PSG-မာဆေးလ်ပွဲတွင် အနီနှင့်အဝါကတ်ပေါင်း (၁၇)ကြိမ်ပြသခဲ့ရမှုမှာ (၂၁)ရာစုအတွင်း လီဂူးပွဲစဉ်များတွင် ပထမဆုံးဖြစ်ခဲ့ပြီး နေမာ လူမျိုးရေးခွဲခြားခံခဲ့ရ

PSG-မာဆေးလ်ပွဲတွင် အနီနှင့်အဝါကတ်ပေါင်း (၁၇)ကြိမ်ပြသခဲ့ရမှုမှာ (၂၁)ရာစုအတွင်း လီဂူးပွဲစဉ်များတွင် ပထမဆုံးဖြစ်ခဲ့ပြီး နေမာ လူမျိုးရေးခွဲခြားခံခဲ့ရ
Published 14 September 2020

စက်တင်ဘာလ(၁၃)ရက်က ယှဉ်ပြိုင်ကစားခဲ့သော PSG(၀-၁)မာဆေးလ်ပွဲစဉ်တွင် အဝါကတ် (၁၂) ကြိမ် နှင့် အနီကတ်(၅)ကြိမ် စုစုပေါင်း (၁၇)ကြိမ်(နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရသောသူများ၏ ဒုတိယအဝါကတ်များ မပါဝင်)အထိ ပြသခဲ့ရပြီး ယင်းမှာ (၂၁)ရာစုအတွင်း လီဂူးပွဲစဉ်များတွင် အ ရေးယူမှုအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ 

အဆိုပါပွဲစဉ်တွင် PSGအသင်းမှ ပါရေဒက်စ်နှင့် မာဆေးလ်အသင်းမှ ဘင်နီဒက်တိုမှာ နှစ်ဝါတစ်နီ၊ ကျန်ကစားသမား(၃)ဦးဖြစ်သည့် PSGအသင်းမှ နေမာနှင့် ကာဇာဝါ၊ မာဆေးလ်အသင်းမှ အမာဗီမှာ တိုက်ရိုက်အနီကတ် ပြသခံခဲ့ရ ခြင်းဖြစ်သည်။ 

ယင်းကစားသမား(၅)ဦးကို ထုတ်ပယ်မှုအတွက် ကြာချိန်မှာ (၁၈၀)စက္ကန့်သာရှိခဲ့ကြောင်း သတင်းများက ဖော် ပြခဲ့သည်။ 

PSGတိုက်စစ်မှူး နေမာမှာ အနီကတ်ပြသခံခဲ့ရမှုကြောင့် ကွင်းဘေးသို့ထွက်ခွာလာစဉ် မာဆေးလ်နောက်ခံလူ အယ်လ်ဗာရိုဂွန်ဇာလက်ဇ်၏ လူမျိုးရေးခွဲခြားမှုခံခဲ့ရကြောင်း သိရသည်။

နေမာသည် လူမျိုးရေးခွဲခြားခံရမှုအား စတုတ္ထဒိုင်လူကြီးထံ တိုင်ကြားနေမှုအသံဖိုင်ကို ကွင်းဘေးရှိ Microphone မှတစ်ဆင့် ဖမ်းယူရရှိပြီး အနီးအနားရှိ ကင်မရာမှလည်း သူ၏တိုင်ကြားနေမှုကို မှတ်တမ်းတင်ထားခဲ့သည်။ 

''လူမျိုးရေး ခွဲခြားတာကို ကြည့်ရှုစစ်ဆေးပေးပါ။ ကျွန်တော့်ကို ဘာကြောင့် တိုက်ခိုက်တာလဲ''ဟု နေမာက ကွင်းဘေးတွင် ပြောကြားခဲ့သည်။ 

ထို့ပြင် နေမာက သူ၏ Twitter တွင် ''ဒီအရူးရဲ့မျက်နှာကို ကျွန်တော် မတိုက်ခိုက်ခဲ့တာက တစ်ခုတည်းသော နောင်တရခြင်းပါပဲ''ဟု ရေးသားခဲ့သည်။ 

PSG အသင်းနည်းပြ တူဟယ်လ်ကမူ ပွဲအပြီးတွင် နေမာမှ သူ့အနေဖြင့် လူမျိုးရေး ခွဲခြားခံရသည်ဟု ပြောကြားခဲ့သော်လည်း ကွင်းထဲတွင် မည်သည့်အကြောင်းအရာမှ မကြားသိခဲ့ရကြောင်း မှတ်ချက်ပြုခဲ့သည်။ 

မာဆေးလ်အသင်းနည်းပြ ဘိုအက်ရှ်က ''ဘောလုံးမှာ လူမျိုးရေးခွဲခြားမှုတွေအတွက် နေရာမရှိပါဘူး။ ဒါပေမဲ့ ဒီကိစ္စဟာ တကယ်ဖြစ်ခဲ့တယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော်တို့ ကြည့်ရှုစစ်ဆေးသွားမှာပါ''ဟု Telefoot သို့ ပြောကြားခဲ့သည်။ 

မာဆေးလ်အသင်းသည် ခါးသီးသည့်ပြိုင်ဘက် PSGအသင်းကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း နိုင်ပွဲပြန်လည်ရရှိခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent