အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိထားသည်။ ဟံသာဝတီအသင်းနှင့် ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ ယခုနှစ်ကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အသင်းတာဝန်ရှိသူများအနေဖြင့် ၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲအပြီးတွင် သက်တမ်းတိုးရန် ညှိနှိုင်းသွားမည်ဖြစ်သည်။

 

ဟံသာဝတီယူနိုက်တက်အသင်း အုပ်ချုပ်သူ ဦးထွန်းထွန်းလင်းက ယခုရာသီတွင် ခြေစွမ်းပြကစားနေသည့် တောင်ပံကစားသမား ဟိန်းထက်အောင်ကို သက်တမ်းတိုးရန် ညှိနှိုင်းမည်ဖြစ်သော်လည်း ကစားသမား ၏ ဆန္ဒအပေါ် မူတည်ကြောင်း ပြောကြားခဲ့သည်။

ဟိန်းထက်အောင်သည် ၂၀၁၈ ရာသီတွင် ဟံသာဝတီအသင်းသို့ ရောက်ရှိလာပြီး  နောက်ပိုင်းရာသီများတွင် အဓိက ကစားသမားအဖြစ် ပါဝင်ကစားလျက်ရှိသည်။ ဟိန်းထက်အောင်သည် ယခုရာသီတွင် ခြေစွမ်းပြ ကစားလျက်ရှိပြီး လေးဂိုးသွင်းယူပေးထားကာ စက်တင်ဘာအတွက် လအလိုက်အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိထားသည်။ ဟံသာဝတီအသင်းနှင့် ချုပ်ဆိုထားသော စာချုပ်သက်တမ်းမှာ ယခုနှစ်ကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အသင်းတာဝန်ရှိသူများအနေဖြင့် ၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲအပြီးတွင် သက်တမ်းတိုးရန် ညှိနှိုင်းသွားမည်ဖြစ်သည်။

 "ဟိန်းထက်အောင်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ် သက်တမ်းက ဒီနှစ်ကုန်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ သက်တမ်းတိုးဖို့ ညှိနှိုင်းသွားမှာပါ။ MNL ပြိုင်ပွဲပြီးရင် စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကစားသမားရဲ့ဆန္ဒကအဓိကဖြစ်ပါတယ်။ ကျွန်တော့်တို့အသင်းက ဘယ်ကစားသမားကိုမှ မှီခိုထားတဲ့အသင်း မဟုတ်တာကြောင့် ကစားသမားဆန္ဒကိုပဲ ဦးစားပေးပါတယ်။ ကျွန်တော်တို့ဘက်က သူ့ကို ထိုက်သင့်တဲ့ လစာ၊ ခံစားခွင့်တွေနဲ့ သက်တမ်းတိုးဖို့ ကမ်းလှမ်းမှာဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ မူဝါဒနဲ့ လုပ်ဆောင်ပုံတွေကိုလည်း အသင်းမှာကစားနေတဲ့သူ တွေအားလုံးသိပါတယ်။ ပွဲနိုင်ကြေးကိုလည်း သုံးပွဲအပြီးတစ်ကြိမ် ချီးမြှင့်သလို ဒီရာသီဆိုရင် ရာသီကုန် ထိပ်ဆုံးသုံးသင်းစာရင်းဝင်ရင် အသင်းပိုင်ရှင်က အပိုဆုကြေးပေးဦးမှာဖြစ်ပါတယ်"ဟု ဦးထွန်းထွန်းလင်းက ပြောကြားခဲ့သည်။

ဟံသာဝတီအသင်းသည် ယခုရာသီတွင် ချန်ပီယံဆုမျှော်မှန်းနိုင်သည့်အသင်းဖြစ်ပြီး  ထိပ်ဆုံးသုံးသင်းစာရင်းဝင်ရန်လည်း နီးစပ်နေသည်။ ဟံသာဝတီအသင်းသည် ထိပ်ဆုံး သုံးသင်းစာရင်းဝင်ပါက ပြိုင်ပွဲကျင်းပရေးက ချီးမြှင့်သည့်ဆုကြေးအပြင် အသင်းပိုင်ရှင်က ချီးမြှင့်မည့် အပိုဆုကြေးကိုပါ ခံစားခွင့်ရရှိမည်ဖြစ်သည်။ ယခုရာသီကုန်တွင် ဟံသာဝတီအသင်းမှ ကစားသမားအချို့ စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သက်တမ်းတိုးခြင်းများကိုလည်း MNL အမှတ်ပေး ပြိုင်ပွဲအပြီးတွင် ဆောင်ရွက်မည်ဖြစ်သည်။

ဟံသာဝတီအသင်းသည် ယခုရာသီတွင် လက်ကျန်သုံးပွဲသာ ယှဉ်ပြိုင်ကစားရန်ကျန် ရှိတော့ပြီး ရတနာပုံ၊ မကွေး၊ ဧရာဝတီအသင်းတို့နှင့် ဆက်တိုက်ကစားရမည်ဖြစ်ပြီး ပွဲစဉ် (၁၇) အပြီးတွင် ၁၅ ပွဲကစား၊  ရမှတ် ၃၅ မှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်နေသည်။

Most Read

Most Recent