COVID-19 အကျပ်အတည်းနှင့် ရွေးကောက်ပွဲ

COVID-19 အကျပ်အတည်းနှင့် ရွေးကောက်ပွဲ
Published 17 September 2020

အမေရိကန် သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်တွင် ကျင်းပရန် စီစဉ်ထားပြီး မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည်။ သို့သော် ယခုလက်ရှိ၌ အဆိုပါရွေးကောက်ပွဲနှစ်ရပ်စလုံးကို သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ ပြည်သူများ အာရုံမစိုက်နိုင်လောက်အောင် COVID-19 ရောဂါကပ်ဆိုးက အရိပ်မိုးထားသည်။ ယင်းအနေအထားတွင် ဘယ်သူသေသေ ငတေမာပြီးရော သဘောထားသည့် နိုင်ငံရေးသမားများကလည်း COVID-19 နှင့်ပတ်သက်သည့် ပြည်သူတို့၏အကျပ်အတည်းအား ၎င်းတို့အတွက် မဲဆွယ်ရေးအားသာချက်အဖြစ် အသုံးပြုလိုနေကြသည်။ အမေရိကန်တွင် စစ်တမ်းများအရ လူထုထောက်ခံမှုတွင် ဘိုင်ဒင်ကထရန့်ကို ဦးဆောင်လျက်ရှိသည်။ ထရန့်အစိုးရအဖွဲ့အနေဖြင့် ဘေးကင်းလုံခြုံသည့် ကာကွယ်ဆေးကို အများအပြား ထုတ်လုပ်မှုအား အလျင်အမြန်ပြုလုပ်နိုင် မည်လားဟူသည့်အချက်သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမဲဆွယ်မှုအတွက် အဓိကအချက်ဖြစ်လာသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ခပ်ခွာခွာနေခြင်းနှင့် ရောဂါစမ်းသပ် ရှာဖွေခြင်းတို့နှင့်ပတ်သက်သည့် နိုင်ငံလုံးဆိုင်ရာ လမ်းညွှန်ချက်များ ချမှတ်ရန်ကဲ့သို့သော ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို ကိုင်တွယ်ရေး အဓိကခြေလှမ်းများ လှမ်းရန်ငြင်းဆန်ခဲ့ခြင်းအတွက် သူ့အား သမ္မတဖြစ်ရန် အဆင့်မမီဟု သတ်မှတ်သင့်ကြောင်း ဂျိုးဘိုင်ဒင်က စက်တင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ ဒီမိုကရက်တစ်သမ္မတလောင်း ဘိုင်ဒင်က သူ၏ ရွေးကောက်ပွဲပြိုင်ဘက် ထရန့်သည် ကာကွယ်ဆေးဖွံ့ဖြိုးလာရေးလုပ်ငန်းစဉ်ကို နိုင်ငံရေးဆန်အောင်ပြုလုပ်နေကြောင်းနှင့် သူ့အနေဖြင့် သမ္မတ၏ လူထုအတွက် ထုတ်ပြန်ချက်များကို မယုံကြည်ကြောင်းလည်း စွပ်စွဲပြောကြားခဲ့သည်။ ထရန့်က ကာကွယ်ဆေးသည် ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်ရှိရန် သီတင်းပတ်အနည်းငယ်သာလိုတော့ကြောင်း စက်တင်ဘာ ၁၅ ရက်ညက ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန် ၁၉၆၀၀၀ ဦးကို သေဆုံးစေခဲ့ပြီးဖြစ်သည့် ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေမှုကို ရပ်တန့်ရန် အကောင်းဆုံးနည်းလမ်းတစ်ရပ်မှာ ကာကွယ်ဆေးဖြစ်ကြောင်း ပညာရှင်များက ပြောကြားထားသည်။ ပြည်သူများ ကျယ်ပြန့်စွာ သုံးစွဲနိုင်မည့် ကာကွယ်ဆေးကို အစောဆုံးအဖြစ် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းကျမှသာ ရရှိနိုင်မည်ဖြစ်ကြောင်း သူ၏အစိုးရအဖွဲ့ကိုယ်တိုင်မှ ထိပ်တန်းကျန်းမာရေးအာဏာပိုင်တစ်ဦးက စက်တင်ဘာ ၁၆ ရက်တွင် သတိပေးခဲ့သော်လည်း ထရန့်က ကာကွယ်ဆေးရရှိရန် သီတင်းပတ် အနည်းငယ်သာ လိုတော့ကြောင်း အခိုင်အမာ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအနေအထားတွင် “သမ္မတရဲ့ ပထမဆုံးတာဝန်က အမေရိကန်ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ပဲ။ ဒါပေမဲ့ သူ အဲဒီလို လုပ်မှာမဟုတ်ဘူး။ ဒါက တကယ့်ကို အဆင့်မမီဘူး သတ်မှတ်ရမှာပါ” ဟု ဘိုင်ဒင်က ကပ်ရောဂါကို ကိုင်တွယ်ရာ၌ ထရန့်၏ အလေးအနက်ထားရန် ပျက်ကွက်မှုကို ရည်ညွှန်းလျက် သတင်းထောက်များအား ပြောကြားခဲ့သည်။ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ ပြောကြားချက်များကို လက်ခံရရှိပြီးနောက် ဘိုင်ဒင်က COVID-19 ကာကွယ်ဆေးသည် အမေရိကန်ပြည်သူတို့၏ ဘဝကို ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိစေရေးအတွက် အထောက်အကူဖြစ်စေလိမ့်မည်ဖြစ်ကြောင်း၊ သို့သော် လုပ်ငန်းစဉ်အား သိပ္ပံပညာနှင့် ဘေးကင်းလုံခြုံမှုအရသာ လမ်းညွှန်ရမည်ဖြစ်ပြီး နိုင်ငံရေးအရ မဖြစ်သင့်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

“ဒါကြောင့် ကျွန်တော့်အတွက်ကတော့ ရှင်းပါတယ်။ ကာကွယ်ဆေးကို ကျွန်တော်ယုံပါတယ်။ သိပ္ပံပညာရှင်တွေကို ကျွန်တော်ယုံပါတယ်။ ဒါပေမဲ့ ဒေါ်နယ်ထရန့်ကို ကျွန်တော်မယုံပါဘူး” ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။ “ခုအချိန်မှာ အမေရိကန်ပြည်သူတွေလည်း ယုံကြည်နိုင်မှာ မဟုတ်ပါဘူး” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ သူသည် ကာကွယ်ဆေး အမြန်ဖြန့်ချိရေးကို ထောက်ခံကြောင်း၊ သို့သော် ယင်းသည် ဘေးကင်း လုံခြုံ၍ ထိရောက်မှုရှိမှသာ၊ သိပ္ပံဆိုင်ရာလုပ်ငန်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိမှသာ၊ အညီအမျှ ဖြန့်ဝေနိုင်မှသာ ထောက်ခံမည်ဖြစ်ကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံတွင်လည်း COVID-19 ဒုတိယလှိုင်းကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာ ထိုးနှက်ချက်များကို ပြည်သူများ အပြင်းအထန် ခံစားနေရရာ ယင်းအချိန်တွင် အစိုးရ၏အဓိကတာဝန်မှာ ပြည်သူများကို ကာကွယ်စောင့်ရှောက်ပေးရန်ဖြစ်သည်ကို သတိပြုရန်လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

■ စက်တင်ဘာ ၁၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent