ရခိုင်ပြည်နယ်၌ Stay at Home ကြေညာမှုအပြင် အင်တာနက် 2G သာ ရရှိခြင်းကြောင့် မဲဆွယ်စည်းရုံးရေးတွင် များစွာအခက်အခဲရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်းအချို့ ပြောကြား

ရခိုင်ပြည်နယ်၌ Stay at Home ကြေညာမှုအပြင် အင်တာနက် 2G သာ ရရှိခြင်းကြောင့် မဲဆွယ်စည်းရုံးရေးတွင် များစွာအခက်အခဲရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်းအချို့ ပြောကြား
Published 9 September 2020
ဉာဏ်လင်းထွန်း

ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးကို နေအိမ်တွင်နေထိုင်ရေး Stat at Home ကြေညာထားမှုအပြင် အင်တာနက် 2G သာ သုံးစွဲခွင့်ရရှိခြင်းကြောင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွင် များစွာအခက်အခဲဖြစ်နေကြောင်း ပါတီကိုယ်စားပြုနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအချို့က ပြောကြားသည်။

သြဂုတ် တတိယအပတ်မှစတင်၍ ပြည်တွင်းရောဂါကူးစက်သူ များစွာရှိခြင်းကြောင့် ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် Stay at Home သတ်မှတ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သြဂုတ် ၂၆ ရက်က ကြေညာခဲ့သည်။

“အခုက ရခိုင်မှာက မဲဆွယ်စည်းရုံးရေးတောင် မလုပ်ရတဲ့ သဘောပါပဲ။ ဘာလို့ဆို Lockdown ချထားတဲ့ နယ်မြေက လူတွေကို စုစည်းလို့မှမရတာ။ မဲဆွယ်ခွင့်မှ မရှိတာ။ Stay Home နေရမယ်ဆိုပြီး သတ်မှတ်ပြီးသားလေ။ အဲဒါကြောင့် ပန်းဖလက်လောက်ပဲ သွားရမယ့် သဘောရှိတယ်။ နောက် Facebook က စည်းရုံးတာလောက် အဲဒီလောက်ပဲ လုပ်နိုင်မယ်” ဟု မာန်အောင်နှင့် ကျောက်ဖြူ မြို့နယ်ပါဝင်သည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁) တွင် ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးကျော်လွင် က ပြောကြားသည်။

စက်တင်ဘာ ၇ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် မဲဆွယ်စည်းရုံးရာ၌ လိုက်နာရမည့် လုပ်ငန်းလမ်းညွှန်တွင် မဲဆွယ်ဟောပြောမှုများအတွက် တစ်ကြိမ်လျှင် လူ ၅၀ အထိ စုဝေးခွင့်ပြုကြောင်း ပါရှိသော်လည်း Stay at Home သတ်မှတ်သည့် တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် လှည့်လည် မဲဆွယ်ခြင်း၊ ပြင်ပနေရာ၊ အဆောက်အအုံများမှ မဲဆွယ်ခြင်းနှင့် အိမ်တိုင်ရာရောက် မဲဆွယ်ခြင်းတို့ ပြုလုပ်ခွင့်မရှိကြောင်း ဖော်ပြထားသည်။

အဆိုပါ လုပ်ငန်းလမ်းညွှန်တွင် လှည့်လည်မဲဆွယ်မှု၊ ပြင်ပနေရာနှင့် အဆောက်အအုံများတွင် မဲဆွယ်မှု၊ အင်တာနက်မှတစ်ဆင့် မဲဆွယ်မှုနှင့် အိမ်တိုင်ရာရောက် မဲဆွယ်မှုစသည့် ကဏ္ဍများကို အသုံးပြု၍ မဲဆွယ်ရာတွင် လိုက်နာရမည့် အချက်ပေါင်း ၃၆ ချက် ဖော်ပြပါရှိသည်။

ထို့ကြောင့် ရွေးကောက်ပွဲယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအနေဖြင့် ပြည်သူလူထုအား မဲဆွယ်စည်းရုံးရေးစာရွက်များ ဖြန့်ဝေခြင်း၊ ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်စိုက်ထူခြင်းစသည့် လုပ်ငန်းတို့ကိုသာ အဓိကထား ဆောင်ရွက်နေရကြောင်း သိရသည်။

“ကိုယ်တိုင်သွားပြီး စည်းရုံးရတာထက် ဒီလိုလုပ်ရတာ အခက်အခဲတော့ ပိုရှိတာပေါ့။ ကိုယ်တိုင်သွားတဲ့အခါကျတော့ ကိုယ်ကလည်း လွှတ်တော်ရဲ့အခြေအနေ တိုင်းပြည်ရဲ့အခြေအနေ ရှင်းပြခွင့်ရတော့ ပိုပြီးထိရောက်တာပေါ့” ဟု ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲ ဆက်လက်ယှဉ်ပြိုင်မည့် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်စောဝေက ပြောကြားသည်။

တစ်ဖက်တွင်လည်း ရသေ့တောင်အပါအဝင် မြို့နယ်ခုနစ်မြို့နယ်တွင် အင်တာနက် 2G သာ ရရှိသည့်အနေအထားကြောင့် ဆိုရှယ်မီဒီယာမှတစ်ဆင့် မဲဆွယ်စည်းရုံးရန် အခက်အခဲရှိနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ရွေးကောက်ပွဲလုပ်တယ်ဆိုရင် အကုန်လုံးက ကိုယ့်ရဲ့မဲဆန္ဒရှင်နဲ့ ထိတွေ့ချင်ကြတာပဲလေ။ အဲဒီတော့ အဲဒီအခွင့်အရေးကိုရဖို့တော့ လိုအပ်တယ်။ အဲဒါကြောင့် အစိုးရအနေနဲ့လည်း Stay at Home မို့လို့ မသွားရဘူးဆိုရင်လည်း ဒီအင်တာနက်လိုင်းကို ဖွင့်ပေးလိုက်ရင် ဘာဖြစ်သွားမှာလဲ။ မြန်မာတစ်နိုင်လုံး 4G သုံးလို့ရတယ်။ ရခိုင်ခုနစ်မြို့နယ်မှာ သုံးလို့မရဘူးဆိုတာ လုံးဝမဖြစ်သင့်ဘူး။ ဒါ တန်းတူအခွင့်အရေးလည်း မဟုတ်ဘူး” ဟု လက်ရှိရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများကြောင့် ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်နှင့်  ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ် ဇွန် ၂၀ ရက်တွင် အင်တာနက် 4G အသုံးပြုနိုင်မှုကို ရပ်ဆိုင်းခဲ့သည်။

ထိုသို့ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်အချို့ကို တစ်နှစ်ကျော် အင်တာနက်ဖြတ်တောက်ခဲ့ပြီးနောက် ယခု သြဂုတ်လဆန်းတွင် အင်တာနက်အသုံးပြုခွင့် ပြန်လည်ပေးခဲ့သော်လည်း 2G စနစ်ကိုသာ ရရှိကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၃၀၀ ကျော်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်စားလှယ်လောင်း ၆၉၀၀ ကျော်ရှိသည်။         

 

Most Read

Most Recent