ခေါင်းဆောင်မှုပုံစံအမျိုးမျိုး

ခေါင်းဆောင်မှုပုံစံအမျိုးမျိုး
Published 29 August 2020

စစ်မှန်သည့်ခေါင်းဆောင်များသည် တရားမျှတစွာပြုမူပြီး ယင်းကဲ့သို့ပြုမူခြင်းဖြင့် ယုံကြည်မှုကို တည်ဆောက်ယူတတ်ကြသည်။ စစ်မှန်သည့်ခေါင်းဆောင်များသည် ၎င်းတို့၏ လူများကို တန်ဖိုးထားတတ်ကြပြီး ယင်းကဲ့သို့ပြုလုပ်ခြင်းဖြင့် ၎င်းတို့အပေါ် သစ္စာရှိမှုကို ဖန်တီးယူတတ်ကြသည်။ စစ်မှန်သည့်ခေါင်းဆောင်များသည် အလုပ်၌ သူ၏လူများအား ၎င်းတို့၏ လုပ်နိုင်စွမ်းအပြည့်အဝကို သိမြင်လာစေရန် ကူညီပေးပြီး ယင်းကဲ့သို့ပြုလုပ်ခြင်းဖြင့် အကောင်းဆုံးလုပ်ရန် လှုံဆော်မှု ရရှိစေသည်။ ခေါင်းဆောင်မှုပုံစံများအား အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် ရှင်းလင်းဖော်ပြခြင်းတို့သည်လည်း အရိုးရှင်းပုံစံမှ အလွန်ရှုပ်ထွေးသော ပုံစံအထိ အမျိုးမျိုးရှိသည်။ ခေါင်းဆောင်မှုပုံစံများကို အခွင့်အာဏာကို အသုံးပြုပုံ၊ ခေါင်းဆောင်က အခြားသူများနှင့် ဆက်နွှယ်နေပုံ၊ မိမိလက်အောက်၌ ရှိသူများ၏ စိတ်သဘောထားနှင့် အင်အားများကို အသုံးပြုပုံနှင့် ခေါင်းဆောင်တစ်ဦး၏ ဆက်ဆံပုံ အစရှိသည်တို့အားဖြင့် ခွဲခြားသတ်မှတ်နိုင်သည်။

အာဏာရှင်ပုံစံ - ခေါင်းဆောင် သို့မဟုတ် မန်နေဂျာသည် အာဏာရှင်တစ်ဦး ကဲ့သို့သော ပုံစံကို အသုံးပြုသည်။ ဘာကို၊ ဘယ်နေရာ၊ ဘယ်အချိန်၊ ဘာကြောင့်၊ ဘယ်လိုလုပ်မည် မှန်သမျှကို လည်းကောင်း၊ မည်သူတို့အား လုပ်စေမည်ဆိုသည်ကိုလည်းကောင်း အစရှိသည့် ဆုံးဖြတ်ချက်အားလုံးကို သူတစ်ဦးတည်းသဘောဖြင့် ချမှတ်သည်။ သူ၏လမ်းကြောင်းအတိုင်း မလိုက်သည့် နောက်လိုက်များ သို့မဟုတ် ဝန်ထမ်းများကို ပြင်းထန်စွာ အပြစ်ပေးခြင်း သို့မဟုတ် စောစီးစွာ အငြိမ်းစားယူစေခြင်းတို့ ပြုလုပ်သည်။

အာဏာပြပုံစံ - အာဏာရှင်ပုံစံ၏ သဘောသဘာဝသည် တည်ငြိမ်မှု မရှိသောကြောင့် ခေါင်းဆောင်များနှင့် မန်နေဂျာများသည် အာဏာပြသည့်ပုံစံကို ရွေးချယ်လာကြသည်။ အာဏာပြသည့်ပုံစံ၌ ခေါင်းဆောင်သည် အခြားသူများကို ဆုံးဖြတ်ချက်များ ချမှတ်ရန် ခွင့်ပြုခဲလှသည်။ မိမိသည်သာ အရည်အချင်းအရှိဆုံးနှင့် အတွေ့အကြုံအရှိဆုံးဟု ခံယူကြသူများ ဖြစ်သည်။ မိမိ၏ အမြင်များသည်သာ အခိုင်မာဆုံးဟု ယူဆလျက် အခြားသူများ၏ အရည်အချင်းများနှင့် မိမိနှင့် ကွဲပြားခြားနားသော ထင်မြင်ချက်များကို ယုံကြည်မှု နည်းပါးသည်။ ၎င်းတို့ကိုလည်း အသိအမှတ်ပြုလေ့မရှိဘဲ အလွယ်တကူ ထိုးနှက်ဝေဖန်လေ့ရှိသည်။ မိမိ၏ အကျိုးအတွက် ရှေးရှုလျက်သာ အခြားသူများကို အသုံးချလေ့ရှိသည်။ ယင်းခေါင်းဆောင်မှုပုံစံ၏ အကြီးမားဆုံး အားနည်းချက်မှာ အခြားသူများ၏ ကျွမ်းကျင်မှုနှင့် အရည်အချင်းများကို အသိအမှတ်ပြုရန် ပျက်ကွက်ခြင်း ဖြစ်သည်။

အကြံပြုပုံစံ - ယင်းခေါင်းဆောင်မှုပုံစံသည် အခြားသူများ၏ ကျွမ်းကျင်မှုများ၊ အတွေ့အကြုံများနှင့် စိတ်ကူးများအပေါ် အဓိက အားပြုသည်။ သို့သော် ခေါင်းဆောင် သို့မဟုတ် မန်နေဂျာသည် နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်သည့်အာဏာကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ ယင်းပုံစံကို ကျင့်သုံးသည့် ခေါင်းဆောင်များသည် ပြဿနာဖြေရှင်းခြင်းနှင့် အဖွဲ့တည်ဆောက်ခြင်းတို့၌ အခြားသူများကို ပါဝင်ခွင့်ပေးကြသည်။ နောက်ဆုံးဆုံးဖြတ်ချက် မချမှတ်မီ မတူကွဲပြားသည့် အခြားနည်းလမ်းများ အားလုံးကို ချိန်ဆလေ့ရှိသော်လည်း ဗီတိုအာဏာကို ကိုင်စွဲထားဆဲ ဖြစ်သည်။

ပူးပေါင်းပါဝင်သည့်ပုံစံ - ခေါင်းဆောင်အများအပြား မသက်မသာဖြစ်ရသည့် ခေါင်းဆောင်မှုပုံစံမှာ ပူးပေါင်းပါဝင်သည့် ပုံစံဖြစ်သည်။ အားလုံးမဟုတ်သော်လည်း လုပ်ပိုင်ခွင့်အာဏာအများစုကို မိမိ၏အဖွဲ့ကို အပ်နှင်းထားသည့်ပုံစံ ဖြစ်သည်။ မန်နေဂျာသည် အဖွဲ့ခေါင်းဆောင်အဖြစ်သာ ရှိသည်။ ယင်းခေါင်းဆောင်မှုပုံစံတွင် အဖွဲ့ဝင်များ၏ စိတ်ကူးများသည် ခေါင်းဆောင်၏ စိတ်ကူးများနှင့် အညီအမျှ အရေးပါသည်။ လူတိုင်း၏ ထည့်ဝင်မှုများကို စဉ်းစားပြီး ခေါင်းဆောင်သည် အားလုံး ပါဝင်လာအောင် အသင်းကို လှုံ့ဆော်သူသာ ဖြစ်သည်။ ဘောလုံးအသင်းကဲ့သို့ ဆိုရလျှင် ခေါင်းဆောင်သည် နည်းပြ ကစားသမား ဖြစ်သည်။ အဖွဲ့၏ စိတ်ကူးများကို မိမိကိုယ်ပိုင် စိတ်ကူးများထက် အကြိမ်ပေါင်းများစွာ ပိုမိုလက်ခံမှု ပြုလုပ်ရတတ်သည်။ မိမိအဖွဲ့အနေဖြင့် တီထွင်ဖန်တီးမှုရှိအောင် ဆန်းသစ်မွမ်းမံမှု ရှိအောင် လှုံ့ဆော်ပေးမှုအပေါ်၌သာ အဓိက အားပြုသည်။

မည်သို့ပင်ဆိုစေကာမူ၊ အဘက်ဘက်က ချွတ်ခြုံကျလျက်ရှိသော နိုင်ငံတစ်နိုင်ငံအား ပြန်လည်ထူထောင်ရာတွင် ခေါင်းဆောင်မှုပုံစံ ထပ်မံမှားယွင်းပါက ယင်းနိုင်ငံအနေဖြင့် ပြန်လည်နာလန်ထူနိုင်ရန် အခွင့်အရေး ရှိတော့မည်မဟုတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ (သြဂုတ် ၃၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent