Tour de France ပြိုင်ပွဲတွင် မထင်မှတ်ဘဲဗိုလ်စွဲခဲ့သည့် ပိုဂက်ချာ ဒုတိယအသက်အငယ်ဆုံး ချန်ပီယံဖြစ်လာ

Tour de France ပြိုင်ပွဲတွင် မထင်မှတ်ဘဲဗိုလ်စွဲခဲ့သည့် ပိုဂက်ချာ ဒုတိယအသက်အငယ်ဆုံး ချန်ပီယံဖြစ်လာ
Published 22 September 2020

Tour de France မေဂျာစက်ဘီးပြိုင်ပွဲတွင် အသက် ၂၁ နှစ်အရွယ် ဆလိုဗေးနီးယားစက်ဘီးသမား တာဒီးပိုဂက်ချာ မထင်မှတ်ဘဲ အနိုင်ရဗိုလ်စွဲပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ဒုတိယအသက်အငယ်ဆုံးချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

၁၀၇ ကြိမ်မြောက် Tour de France ပြိုင်ပွဲကို သြဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၂၀ ရက်အထိ ကျင်းပခဲ့ပြီး မူလက ဇွန်-ဇူလိုင်တွင် ကျင်းပရန်စီစဉ်ထားသော်လည်း COVID-19 ရောဂါဖြစ်ပွားမှုကြောင့် နှစ်လရွှေ့ဆိုင်း ခဲ့ရခြင်းဖြစ်သည်။ 

UAE Team Emirates အသင်း၏ ကစားသမားဖြစ်သူ ပိုဂက်ချာသည် နောက်ဆုံးပွဲစဉ်နှစ်ခုဖြစ်သည့် အဆင့် ၂၀ နှင့် ၂၁ တွင်သာ အဝါရောင်ဂျာစီ (ထိပ်ဆုံးမှ ဦးဆောင်သူ ဝတ်ခွင့်ရသည့်ဂျာစီ) ဝတ်ဆင်ခွင့်ရသော်လည်း မထင်မှတ်ဘဲ ချန်ပီယံဆု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

Team Jumbo Visma အသင်း၏ ဆလိုဗေးနီးယားကစား သမား ရော့ဂလစ်မှာမူ ပွဲစဉ် ၉ မှ ၁၉ အထိ ၁၁ ရက်ဆက်တိုက် အဝါရောင်ဂျာစီဝတ်ဆင် ၍ ဦးဆောင်နိုင်ခဲ့သော်လည်း နောက်ဆုံးနှစ် ရက်တွင် တစ်နိုင်ငံတည်း သား ပိုဂက်ချာ၏ ကျော်ဖြတ်မှု ခံခဲ့ရခြင်းဖြစ်သည်။

Mountain Stage ပွဲစဉ်များဖြစ်သည့် အဆင့် ၉၊ ၁၅ နှင့် ၂၀ တွင် အနိုင်ရခဲ့သူ ပိုဂက်ချာသည် စုစုပေါင်းယှဉ်ပြိုင်ချိန် ၈၇ နာရီ၊ မိနစ် ၂၀၊ ၀၅ စက္ကန့်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပြီး ရော့ဂလစ်က ၅၉ စက္ကန့်အကွာဖြင့် ဒုတိယ၊ Trek Segafredo အသင်းမှ သြစတြေးလျကစားသမား ရစ်ချီပေါ်တေက သုံးမိနစ်၊ စက္ကန့် ၃၀ အကွာဖြင့် တတိယရရှိခဲ့သည်။ 

အသက် ၂၂ နှစ်ပြည့်ရန် တစ်ရက်အလိုတွင် Tour de France ချန်ပီယံဆုရရှိခဲ့သူ ပိုဂက်ချာသည် ၁၉၀၄ ခုနှစ်တွင် ၁၉ နှစ်ဖြင့်ဗိုလ်စွဲခဲ့သည့် အွန်နရီကူးနတ်နောက်ပိုင်း အသက်အငယ်ဆုံးနှင့် သမိုင်းတစ်လျှောက် ဒုတိယအငယ်ဆုံးချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

၎င်းသည် ပထမဆုံးအကြိမ်ယှဉ်ပြိုင်သည့်ပြိုင်ပွဲမှာပင် ချန်ပီယံဆုရယူနိုင်ခြင်းဖြစ်ပြီး ယခုပြိုင်ပွဲတွင် ဗိုလ်စွဲသည့် ပထမဆုံး ဆလိုဗေးနီးယားနိုင်ငံသား ဖြစ်လာသည်။

Most Read

Most Recent