ရွေးကောက်ပွဲအပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရလျှင် မဲအများစုရ ဗမာပါတီက သမ္မတနေရာယူပြီး ဒုသမ္မတနှင့် အမျိုးသားလွှတ်တော်ကို တိုင်းရင်းသားပါတီက ရယူသည့်နည်းဖြင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီဥက္ကဌပြောကြား

ရွေးကောက်ပွဲအပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရလျှင် မဲအများစုရ ဗမာပါတီက သမ္မတနေရာယူပြီး ဒုသမ္မတနှင့် အမျိုးသားလွှတ်တော်ကို တိုင်းရင်းသားပါတီက ရယူသည့်နည်းဖြင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီဥက္ကဌပြောကြား
Published 4 September 2020
ဉာဏ်လင်းထွန်း

၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် ပါတီတစ်ခုတည်းက အသာစီးမရဘဲ ညွန့်ပေါင်းအစိုးရဖွဲ့စည်းရလျှင် မဲအများစုရသည့် ဗမာပါတီက သမ္မတနေရာယူပြီး ဒုတိယသမ္မတနှင့် အမျိုးသားလွှတ်တော်ကို တိုင်းရင်းသားပါတီက ရယူသည့်နည်းဖြင့် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်း၍ ရကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီဥက္ကဌ ဦးငိုင်ဆာခ့်က ပြောကြားသည်။

ချင်းပါတီ (CNLD) အစိုးရဖွဲ့နိုင်မည်လားဆိုသည့် ခေါင်းစဉ်ဖြင့် ပါတီဥက္ကဌ၏ ရွေးကောက်ပွဲမဲရလဒ်များနှင့် ပက်သက်သည့် သုံးသပ်ချက်များကို CNLD ပါတီ၏ Facebook စာမျက်နှာတွင် ဖော်ပြထားခြင်းဖြစ်သည်။

တစ်ပါတီတည်းက အစိုးရဖွဲ့စည်းဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများကြောင့် လာမည့်ရွေးကောက်ပွဲတွင် ပြည်နယ်ခုနစ်ခုရှိ မဲဆန္ဒနယ်များတွင် တိုင်းရင်းသားပါတီများ နေရာအများစု အနိုင်ရရှိနိုင်သည့် အခြေအနေရှိကြောင်း၊ နေရာအများစုအနိုင်မရရှိလျှင်လည်း ညွန့်ပေါင်းအစိုးရဖွဲ့စည်းမှုတွင် ပါဝင်နိုင်မည့် အနေအထားရှိကြောင်း CNLD ဥက္ကဌက သုံးသပ်ပြောကြားသည်။

“တကယ်လို့ တိုင်းရင်းသားပါတီစုပေါင်းပါတီက မဲကနည်းနည်းနည်းပြီးတော့ ဗမာပြည်မပါတီက မဲအများစုပိုရတယ်ဆိုရင် အဲဒီမဲအများစုရတဲ့ ဗမာပြည်မပါတီက တစ်ခုခုနဲ့ ကျွန်တော်တို့ တိုင်းရင်းသားပါတီ ပူးပေါင်းလိုက်ရင် ကျွန်တော်တို့  ညွန့်ပေါင်းအစိုးရ ထပ်ဖြစ်မှာဖြစ်ပါတယ်။ အဲအချိန်ကျတော့ မဲပိုရတယ်။ အသာစီးပိုရတဲ့ ဗမာပါတီက သမ္မတယူ တိုင်းရင်းသားပါတီတွေက ဒုသမ္မတ ကိုယ့်ဘာကို ရွေးမယ်။ လွှတ်တော်ကို အမျိုးသားလွှတ်တော်ကို တိုင်းရင်းသားပါတီက ယူမယ်။ ပြည်သူ့လွှတ်တော် ဥက္ကဌကို ပြည်မပါတီ မဟာမိတ်ဖွဲ့တဲ့ ပါတီကနေ ယူမယ်။ ပြည်နယ်ဝန်ကြီးချုပ်တွေကတော့ ကျွန်တော်တို့ ဒီတိုင်းရင်းသားပါတီ အသီးသီးက ယူမယ်။ ဒီလိုနည်းနဲ့ ညွှန့်ပေါင်းအစိုးရ ဖွဲ့လို့ရပါတယ်” ဟု CNLD ပါတီဥက္ကဌ ဦးငိုင်ဆာခ့်က ပြောကြားသည်။

လက်ရှိအစိုးရသက်တမ်းငါးနှစ် အတွေ့အကြုံများအရ တိုင်းရင်းသားအရေးကို တိုင်းရင်းသားပါတီများကသာ ဆောင်ရွက်နိုင်မည့် သင်ခန်းစာရရှိပြီးဖြစ်၍  လာမည့်ရွေးကောက်ပွဲတွင် ပြည်နယ်မဲဆန္ဒနယ် အများအပြားကို တိုင်းရင်းသားပါတီများအနိုင်ရရှိမည်ဟု ၎င်းက ဆိုသည်။

ပြည်နယ်ခုနစ်ခုရှိမဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်အရေအတွက် ၂၀၇ ဦးရှိရာ အပြည့်အဝမဟုတ်သည့်တိုင် ကိုယ်စားလှယ်အရေအတွက် ၁၆၀ မှ ၂၀၀ ကြားကို တိုင်းရင်းသားပါတီများ အနိုင်ရရှိနိုင်မည်ဟု ဦးငိုင်ဆာခ့်က ပြောကြားသည်။

ထို့အပြင် တိုင်းဒေသကြီးမဲဆန္ဒနယ်များတွင် ယခင်ကဲ့သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့်သာ           အဓိကယှဉ်ပြိုင်ရမည်မဟုတ်ဘဲ ပါတီအသစ်များ အသီးသီးပေါ်ပေါက်လာခြင်းက NLD ပါတီအနေဖြင့် ယခင်ရွေးကောက်ပွဲကဲ့သို့ အပြတ်အသတ်အနိုင်ရရန် ခဲယဉ်းမည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

“တိုင်းခုနစ်တိုင်းမှာ နေရာ ၂၉၁ နေရာမှာ NLD ရှိတယ်။ USDP ရှိတယ်။ သူရရွှေမန်းရဲ့ပါတီ UBP ရှိတယ်။ ဒေါ်သက်သက်ခိုင်ပါတီ ပီသုံးလုံးပါတီရှိတယ်။ ဦးကိုကိုကြီးပါတီရှိတယ်။ အများကြီးပဲ။ ဒီပါတီအများကြီး ပြိုင်မှာဖြစ်တဲ့အတွက်ကြောင့် ၂၉၁ နေရာမှာ NLD က အပြတ်အသတ် ၂၀၀ ကျော် နိုင်ဖို့ဆိုတာ တော်တော်ခဲယဉ်းမှာ ဖြစ်ပါတယ်” ဟု CNLD ပါတီဥက္ကဌ ဦးငိုင်ဆာ့ခ်က ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုအဆင့်လွှတ်တော်တွင်  တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်းကိုယ်စားလှယ် အရေအတွက် ၆၆၄ နေရာရှိပြီး အစိုးရဖွဲ့စည်းနိုင်ရန် ကိုယ်စားလှယ်အရေအတွက် ၃၃၃ ဝန်းကျင် လိုအပ်ရာ ပြည်မမဲဆန္ဒနယ်များတွင် ပါတီတစ်ခုတည်းက အပြတ်အသတ် အနိုင်မရနိုင်သည့်အတွက် ပြည်ထောင်စုအစိုးရဖွဲ့စည်းရာတွင် တိုင်းရင်းသားပါတီကို လိုအပ်လာမည်ဟု ၎င်းက ဆိုသည်။

“ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ပေါင်းပြီးတော့ သမ္မတရွေးတဲ့အခါမှာ အစိုးရဖွဲ့တဲ့အခါမှာ အမတ်ပေါင်း ၃၃၃ ဦး လိုပါတယ်။ ဒါဆိုရင် ခုနပြည်နယ် အသီးသီးမှာ တိုင်းရင်းသားပါတီတွေက အနိုင်ရတယ်။ NLD ဖြစ်စေ၊ တစ်ခြားဗမာပါတီတစ်ခုခုကဖြစ်စေ ပြည်မမှာ ၂၉၁ နေရာမှာ အပြတ်အသတ် အနိုင်မရနိုင်တော့တဲ့အတွက်ကြောင့် ၃၃၃ ဦး အစိုးရဖွဲ့နိုင်တဲ့ အမတ်နေရာမရတော့ပါဘူး။ ဒါကြောင့် အစိုးရဖွဲ့နိုင်တဲ့ အမတ် ၃၃၃ ဦးရဖို့ဆိုရင် တိုင်းရင်းသားပါတီရဲ့ အခန်းကဏ္ဍ လိုကိုလိုတယ်။ တိုင်းရင်းသားပါတီက အစိုးရဖွဲ့နိုင်မှာဖြစ်တယ်” ဟု ဦးငိုင်ဆာ့ခ့်က ပြောကြားသည်။

ထို့အပြင် ချင်းပြည်နယ်ရှိမဲဆန္ဒနယ် ၁၈ နေရာလုံးကို CNLD ပါတီနှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) တို့ အနိုင်ရခဲ့လျှင်လည်း ပြည်မပါတီအနေဖြင့် ပြည်ထောင်စုအစိုးရဖွဲ့စည်းနိုင်သည့် အရေအတွက် ရရှိသော်ငြား ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ရန် အနိုင်ရလွှတ်တော်ကိုယ်စားလှယ် မရှိ၍ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပါတီကိုသာ ဝန်ကြီးချုပ်ခန့်အပ်ခွင့် ပြုရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၀၈ အခြေခံဥပဒေအရတိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များကို ပြည်ထောင်စုအစိုးရဖွဲ့စည်းခွင့်ရသည့် ပါတီက တိုက်ရိုက်ခန့်အပ်ခွင့်ရှိသော်လည်း ခန့်အပ်ရာတွင် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်လောင်းများထဲကသာ ရွေးချယ်ခန့်အပ်ခွင့်ရှိခြင်း ဖြစ်သည်။

“ဒါကြောင့် ချင်းပြည်နယ်မှာသော်လည်းကောင်း ပြည်ထောင်စုအဆင့်မှာသော်လည်းကောင်း ချင်းပါတီဟာတစ်ခြားသော တိုင်းရင်းသားပါတီများနဲ့ ပူးပေါင်းပြီးတော့ အစိုးရဖွဲ့နိုင်ပါတယ် ဆိုတာကို ဒီနေရာမှာ ဖော်ပြချင်ပါတယ်” ဟု CNLD ပါတီဥက္ကဌက ပြောကြားသည်။

CNLD ပါတီသည် ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ချငး်အမျိုးသားဒီမိုကရက်တစ်ပါတီနှင့် ချင်းတိုးတက်ရေးပါတီတို့ ပူးပေါင်းတည်ထောင်ထားသည့် ပါတီဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လတွင်း တရားဝင်မှတ်ပုံတင် ရရှိခဲ့သည်။

ချင်းပါတီများမပူးပေါင်းမီတစ်ပါတီချင်းစီ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ယှဉ်ပြိုင်ခဲ့စဉ်က အနိုင်ရမဲဆန္ဒနယ် မရှိခဲ့သော်လည်း ပါတီများပူးပေါင်းပြီး CNLD ပါတီအနေဖြင့် ယှဉ်ပြိုင်သည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် မတူပီမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၂) အနိုင်ရခဲ့သည်။

ချင်းပြည်နယ်တွင်း မြို့နယ်ကိုးမြို့နယ်ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၁၂ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလေးဦး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ကနှစ်ဦးတို့ အနိုင်ရခဲ့ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးနှင့်ပေါင်းလျှင် ချင်းပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၂၄ ဦးရှိသည်။

Most Read

Most Recent