ဒီမိုကရေစီအတွက် အခြေခံကျသည့် ရွေးကောက်ပွဲများ

ဒီမိုကရေစီအတွက် အခြေခံကျသည့် ရွေးကောက်ပွဲများ
Published 5 September 2020

ရွေးကောက်ပွဲဆိုသည်မှာ ရာထူးတစ်ခုခု၊ ဌာနတစ်ခုခုတွင် တာဝန်ထမ်းဆောင်မည့် ခေါင်းဆောင် သို့မဟုတ် ကိုယ်စားလှယ်တစ်ဦးဦးအား ရွေးချယ်သော ဖြစ်စဉ်တစ်ခုဖြစ်သည်။ နိုင်ငံရေးခေါင်းဆောင်များ၊ အုပ်ချုပ်သူများကိုရွေးချယ်ရန်အတွက် တစ်ကမ္ဘာလုံးတွင် ရွေးကောက်ပွဲသည်သာ တစ်ခုတည်းသော လက်ခံနိုင်ဖွယ်ရှိသည့် နည်းလမ်းဖြစ်လာသည်။ သို့သော် အာဏာရှင်အစိုးရများနှင့် စစ်တပ်က အုပ်ချုပ်သော နိုင်ငံများတွင် နိုင်ငံရေးဆိုင်ရာ ရာထူးနေရာများ ရွေးချယ်ရေးနှင့် နိုင်ငံရေးကို တရားဝင်အောင် ပြုလုပ်ရေးတို့အတွက် ရွေးကောက်ပွဲများကို ပုံဖျက်ကာ အသုံးချခြင်းများ ရှိသည်။ ရွေးကောက်ပွဲများမှာ ပုံစံအမျိုးမျိုး ရှိနိုင်သော်လည်း များသောအားဖြင့် ဒီမိုကရေစီစံချိန်စံညွှန်း သတ်မှတ်ရာ၌ အရေးပါသော ကဏ္ဍတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ အထူးသဖြင့် ရွေးကောက်ပွဲသည် ဒီမိုကရေစီဖြစ်စဉ်နှင့် ဆက်စပ်၍နေသည်။

ဒီမိုကရေစီ (Democracy) ဟူသော စကားရပ်သည် ဂရိဘာသာစကား demos (ပြည်သူ) ဟူသော စကားလုံးနှင့် kratos (အုပ်ချုပ်ရေး) ဟူသော စကားလုံးနှစ်ခုပေါင်းမှ ဆင်းသက်လာသည့် စကားရပ်ဖြစ်သည်။ ထိုကြောင့် ဒီမိုကရေစီဟူသည် “ပြည်သူ့အုပ်ချုပ်ရေး” ဟု အဓိပ္ပာယ်သက်ရောက်သည်။ ယင်းတွင် “ပြည်သူ” (The People) ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွင်းရှိ နိုင်ငံသားအားလုံးကို ဆိုလိုသည်။ နိုင်ငံသားများသည် လူ့အဖွဲ့အစည်းတစ်ရပ်၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအတွင်း၌ တန်းတူညီမျှသော အခွင့်အရေးများ၊ တာဝန်များ ရှိကြသည်။ ဒီမိုကရေစီစနစ်တွင် အများသူငါထက် အခွင့်အရေး ပိုရသည့် ဘုရင်များ၊ ဘာသာရေး ခေါင်းဆောင်များ အစရှိသည့် အခွင့်ထူးခံပုဂ္ဂိုလ်များဟူ၍ မရှိပေ။

“အုပ်ချုပ်ရေး”ဟူသည်မှာ အာဏာအသုံးပြုခွင့်ကို ဆိုလိုသည်။ အာဏာဟူသည် မိမိလုပ်စေချင်သော အရာကို အခြားသူများအား လုပ်ဆောင်ရန် ခိုင်းစေခွင့်ရှိခြင်းပင် ဖြစ်သည်။ ဆိုလိုသည်မှာ ဒီမိုကရေစီစနစ်တွင် မူလလုပ်ပိုင်ခွင့်အာဏာကို ပြည်သူက ပိုင်ဆိုင်ပြီး အာဏာသည် မူလပိုင်ရှင်ပြည်သူတို့ထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ပြည်သူလူထုသည် မိမိတို့နိုင်ငံ၏ အကောင်းအဆိုးဖြစ်စဉ်မှန်သမျှကို မိမိတို့ကိုယ်တိုင် ဆုံးဖြတ်ကြသည်။ ထို့ကြောင့် ဒီမိုကရေစီဟူသည် ပြည်သူ့အာဏာစိုးမိုးရေးစနစ်ဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်သူ့အာဏာကို အင်စတီကျူးရှင်းဟူသည့် ဘောင်တစ်ခုအတွင်း သွတ်သွင်းလျက် လည်ပတ်စေခြင်းဖြစ်သည်။

ပြည်သူလူထုက ၎င်းတို့လူ့အဖွဲ့အစည်းအတွင်း ကောင်းဆိုးဖြစ်စဉ်အားလုံးကို တိုက်ရိုက်ပါဝင်ဆုံးဖြတ်ကြပါက ယင်းကို တိုက်ရိုက်ဒီမိုကရေစီ (Direct Democracy) ဟု ခေါ်သည်။ သို့သော် ခေတ်ကာလ၏ ရှုပ်ထွေးလာမှုနှင့်  နယ်မြေကျယ်ပြန့်လာမှုတို့ကြောင့် လူတို့သည် တိုက်ရိုက် ဒီမိုကရေစီစနစ်ကို နေရာတိုင်း၌ ကျင့်သုံးရန် မဖြစ်နိုင်ကြောင်း တွေ့ရှိလာကြရာ ကိုယ်စားလှယ်များဖြင့် ဆုံးဖြတ်ကာ အုပ်ချုပ်သောစနစ်ကို စဉ်းစားလာကြသည်။ ယင်းကို ကိုယ်စားပြု ဒီမိုကရေစီဟု ခေါ်သည်။ ကိုယ်စားပြု ဒီမိုကရေစီအရ ပြည်သူလူထုကိုယ်စား အာဏာကိုင်စွဲကျင့်သုံးမည့် ကိုယ်စားလှယ်များ ထားရှိရတော့သည်။ ထိုအခါ ကိုယ်စားလှယ်များကို မည်သို့ရွေးချယ်ခန့်အပ်မည်နည်းဟူသည့် မေးခွန်းပေါ်လာသည်။  တစ်ကမ္ဘာလုံးအတိုင်းအတာအရ ရွေးကောက်ပွဲသည်သာ တစ်ခုတည်းသော လက်ခံနိုင်သည့် တရားဝင်နည်းလမ်းဖြစ်ကြောင်း သဘောတူလိုက်ကြသည်။ ထို့ကြောင့် ရွေးကောက်ပွဲများကို ခေတ်သစ်နိုင်ငံရေးဖြစ်စဉ်၏ အချက်အချာဟုပင် ယူဆလာကြသည်။

ဒီမိုကရေစီနှင့် ဆက်စပ်စဉ်းစားမည်ဆိုလျှင် ရွေးကောက်ပွဲများသည် တစ်နည်းအားဖြင့် ဒီမိုကရေစီကို လက်တွေ့ကျင့်သုံးသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်။ ပြည်သူလူထုအနေဖြင့် မိမိတို့၏အစိုးရကို ရွေးကောက်ပွဲများမှတစ်ဆင့် လွှမ်းမိုးထိန်းချုပ်နိုင်သကဲ့သို့ ရွေးကောက်ပွဲများမှတစ်ဆင့်လည်း ခန့်အပ်ခြင်း၊ ဖြုတ်ချခြင်းတို့ ပြုလုပ်နိုင်သည်။ ယင်းကဲ့သို့ ဒီမိုကရေစီနည်းကျ ပြည်သူတို့၏အခန်းကဏ္ဍကို နိုင်ငံရေးဖြစ်စဉ်၌ သင့်လျော်စွာ ထည့်သွင်းနိုင်ရန် ရွေးကောက်ပွဲများတစ်ဆင့် ဖော်ဆောင်ကြသည်။ ရွေးကောက်ပွဲသည် ကိုယ်စားပြုဒီမိုကရေစီ၏ အသက်သွေးကြောလည်းဖြစ်သည်။ ကိုယ်စားပြုဒီမိုကရေစီစနစ် ဆင့်ကဲဖွံ့ဖြိုးလာသည်နှင့်အမျှ ရွေးကောက်ပွဲများ၏ အခန်းဏ္ဍသည်လည်း ပို၍ပို၍ အရေးပါလာသည်။

ထို့ကြောင့်  ဒီမိုကရေစီကို အခြေခံကျကျ အကဲဖြတ်ရာတွင် ရွေးကောက်ပွဲများအား သတ်မှတ်ကာလအတိုင်း ပုံမှန်ပြုလုပ်ကျင်းပရေးနှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်ရေးတို့သည် အလွန်အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ ( စက်တင်ဘာ ၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent