ကစားသမားအချို့မရောင်းချပဲ ဒီပိုင်းအားခေါ်ယူနိုင်မည်မဟုတ်ဟု ဘာစီလိုနာနည်းပြ ရော်နယ်လ်ကိုးမန်းအတည်ပြု

ကစားသမားအချို့မရောင်းချပဲ ဒီပိုင်းအားခေါ်ယူနိုင်မည်မဟုတ်ဟု ဘာစီလိုနာနည်းပြ ရော်နယ်လ်ကိုးမန်းအတည်ပြု
Photos: Getty Images
Photos: Getty Images
Published 16 September 2020

ဘာစီလိုနာနည်းပြ ရော်နယ်လ်ကိုးမန်းက မိမိတို့အသင်းအနေဖြင့် လိုင်ယွန်အသင်း၏ ဒတ်ချ်တိုက်စစ်မှူး ဒီပိုင်းအားခေါ်ယူရန်အတွက် အသင်း၏ကစားသမားအချို့အား ဦးစွာရောင်းချရမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဘာစီလိုနာအသင်းနည်းပြသစ်ဖြစ်လာသူ ရော်နယ်လ်ကိုးမန်းသည် အသင်း၏တိုက်စစ်ပိုင်းအား အင်အားဖြည့်တင်းမှုပြု လုပ်ရန်အတွက် နယ်သာလန်လက်ရွေးစင်အသင်းတွင် လက်တွဲခဲ့ဖူးသည့် လိုင်ယွန်အသင်းတိုက်စစ်မှူး ဒီပိုင်း (၂၆ နှစ်)အားအလိုရှိနေခြင်းဖြစ်သည်။

သို့သော် ဘာစီလိုနာအသင်း၏ လက်ရှိအခြေအနေနှင့် ငွေကြေးဆိုင်ရာအခက်အခဲများအရ ရော်နယ်လ်ကိုးမန်းအနေဖြင့် ဒီပိုင်းအားခေါ်ယူရန်အတွက်  အသင်းမှကစားသမားအချို့အားရောင်းချကာ ငွေရှာရမည်ဖြစ်ကြောင်းသိရသည်။

လိုင်ယွန်အသင်းသည် ဘာစီလိုနာအသင်းအလိုရှိနေသာ ၄င်းတို့၏ကစားသမားအတွက် အနည်းဆုံးယူရိုသန်း (၃၀)ခန့်အလိုရှိနေပြီး ကိုးမန်းအနေဖြင့် အသင်း၏ကစားသမားအနည်းဆုံး (၂)ဦးအား ရောင်းချရဖွယ်ရှိနေကြောင်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအစောပိုင်းကတည်းက ဒီပိုင်းအနေဖြင့် လိုင်ယွန်အသင်းမှထွက်ခွာဖွယ်ရှိသည်ဟု အရိပ်အမြွက်ဆိုခဲ့သလို၊ ကိုးမန်းအနေဖြင့်လည်း ၄င်းနှင့်လက်တွဲဖူးသည့် ကစားသမားတစ်ဦးအား ခေါ်ယူရန်ဆန္ဒပြင်းပြနေခြင်းဖြစ်သည်။ သို့သော် လိုင်ယွန်အသင်းကမူ လက်ရှိအချိန်အထိ ဒီပိုင်းအတွက် ကမ်းလှမ်းမှုတစ်စုံတစ်ရာမရှိသေးကြောင်းပြန်လည်တုံ့ပြန်ထားသည်။

ရော်နယ်လ်ကိုးမန်းက ''အသင်းအနေနဲ့ ကစားသမားသစ်ခေါ်ယူဖို့အတွက် အသင်းမှာရှိတဲ့ ကစားသမားအချို့ကိုမရောင်းချဘဲနဲ့ မဖြစ်နိုင်ပါဘူး။ ဒါဟာသေချာပါတယ်။ ဒီပိုင်းအတွက်လည်း ဒီလိုပါပဲ" ဟုပြောကြားခဲ့သည်။

ဒီပိုင်းသည် ပြီးခဲ့သည့်ရာသီက လိုင်ယွန်အသင်းနှင့်အတူ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်ခြေစွမ်းပြနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ (၂၂)ပွဲကစားရာတွင်၊ (၁၅)ဂိုးသွင်းယူပေးနိုင်ခဲ့သလို၊ ယခုရာသီပြင်သစ်လီဂူးပွဲစဉ် (၃)ပွဲကစားထားရာတွင်လည်း (၄)ဂိုးသွင်းယူပေးထားသည်။

Most Read

Most Recent